ကျိုက်မရောက လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ထပ်တိုးလာနိုင်
2024.07.20

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ငပုအင်းရွာသစ် ဘုန်းကြီးကျောင်းနဲ့ လွှစင်ကုန်းလမ်းဆုံနေရာတွေကို ဇူလိုင်လ ၁၉ နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေ အပါအဝင် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငပုအင်းရွာသစ် ဘုန်းကြီးကျောင်းမှာတော့ ဇူလိုင်လ ၂၀ ရက် ဒီနေ့ကျရောက်မယ့် ဝါဆိုလပြည့်နေအတွက် ဒေသခံတွေ မနေ့က ကြိုတင်ချက်ပြုတ်ပြင်ဆင်နေချိန် ဗုံးကြဲတိုက်ခိုက်ခံရလို့ အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့တာပါ။
"ရုပ်အလောင်းတောင် ခွဲခြားလို့ မရဘူး။ တစ်စစီ ဖြစ်ကုန်တယ်"
အဲဒီနေ့တစ်ရက်တည်းမှာပဲ ငပုအင်းရွာနဲ့ နှစ်မိုင်အကွာ လွှစင်ကုန်းလမ်းဆုံအနီးကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့၀င် နှစ်ဦးနဲ့ ဒေသခံ သုံးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ ပေါင် ငါးရာဗုံး ကြဲချတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများခဲ့တာလို့ ဒီဖြစ်ရပ်ကို သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရက်ကြီးအခါကြီး အလှူအတန်းပြုကြတာပေ့ါ။ ရွာအနီးနားက လာကြတဲ့သူတွေ၊ ကလေးတွေရော၊ အမျိုးသမီးတွေရော ချက်ပြုတ်စားသောက်တဲ့ အဆောင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီး ချသွားတာ။ အခုလက်ရှိ ၁၄ ယောက်လောက်က အလောင်းတွေက ပိုင်ရှင်ဘယ်သူလဲဆိုတာ မသိတဲ့ အနေအထားတွေရှိတယ်။ ကျန်တဲ့ ပိုင်ရှင်သိရတဲ့ အလောင်းတွေကို ပြန်ယူသွားတာတွေလည်းရှိတယ်။ ကလေးသူငယ်တွေ အများစု ပါဝင်တယ်။ ဆယ်နှစ်အောက် ကလေးတွေ ပါနေတယ်”
ဝါဆိုသင်္ကန်းကပ်မယ့်အပြင် ဥပုဒ်နေ့ ဘုန်းကြီးကျောင်းကို လာကြမယ့် ဧည့်ပရိသတ်အတွက်လည်း ကျွေးမွေးဧည့်ခံဖို့ စီစဉ်ခဲ့ပေမဲ့ လက်ရှိမှာတော့ အလောင်းကောက်တာနဲ့ ဒဏ်ရာရသူတွေကို ဆေးကုတာ စတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြောင်းလဲလုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။
ဗုံးဒဏ်ကြောင့် ခန္ဓာကိုယ်တွေ တစ်ပိုင်းတစ်စစီ ဖြစ်နေတဲ့ ရုပ်အလောင်းတွေလည်းရှိနေပြီး သေဆုံး၊ ဒဏ်ရာရ အရေအတွက် အသေးစိတ်ကို စာရင်းပြုစုနေတယ်လို့ အဲဒီနေရာမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
“ထိခိုက်သေဆုံးမှု များတယ်။ ကျား- မ မသိရသေးဘူး။ တချို့ဟာတွေက ရုပ်အလောင်းတောင် ခွဲခြားလို့ မရဘူး။ တစ်စစီ ဖြစ်ကုန်တယ်။ အဲနေ့က အဖိတ်နေ့လည်း ဖြစ်တဲ့အတွက် ဆွမ်းချက်၊ ဘာချက် ဝိုင်းလုပ်နေတဲ့ ကလေးတွေ တော်တော်များများ ထိခိုက်ဒဏ်ရာရတယ်။ အခုလောလောဆယ်တော့ စာရင်းကောက်တုန်းပဲ”
စာရင်းအတိအကျရလာရင်တော့ သေဆုံးသူ အရေအတွက်ဟာ လက်ရှိအခြေအနထက် ပိုများလာနိုင်တယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ငပုအင်းရွာမှာ အစည်းအဝေးလုပ်မယ်ဆိုတဲ့ သတင်းရတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်တာလို့ ရေးသားဖော်ပြကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ငပုအင်းရွာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ အစည်းအဝေးလုပ်တာကိုတော့ မကြားမိဘူးလို့ အမည်မဖော်လိုတဲ့ ဒီဖြစ်ရပ်ကို သိရှိတဲ့ နောက်ထပ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဝါဆိုသင်္ကန်းကပ်ဖို့ ချက်ပြုတ်ကျွေးမွေးတော့ လူစုနေတာပေါ့။ (အစည်းအဝေး) အဲဒါတော့ မကြားဘူး။ ရွာသစ်ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ကန်းကပ်ဖို့ ချက်ပြုတ်နေတာ။ အဲဒီမှာ ပစ်ချတယ်ကြားတယ်”
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ရေးမှာ ရှုံးနိမ့်လာတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာပြီး အရပ်သားတွေကိုပါ ပစ်မှတ်ထားနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပြောပါတယ်။
၂၀၂၄ ခုနှစ် မေလ ၉ ရက်နေ့ကလည်း မကွေးတိုင်း ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၁၆ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁,၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃,၈၆၆ ဦး) အထိ ရှိနေပါတယ်။