ကျိုက်မရောမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူနှစ်သောင်းကျော် ထွက်ပြေးနေရ
2023.12.30

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာမှာ ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၉ ရက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ချောင်းနှစ်ခွရွာအနီးတဝိုက် ရွာတွေက ပြည်သူတွေပါ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ကာကွယ်ရေး ပူးပေါင်းတပ်တွေ ပိတ်ဆို့ဝန်းရံထားတဲ့ ချောင်းနှစ်ခွ ရဲစခန်းနဲ့ ချောင်းနှစ်ခွ တံတားဂိတ်ကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ပြန်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ပြည်သူတချို့ ပြီးခဲ့တဲ့ လကတည်းက ထွက်ပြေးခဲ့ကြရပြီး အခုတော့ ရွာလုံးကျွတ် ထွက်ပြေးကြရတာ”
လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရပြီးသား ချောင်းနှစ်ခွ ရွာကလွဲလို့ ကော့စပ်၊ သရက်ကုန်း၊ ဘုရားကုန်း၊ မရမ်းကုန်း၊ ကျောက်ကွဲ၊ အထရံ၊ လှကဇိုင်း၊ ဖက်တေးကုန်း၊ မယ်ထရို အပါအဝင် အနီးအနားရွာတွေက ဒေသခံ နှစ်သောင်းကျော် ထပ်မံ ထွက်ပြေးနေကြရတာပါ။
အဲဒီရွာတွေက ပြည်သူတချို့ ပြီးခဲ့တဲ့ လကတည်းက ထွက်ပြေးခဲ့ကြရပြီး အခုတော့ ရွာလုံးကျွတ် ထွက်ပြေးကြရတာလို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ကျိုက်မရော ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ချောင်းနှစ်ခွ ရွာဆိုရင် တစ်ယောက်မှ မရှိတော့ဘူး ရွာထဲမှာ။ အဲဒီရွာဘေးက လူတွေပဲ။ ဒီသရက်ကုန်းတို့၊ ဘာတို့ဆိုရင် အရင်ကတော့ နေကြသေးတယ်။ ဒီတစ်ရက်၊ နှစ်ရက်က တအား တိုက်ပွဲ အပြင်းအထန်ဖြစ်တာ များတော့လေ မနေရဲဘူး။ ဟိုအလုံးကြီး (လက်နက်ကြီး) တွေ၊ ဘာတွေလာရင် ရွာကိုကျော်ပြီး ကျမှာစိုးလို့လေ။ အဲဒီလိုမျိုး မနေရဲဘူး။ ခါတိုင်းဆိုရင် ကျွန်မတို့နေတဲ့နေရာက လှမ်းတော့ သိပ်မကြားရဘူး။ အခု တစ်ရက်၊ နှစ်ရက်ဆိုရင် လက်နက်ကြီး အကျယ်ကြီးပဲ ကြားရတယ်”
ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၉ ရက်မနက်ထိ သံဖြူဇရပ် အခြေစိုက် အမြောက်တပ်နဲ့ တောင်ကလေးရွာ အခြေစိုက် တပ်စခန်းဘက်ကနေ ချောင်းနှစ်ခွ ရွာဘက်ကို လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ချောင်းနှစ်ခွရွာထဲမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သား သုံးဆယ်ခန့်ကို စစ်ကူပေးဖို့ စစ်ကြောင်း ထိုးလာရာကနေ တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ ချောင်းနှစ်ခွ ရွာအနီးမှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ကောင်စီဘက်က အဲဒီအထဲမှာ အယောက် သုံးဆယ်လောက်တော့ ကျန်နေတယ်။ လှိုင်ဂူ ရှိနေတယ်လေ အောက်မှာ ပိတ်မိနေလို့ ချောင်းနှစ်ခွထဲမှာ။ အဲဒါကို သူတို့ (စစ်ကောင်စီ) စစ်ကူသွားပို့တာ။ အဲဒါကို ဆုံကြလို့ ပစ်ကြတယ်။ ဒီနေ့မှပဲ တိတ်သွားတာ။ စစ်ကောင်စီဘက်ကတော့ အထိတော့ များတယ်တဲ့။ အရေးပေါ် ကားနဲ့ မနက်အစောကြီး သုံးခေါက်တောင် ယူတင်သွားတယ်လို့ ပြောတယ်”
တိုက်ပွဲအတွင်း ချောင်းနှစ်ခွရွာက နေအိမ်တွေ မီးလောင်ခဲ့ပေမယ့် အသေးစိတ်တော့ မသိရသေးဘူးလို့ ဒေသရဲ့ စစ်ရေး အခြေအနေကို သိသူတစ်ဦးက ပြောပါတယ်။
“အခုရက်ပိုင်းတော့ သိပ်ပြီး အခြေအနေ မကောင်းဘူး။ ဘယ်သူမှလည်း မသွားရဲဘူး။ အဲဒီဘက်ကို ဒီရက်ပိုင်းဆိုတာက မနေ့ညနဲ့ ညက တစ်ညဆို တော်တော်လေးကို ဖြစ်ကြတယ်။ စုံစမ်းကြည့်သလောက်တော့ အိမ် တော်တော်များများ မီးလောင်တယ်လို့ သိရတယ်။ လေး ငါးရက် တစ်ပတ်လောက် သူက နားလိုက် ဖြစ်လိုက်။ လေး ငါးရက် တစ်ပတ်လောက် နားလိုက် ဖြစ်လိုက် အဲဒီလို ဖြစ်နေတာပဲ တောက်လျှောက်ကို။ ကျွန်တော်တို့ကလည်း မသွားရဲဘူး”
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - (S.O.F) တပ်ဖွဲ့မှူး ကိုအောင်စံရှားကတော့ ချောင်းနှစ်ခွမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ် အင်အား သုံးရာလောက်နဲ့ တိုက်ပွဲဖြစ်နေတာလို့ RFA ကို ပြောပါတယ်။
“စကစ (စစ်ကောင်စီတပ်) ကနေပြီးတော့ ဒီ ၂၇၊ ၂၈၊ ၂၉ မှာဆိုရင် နယ်ခြားစောင့်တပ် BGF နဲ့ပေါင်းပြီးတော့ အင်အား သုံးရာလောက် စစ်ကြောင်း ထိုးလာတာရှိတယ်။ အဲဒီမှာလည်း အခုအချိန်အထိ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတယ်။ စကစဘက်ကလည်း အကျအဆုံး များတယ်။ နောက်ရက်ကဆိုရင် အင်အား တစ်ရာတက်လာတဲ့ စစ်ကြောင်းဆိုရင် သူတို့ဘက်က ၂၈ ယောက် ဒဏ်ရာရတယ်။ ၁၈ ယောက် သေတယ်။ လက်နက် အနည်းအငယ်လည်း ကျွန်တော်တို့ သိမ်းဆည်းရမိတာ ရှိတယ်။ အဲဒီတုန်းကလည်း စစ်ကြောင်း တစ်ဝက်လောက်နီးပါး ထိခိုက်သွားတယ်ပေါ့”
လက်ရှိ ချောင်းနှစ်ခွ ရဲကင်းအနီးမှာ စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့က တပ်စွဲထားပြီး တံတားတစ်ဖက်မှာတော့ KNLA ပူးပေါင်းတပ်တွေ အထိုင်ချထားတယ်လို့ ဆိုပါတယ်။
နှစ်ဖက် သေဆုံးထိခိုက်မှု အရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ သယံဇာတရေးရာ ဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီ ထောက်ခံတဲ့ လူမှုကွန်ရက် ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ ချောင်းနှစ်ခွစခန်းနဲ့ ချောင်းနှစ်ခွတံတားကို စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF က ပြန်လည် ထိန်းချုပ်ထားတယ်လို့ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်း ဖော်ပြထားကြပါတယ်။