မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ဒုခေါင်းဆောင်ရဲ့ဇာတိ ဓမ္မသရွာ အိမ်ရာချီမီးလောင်
2024.04.04

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသရွာက အိမ် လေးရာလောက်ဟာ စစ်ကိုင်းတိုင်းက ရွာတွေလို ပြာပုံအတိ ရောက်သွားခဲ့ပါတယ်။ ဒီပမာဏဟာ အိမ်ခြေ တစ်ထောင်ကျော်ရှိတဲ့ရွာမှာ သုံးပုံတစ်ပုံလောက် ပျက်စီးသွားတာ ဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီ အာဏာသိမ်းထားတဲ့သုံးနှစ်ကျော်အတွင်း မွန်ပြည်နယ်မှာ ပထမဦးဆုံး အများဆုံးပျက်စီးခဲ့ရတဲ့ ရွာ ဖြစ်ပါတယ်။
မတ်လ ၂၇ နဲ့ ၂၈ နှစ်ရက်အတွင်းမှာ စစ်သင်္ဘောတွေက ဂျိုင်းမြစ်ထဲကနေ ရွာကိုလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မီးလောင်ပြာကျခဲ့ရသလို၊ လက်နက်ကြီးကျည်စတွေထိလို့ ၁၂ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးအပါအဝင် စုစုပေါင်း ငါးဦး သေဆုံးသွားရတယ်လို့ မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) က ပြောပါတယ်။
"စစ်ဘေးရှောင်နေတာ မီးလောင်မှပြန်လာတော့ ဘာမှလုပ်လို့မရတော့ဘူး။ မီးပဲထိုင်ကြည့်နေရတဲ့ သဘောဖြစ်တာ။ အိမ်ပါသွားတော့ ဘာမှမရတော့ဘူးလေ"
ဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေရဲ့အဆိုအရ မီးလောင်နေတဲ့အချိန်မှာ မီးသတ်ကားတွေကို ဝင်လို့မရအောင် ခရုံဂူနှင့် တရနာရွာတွေမှာ စစ်ကောင်စီတပ်က တားမြစ်ထားလို့ ဆုံးရှုံးမှု ပိုများခဲ့တာလို့ သိရပါတယ်။
"ကျွန်တော်တို့ မီးသတ်ကားတွေက တစ်စီးမှသွားလို့မရဘူး။ မီးသတ်ကားလာပေးဖို့ တောင်းဆိုတယ်။ ကျွန်တော်တို့က သွားလို့မရဘူး ဖြစ်နေတော့ အတတ်နိုင်ဆုံး ကိုယ့်ဘာသာ မီးငြှိမ်းကြတော့ ကျွန်တော်တို့လည်း လာလို့မရဘူးလို့ ပြောရတယ်။ လာလို့မရဘူးဆိုတာက အသက်အန္တရာယ် စိုးရိမ်ရတယ်လေ ဝင်သွားလို့က မရဘူး"
ဓမ္မသရွာဟာ စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) ရဲ့ ဒုခေါင်းဆောင် (၁) နိုင်ဗညားလယ်ရဲ့ ဇာတိဖြစ်ပါတယ်။ ရွာမှာ သူရော သူ့မိသားစုတွေပါ မနေကြပေမယ့် တိုက်ခိုက်ခံရတာလို့ မွန်ပြည် ဖက်ဒရယ်ကောင်စီ MSFC ရဲ့ လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနက ဌာနမှူး မိဆုတ က RFA ကို ပြောပါတယ်။
“SAC အုပ်ချုပ်ရေးမှူးတွေရောက်သလို မွန်ပြည်သစ်လည်း ရောက်တာတော့ ရှိတယ်။ ဒါပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ချဉ်းကပ်မှုတော့မရှိဘူး။ အဲဒီရွာကတော့လေ။ ဒါက တကယ့်မိုက်ရူးရဲဆန်တဲ့၊ လူမဆန်တဲ့ လုပ်ရပ်လို့ပဲ မြင်တာပေါ့နော်။ အရပ်သားကို Target ထားပြီးမှ အကြမ်းဖက်နေတယ်လို့ပဲ သိသာထင်ရှားပါတယ်”
ရွာက အိမ်တွေဟာ ထိုင်းနဲ့၊ မလေးရှား နိုင်ငံတွေကိုသွားပြီး ဆယ်စုနှစ်နဲ့ချီ အလုပ်ကြမ်းလုပ်ရာကနေ ရလာတဲ့ ချွေးနှဲစာနဲ့ ဆောက်လုပ်ထားတဲ့အိမ်တွေဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒါကြောင့် မီးဘေးသင့်ရွာသားတွေက သူတို့မျက်စိရှေ့မှာတင် စုဆောင်းထားသမျှ ပြာကျသွားတာမြင်ရလို့ စိတ်ထိခိုက်နေကြပါတယ်။
“ရွာမှာ လူတော့ မရှိတော့ဘူး။ စစ်ဘေးရှောင်နေတာ မီးလောင်မှပြန်လာတော့ ဘာမှလုပ်လို့မရတော့ဘူး။ မီးပဲထိုင်ကြည့်နေရတဲ့ သဘောဖြစ်တာ။ အိမ်ပါသွားတော့ ဘာမှမရတော့ဘူးလေ။ ဘာမှမပါလာတော့ဘူးဆိုတော့ ဘာမှပြောလို့ မထွက်တော့ဘူး။ သစ်ပင်တို့ ဘာတို့ ဘာမှ မရှိတော့ဘူး။ ဒီတိုင်း ဗြောင်ပြာကျသွားတော့ တော်တော်လည်း စိတ်မကောင်းဖြစ်ရတယ်”
နေ့တွင်းချင်း အိုးအိမ်မဲ့ဖြစ်သွားရတဲ့သူတွေအပါအဝင် ဒေသခံ တစ်သောင်းကျော်ဟာ မော်လမြိုင်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ ကူညီပေးနေသူတွေက ဆိုပါတယ်။
ဓမ္မသရွာဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၂၅ ရက်နေ့ မှာ သိမ်းပိုက်လိုက်တဲ့ ကော့ဘိန်းရဲစခန်းရှိတဲ့ရွာနဲ့၊ စစ်ကောင်စီ တပ်တွေအခြေစိုက်ထားတဲ့ တရနာရွာရဲ့ အလယ်မှာ တည်ရှိပါတယ်။
ကော့ဘိန်းရဲစခန်းသိမ်းပိုက်တဲ့ဖြစ်ရပ်မှာ မွန်ဒေသခံတော်လှန်ရေးအဖွဲ့တွေလည်း ပါဝင်သလို မွန်လူထုက လည်း အားကောင်းကောင်းနဲ့ ထောက်ခံနေတဲ့အပေါ်မှာ စစ်ကောင်စီက လက်တုံ့ပြန်တဲ့ သဘောလို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ယူဆပါတယ်။
“ဒီရွာကို မီးရှို့ပြလိုက်ရင် မွန်တွေရဲ့ နိုးကြားလာတဲ့ စိတ်ဓာတ်ကို ချိုးနှိမ်တဲ့ ပုံစံမျိုးလို့လည်း သုံးသပ်တယ်။ မွန်တွေက ဒီ movement ထဲမှာ ပါလာတဲ့အခါကျတော့ ရိုက်ချိုးပစ်မယ်ဆိုတဲ့ ဗျူဟာမြောက် စဉ်းစားချက်မျိုး ရှိကောင်းရှိနိုင်တယ်”
လတ်တလောမှာတော့ ဓမ္မသရွာနားက တရနာရဲစခန်းကိုသိမ်းမှာစိုးရိမ်တဲ့အတွက် စစ်ကောင်စီက အင်အား ဖြည့်တင်းထားတယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရ သယံဇာတဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်း နဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ် ရှစ်သောင်းနီးပါး (၇၈,၇၃၇ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။