စစ်ရှိန်မြှင့်ဖို့ မွန်တော်လှန်ရေးအင်အားစုတွေ ပူးပေါင်း

RFA Burmese
2024.04.16
စစ်ရှိန်မြှင့်ဖို့ မွန်တော်လှန်ရေးအင်အားစုတွေ ပူးပေါင်း မွန်ပြည်တော်လှန်ရေးတပ် MSRF မှ တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
MSRF

နိုင်ငံတဝန်း စစ်ရှိန်မြင့်မားနေချိန်မှာ မွန်ပြည်နယ်မှာလည်း အခုနှစ်ထဲ စစ်ရေးအရှိန်မြှင့်မယ်လို့ မွန်တော်လှန်ရေးတပ်တွေက ပြောလိုက်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ တပ်တစ်ခုဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တဲ့အကြောင်းကို ဧပြီ ၇ ရက်နေ့က တရားဝင်ထုတ်ပြန်ပြီးတဲ့နောက်မှာ အခုလို ပြောလိုက်တာပါ။

“အဲဒီအဖွဲ့တွေ ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်မယ်ဆိုတာက စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်မယ့် မွန်အများစု တိုးပွားလာတဲ့ သဘောပါ"

အခုပူးပေါင်းမှုဟာ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေအထိ ရည်ရွယ်ထားတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက RFA ကို ပြောပါတယ်။

“အခြားတိုင်းနဲ့ပြည်နယ်မှာ ယနေ့ဖြစ်ပေါ်တိုးတက်နေတဲ့ စစ်ရေးအခြေအနေကို အခွင့်ကောင်းယူပြီးတော့ ကျွန်တော်တို့ ဒေသမှာ စစ်အရှိန်မြှင့်ဖို့ ရည်ရွယ်ချက်နဲ့လည်း ပူးပေါင်းခြင်းဖြစ်တယ်။ အခြေအနေပေးရင် ပေးသလောက် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ အရှိန်မြှင့်သွားဖို့ ရည်ရွယ်ချက်နဲ့လည်း မွန်လက်နက်ကိုင် တပ်ဖွဲ့တွေ ပူးပေါင်းတာလည်းပါတာပေါ့”

ဒီအဖွဲ့တွေဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတာဖြစ်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချနိုင်တဲ့အထိ မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်သွားဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

MSDF နဲ့ MSRF တပ်နှစ်ခုအကြား စစ်သင်တန်းနဲ့ စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်သွားဖို့နဲ့ တိုက်ပွဲတွေမှာ မဟာမိတ်အနေနဲ့ အတူတိုက်ပွဲဝင်သွားဖို့ သဘောတူထားတယ်လို့ ကြေညာထားပါတယ်။

မွန်ပြည်နယ်မှာ နောက်ထပ်လူသိများတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့နဲ့လည်း ပူးပေါင်းရေး ဆွေးနွေးနေတယ်လို့ ဒေါက်တာ သီရိမွန်ချမ်း က ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းကလည်း သူတို့အနေနဲ့ စစ်ရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်နိုင်အောင် တခြားအဖွဲ့တွေနဲ့ပါ ချိတ်ဆက်နေတယ်လို့ ပြောပါတယ်။

“ဒုတိယအကြိမ် မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ညီလာခံကနေပြီး ပြည်နယ်အတွင်းမှာရှိတဲ့ ဘယ်အဖွဲ့အစည်းမဆို တော်လှန်ရေးအဖွဲ့အစည်းတွေပေါ့။ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဖို့ ဆုံးဖြတ်ကြတယ်။ ဒါကြောင့်လည်း ဒီအဖွဲ့အစည်းများနဲ့ ဆက်သွယ်ပြီးတော့ ပထမဆုံး MSDF နဲ့ နားလည်မှုရခဲ့တာဖြစ်ပါတယ်။ တခြားအဖွဲ့တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ဆဲဖြစ်ပါတယ်”

မွန်ပြည်ဖက်ဒရယ်ကောင်စီမှာ နိုင်ငံရေးသမားတွေအပြင် လူငယ်တွေ၊ အမျိုးသမီးတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ CDM ဝန်ထမ်းတွေ ပါဝင်ပါတယ်။

အခု ပူးပေါင်းလိုက်တဲ့အဖွဲ့တွေဟာ အမျိုသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေရှိပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒု-ဝန်ကြီး နိုင်ကောင်းရွက်၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏနဲ့ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဒု-ဝန်ကြီး မင်းဇေယျာဦးတို့ဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ရှိနေကြတာပါ။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ (Mon State Defense Force - MSDF)
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ (Mon State Defense Force - MSDF)

အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။

“မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေ၊ တော်လှန်ရေး အုပ်စုတွေ ပူးပေါင်းပြီးတော့ အတူတကွ လက်တွဲတိုက်ပွဲဝင်ကြတာ အင်မတန်ကောင်းတဲ့ လက္ခဏာလို့ သုံးသပ်ပါတယ်။ NUG အစိုးရကလည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အုပ်စုတွေနဲ့ ထိတွေ့ဆက်ဆံပြီးတော့ အတူတကွ ပူးတွဲဆောင်ရွက်ဖို့လည်း အမြဲတမ်းဆန္ဒရှိတယ်။ လက်လည်းလက်ခံထားတယ်။ နောက် မွန်တော်လှန်ရေး အင်အားစုတွေနဲ့ ပူးတွဲဆောင်ရွက်သွားမယ်ဆိုတာလည်း ပြောကြားချင်ပါတယ်”

မွန်တော်လှန်ရေး အင်အားစုတွေပူးပေါင်းလာတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခုလို မှတ်ချက်ပြုပါတယ်။

“အဲဒီအဖွဲ့တွေ ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်မယ်ဆိုတာက စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်မယ့် မွန်အများစု တိုးပွားလာတဲ့ သဘောပါ။ နွေဦးတော်လှန်ရေးအတွက်တော့ အားရှိစရာကောင်းတဲ့ အခြေအနေတစ်ရပ်လို့ ပြောလို့ရတယ်”

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့မှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ်က ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာက နယ်မြေရဲစခန်းကို ကရင်နဲ့ မွန် ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။