သမ္မတဦးဝင်းမြင့်ရဲ့ခရီးစဉ်နဲ့ မွန်ပြည်နယ်ကတိုင်ကြားစာများ
2018.12.14
မွန်ပြည်နယ် မော်လမြိုင်မြို့ကိုသွားရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ခရီးစဉ်အတွင်း တိုင်ကြားစာ ၇၅ စောင် ပေးအပ်ခဲ့ရာမှာ မြေယာပြဿနာတွေ၊ မြေစာရင်းနဲ့တရားရေးကိစ္စတွေမှာ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို အဓိကထား တိုင်ကြားခဲ့ကြပါတယ်။
RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~
သမ္မတ မွန်ပြည်နယ် ခရီးစဉ်မှာ တိုင်ကြားစာ ၇၅ စောင်ပေးအပ်
(ကျော်လွင်ဦး)
■ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာ ဒီနေ့မှ မော်လမြိုင်မြို့ကို လာရောက်ခဲ့ပြီး ပြည်နယ်ခန်းမမှာ ဌာနဆိုင်ရာတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေဆုံခဲ့ပါတယ်။
ဒီနိုင်ငံတော် သမ္မတ လာမယ့်လမ်းမှာ မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ပေါင်၊ သထုံ၊ ကျိုက်မရော၊ ရေး၊ မုဒုံ၊ သံဖြူဇရပ် စတဲ့မြို့နယ်တွေက ပြည်သူတွေက တိုင်ကြားစာ ၇၅ စောင် ပေးအပ်ခဲ့ပါတယ်။
သူတိုပိုင်တဲ့မြေကို တပ်မတော်ကသိမ်းယူပြီး အခုချိန်ထိ အကောင်ထည်မဖော်တာကြောင့် ပြန်လည်ရလိုတာကြောင့် နိုင်ငံတော် သမ္မတကြီးကို လာရောက်တိုင်ကြားတာလို့ မော်လမြိုင်မြို့ ငန်းတေးရပ်မှာရှိတဲ့ ဦးစန်းဦးက ပြောပါတယ်။
"စစ်တပ်ကသိမ်းပြီးတော့ လွှတ်တော်အိမ်ယာ ဆောက်တယ်လေ အဲဒီမြေကြီးက ကျန်နေတယ် ကျန်တော့ ကျနော်က ပြန်တောင်းတာ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကနေ တောက်လျောက် ရပ်ကွက်မြို့နယ် ခရိုင်တို့ ပြည်နယ်တို့ အကုန်လုံးကိုတိုင်တယ်၊ ဘယ်သူမှလည်း အရေးမယူဘူး၊ အကြောင်းလည်းမပြန်ဘူး၊ သမ္မတက ဖြေရှင်းပေးမယ်လို့ ယုံကြည်လို့တိုင်တာ"
ဒီတိုင်ကြားစာအများစုဟာ ရပ်ကွက်ကျေးရွာ၊ မြို့နယ်ခရိုင်၊ ပြည်နယ် စတဲ့ အဆင့်ဆင့်ကို တိုင်ကြားပေမယ့် မဖြေရှင်းပေးတာတွေကြောင့် နိုင်ငံတော် သမ္မတက ဖြေရှင်းပေးလိမ့်လို့ မျှော်လင့်တာကြောင့် တိုင်ကြားကြတာလို့ ပြောကြပါတယ်။
လက်ရှိအစိုးရ သိမ်းဆည်းခံမြေတွေကို ပြန်ပေးဖို့ မူဝါရှိသလို့ ဆောင်ရွက်နေတဲ့ အစိုးရဖြစ်ပေမယ့် တချို့ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေဟာ သိမ်းဆည်းခံတွေမြေယာကိစ္စတွေမှာ ပြက်ပြက်သားသား ဆောင်ရွက်တာတွေမရှိဘူးလို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီနေ့ ဌာနဆိုင်ရာတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
တချို့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေဟာ သိမ်းဆည်းခံမြေတွေ ပြန်ပေးရမှာကိုမပေးဘဲ ဆက်သိမ်းဆည်းထားတွေ တွေ့ရကြောင်းနဲ့ ဒါမျိုးတွေမလုပ်ဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားခဲ့ပါတယ်။
"ဥပဒေမဲ့ သိမ်းဆည်းခံရတဲ့မြေတွေကို ပြန်ပေးဖို့ နိုင်ငံတော်က ပြန်ပေးဖို့ မူဝါဒချနေတယ်၊ ပြန်ပေးတဲ့အဖွဲ့ ပြန်ပေးမယ့်အစိုးရ အဲဒါကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေက ဟိုဟာဒီဟာလုပ်ချင်တော့ ပြန်မပေးဘူး၊ တချို့ဝန်ကြီးဌာနတွေ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေလည်းပါတယ်၊ ကိုယ့်ပစ္စည်းကျနေတာပဲ ကိုယ်ဒီအလုပ်ကထွက်သွားရင် ရမှာကျနေတာပဲ၊ ကိုယ်ရတဲ့အမွေကျနေတာပဲ ဘာလုပ်မှာလဲ အဲဒီဝန်ကြီးဌာနပဲဖြစ်ဖြစ် အဲဒီပြည်နယ်နဲ့ တိုင်းအစိုးရပဲဖြစ်ဖြစ် ပြန်သိမ်းတဲ့အဖွဲ့ဖြစ်နေပြီ၊ လုံးဝလက်မခံဘူး ရှင်းရှင်းပြောမယ် ပြန်စစ်ဆေးပါ"
ဒီတိုင်ကြားစာတွေထဲမှာ တပ်မတော်ကသိမ်းဆည်းတဲ့ မြေယာပြဿနာတွေ၊ တရားရုံးတွေမှာ ဆုံးဖြတ်ချက်တွေ မကျေနပ်တာတွေ၊ မြေစာရင်းဌာနတွေက မြေယာပိုင်ဆိုင်မှုထုတ်ပေးတာတွေကို မကျေနပ်တာစတဲ့ကိစ္စတွေ အများစုတိုင်ကြားကြတယ်လို့ သိရပါတယ်။
ပေါင်မြို့နယ် ဥတ္တံတားကျေးရွာသားတွေဟာ သူတို့ကျေးရွာအနီးရှိ ကုလားမတောင်မှာ ကျောက်မိုင်းထုတ်နေတာကြောင့် စမ်းချောင်းတွေပျက်စီးပြီး သောက်သုံးရေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးနေတာကြောင့် ပြည်နယ်အစိုးရထံ အကြိမ်ကြိမ်တိုင်ကြားတာ၊ ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ပေမယ့် ဖြေရှင်းပေးတာ မရှိပါဘူး။
ဒီလိုပြဿနာတွေကို ဖြေရှင်းမပေးတဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ကို အရေးယူပေးဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ တိုင်ကြားစားပေးခဲ့တယ်လို့ ဥတ္တံတာရွာသား ဦးမြင့်အောင်က ပြောပါတယ်။
"ပြည်သူကြားမှာ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကျနော်တို့ အကြိမ်ကြိမ် သူတို့တွေကို သွားပြောတယ်၊ ဒေါက်တာအေးဇံကို သွားပြောတယ်၊ လွှတ်တော်ဥက္ကဋ္ဌကို သွားပြောတယ်၊ အဲဒီလို သွားပြောတာတွေကို လုံးဝအတည်မပြုခဲ့ဘူး၊ လုံးဝစစ်ဆေးပေးခဲ့ခြင်းလည်း မရှိခဲ့ဘူး၊ အဲဒါကြောင့် သမ္မတကို တိုင်ခြင်းဖြစ်တယ်၊ အခုတိုင်တာက ကျနော်စာထဲမှာ ပွင့်ပွင့်လင်းလင်းပြောရရင် မိုင်းကို ကျနော်တို့ မတိုင်တော့လူဘူး၊ မွန်ပြည်နယ် အစိုးရက အလုပ်မလုပ်တာကို တိုင်ခြင်းဖြစ်တယ်"
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာ မနက်ဖြန်မှာ ကရင်ပြည်နယ်ကို သွားရောက်ကာ ဘားအံမြို့မှာ ဌာနဆိုင်ရာတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေဆုံဖို့ရှိတယ်လို့ သိရပါတယ်ခင်ဗျာ။