နိုင်ငံတော်သမ္မတနဲ့ လွှတ်တော် အကြား သဘောထားကွဲလွဲမှု တင်ပြချက်
2015.01.21
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ပွင့်ဆိုင်တွေ့ဆုံပွဲ၊ အမျိုးသားပညာရေး ဥပဒေကြမ်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုးပေးဖို့ ကိစ္စတွေမှာ နိုင်ငံတော်သမ္မတ နဲ့ လွှတ်တော်အကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။
အဲ့ဒီအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။
နိုင်ငံတော် သမ္မတ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ လွှတ်တော်ဥက္ကဌ ၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပါဝင်တဲ့ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို လစာတိုးပေးဖို့နဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကိစ္စတွေအပေါ် နိုင်ငံတော်သမ္မတက သူ့ရဲ့ သဘောထားမှတ်ချက်တွေကို ဒီလ ၁၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် နာယကံ ပေးပို့ခဲ့တာပါ။
သမ္မတရဲ့ သဝဏ်လွှာတွေထဲမှာ ၆ ပွင့်ဆိုင်တွေ့ဆုံပွဲထက် ပိုကျယ်ပြန့်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ အတော်များများပါဝင်နိုင်မယ့် ဆွေးနွေးပွဲမျိုး ဖြစ်ဖို့အတွက် တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟာ လွှတ်တော်မှာသာ တာဝန်အရှိဆုံးဖြစ်တယ်လို့လည်း ပါရှိပါတယ်။
ဖွဲ့စည်းပုံပြင်ဖို့အတွက် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ ဆွေးနွေးစရာမလိုတဲ့ သဘောမျိုး အကြောင်းပြန်တာဟာ မဖြစ်သင့်ဘူးလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောပါတယ်။
ဒေါက်တာအေးမောင်
ဒါ့အပြင် လွှတ်တော်အမတ်တွေနဲ့ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အပေါ် နိုင်ငံတော်သမ္မတက တစ်ပြိုင်တည်းတိုးဖို့ထက် တဆင့်ပြီးတစ်ဆင့်တိုးဖို့ သဘောထားပေးပို့ခဲ့ပါတယ်။
အဲဒီသဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက ပယ်ချလိုက်ပြီး လာမယ့် ဘဏ္ဍာနှစ်မှာ လစာတိုးမြင့်ရရှိဖို့ပဲ အတည်ပြုလိုက်ပါတယ်။
သမ္မတက လွှတ်တော်အပေါ် အဖြစ်သဘောလောက်သာထားပြီး လွှတ်တော်အမတ်တွေနဲ့ ဝန်ကြီးတွေရဲ့ လစာကွာဟမှုကို ထည့်သွင်းစဉ်းစားပေးခြင်းမရှိဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြေပါတယ်။
ဦးရဲထွန်း
လာမယ့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်က စတင်ပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့လစာကို ကျပ် ၁၀ သိန်း၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့ လစာကို ကျပ် ငါးသိန်းတိုးမြှင့် ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ အစိုးရနဲ့လွှတ်တော်ဟာ အပြန်အလှန်ထိန်းကျောင်းဖို့ လိုအပ်ပေမယ့် အခုလို သမ္မတရဲ့သဘောထားကို လွှတ်တော်က ပယ်ချလိုက်တဲ့အပေါ် ဝေဖန်နေကြသလို လွှတ်တော်ကိုယ်စားလှယ်တွေအတွက် တိုးပေးရမယ့် လစာပမာဏ မြင့်မားနေတာကလည်း မဖြစ်သင့်ကြောင်း ဝေဖန်နေကြပါတယ်။
အမျိုးသားပညာရေး ဥပဒေကြမ်းအပေါ် ကန့်ကွက်မှုတွေ ရှိနေတဲ့အတွက် လွှတ်တော်အနေနဲ့ ပြန်လည်ပြင်ဆင်သုံးသပ်ပေးဖို့ နိုင်ငံတော်သမ္မတက မနေ့က သဝဏ်လွှာပို့ခဲ့ပါတယ်။ အဲဒီသဝဏ်လွှာကိုတော့ ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်လိုက်ပြီး တခြားပြင်ပအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ကြေညာလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းမှာ ဆရာနဲ့ ကျောင်းသားအဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးဖို့၊ ဗဟိုချုပ်ကိုင်မှုလျှော့ချဖို့၊ အမျိုးသားပညာရေးကော်မရှင် နဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းခွင့်မပေးဖို့ နဲ့ တိုင်းရင်းသားဘာသာစကား နဲ့ စာပေသင်ကြားခွင့်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုမှုတွေရှိနေတယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။ အဲဒီအချက်တွေထဲက ဆရာနဲ့ ကျောင်းသားအဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးဖို့ နဲ့ တိုင်းရင်းသားဘာသာစကား နဲ့ စာပေသင်ကြားခွင့်ပေးဖို့တို့ကို နည်းဥပဒေမှာသာ ထည့်သွင်းရေးဆွဲသင့်ကြောင်းလည်း သမ္မတက သဘောထားပေးထားပါတယ်။
အခုလို ၁၂ ကြိမ်မြောက် လွှတ်တော်အစမှာပဲ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်တို့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိနေတာကို ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် ဥပဒေပြုရေးနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေကို နိုင်ငံတော်သမ္မတက အကြံပြုရုံလောက်သာ လုပ်ခွင့်ရှိတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းက ပြောပါတယ်။
ဒေါက်တာရန်မျိုးသိန်း