ပဋိပက္ခပြင်းထန်တဲ့ဒေသတွေမှာ အရပ်သားသေဆုံးမှု ပိုများလာ
2023.06.21

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်ကနေ ဇွန်လ ၁၅ ရက်ထိ တစ်လအတွင်း စစ်ကိုင်း၊ မကွေး၊ ကရင်နဲ့ ကယားအပါအဝင် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုကြောင့် အရပ်သားပြည်သူ ၁၂၃ ဦး သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ ၄၃ ဦး၊ မကွေးတိုင်းမှာ ခုနစ်ဦး၊ ရှမ်းနဲ့ ကယားပြည်နယ် နှစ်ခုပေါင်းမှာ ၃၇ ဦး၊ ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ၂၈ ဦး သေဆုံးခဲ့ပါတယ်။ ကျန်ရှစ်ဦးကတော့ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဖြစ်ပါတယ်။
ဒီအရပ်သားတွေဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်တာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာ စသဖြင့် နည်းမျိုးစုံနဲ့ သေဆုံးခဲ့တာပါ။
ဒီတစ်လအတွင်း စစ်ကိုင်းတိုင်းမှာ ကောလင်းမြို့နယ်က သတ်ဖြတ်ခံရမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ ကောလင်းမြို့နယ် ခံသာတိုက်နယ်က ရွာတွေကို စစ်ကောင်စီတပ်က မေလ ၂၆ ရက်ကနေ ဇွန်လ ၃ ရက်အထိ တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့ပြီး အရပ်သား ၁၇ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
စစ်ကြောင်းပြန်ထွက်သွားချိန်မှာ ဖမ်းဆီးခံရသူ ၁၇ ဦးထဲက ကိုးဦးရဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့ပါတယ်။
“တိုက်ပွဲအရှိန်အဟုန်မြင့်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ပိုပြီးတော့ ဆိုးရွားများပြားလာနိုင်တဲ့အတွက် လူထုသေဆုံးမှုအရေအတွက်ကတော့ ပိုများလာပါလိမ့်မယ်"
စစ်ကြောင်းဝင်ချိန်မှာ PDF တွေက မိုင်းဆွဲတိုက်ခိုက်လေ့ရှိတာကြောင့် စစ်ကောင်စီတပ်က ရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးချပြီးမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာလို့ ခံသာတိုက်နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မိုင်းတွေဘာတွေထောင်တော့ သူတို့ကဖမ်းသွားတဲ့ ပြည်သူကို ရှေ့ကထားပြီးမှ ရိက္ခာတွေပို့ခိုင်း၊ ရှေ့ကနေ လမ်းကြောင်းရှင်းခိုင်းတာပေါ့ဗျာ။ အဲဒါမျိုးတွေလုပ်တယ်။ သူတို့ရဲ့ ရိက္ခာတွေ၊ ခြင်းတွေ သယ်ခိုင်း တယ်။ သူတို့ခိုင်းတာ အကုန်လုပ်ရတယ်။ အဲဒီကနေ သူတို့ စစ်ကြောရေးမှာ စစ်တယ်မေးတယ်။ အခန့်မသင့်ရင် သတ်တယ်။ ရက်ရက်စက်စက် သတ်တာဗျ၊ ကျောက်တန်းမှာလေ။ ကျန်တဲ့ဟာတွေကတော့ ထိုးကြိတ်ထားတာတွေ၊ သေနတ်ဒင်တွေနဲ့ ဆောင့်ထားတာတို့ အဲဒါမျိုးတွေ တွေ့ရတယ်”
သေဆုံးတဲ့သူတွေဟာ အသက် ၂၇ နှစ်ကနေ ၅၈ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး ကောလင်းမြို့နယ် မုတ်ဝ၊ ဖက်ခါးကုန်း၊ အင်ပင်လှ စတဲ့ရွာတွေက ဖြစ်ကြပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းက ရွာတွေကိုလည်း မေလ ၂၆ ရက်ကနေ ၂၉ ရက်နေ့ထိ နယ်မြေ ရှင်းလင်းရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန် အရပ်သား ခြောက်ဦး သတ်ဖြတ်ခံခဲ့ ရပါတယ်။ သေဆုံးသူတွေဟာ မိဖုရားရွာက အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦးနဲ့ သဲအင်း၊ နန်းဦး၊ မဲကုန်း၊ ရေရှား၊ ထန်းတော စတဲ့ ရွာတွေက အသက် (၃၀) နဲ့ (၄၀) ဝန်းကျင် အမျိုးသားတွေ ဖြစ်ပါတယ်။
အဲဒီခြောက်ဦးဟာ လက်နက်ကြီးထိမှန်တာ၊ ထွက်ပြေးတိမ်းရှောင်ရင်း စစ်ကြောင်းနဲ့တိုးလို့ ဖမ်းဆီး သတ်ဖြတ်ခံရတာ၊ မီးရှို့ခံထားရတဲ့ရွာကို ပြန်ပြီး မီးငြှိမ်းသတ်စဉ် ပစ်ခတ်ခံရတာ စသဖြင့် ပုံစံမျိုးစုံနဲ့ အသတ်ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေလယ်ကျွန်း ဒေသခံတစ်ဦးက ပြောပါတယ်။
“၂၆ ရက်နေ့က စစ်ကြောင်းဝင်တယ်။ ဝင်ပြီး သူတို့ လက်နက်ကြီးပစ်တာ မခင်မာပိုဆိုတဲ့ အစ်မတစ်ယောက် ကလေးနှစ်ယောက်အမေ၊ လက်နက်ကြီးထိမှန်ပြီး အဲဒီမှာ စဆုံးတာပဲ။ မခင်မာပို ဆုံးတယ်။ မဲကုန်းက အစ်ကိုတစ်ယောက် ဆုံးတယ်။ နောက်ပြီး နန်းဦးတစ်ယောက် ဆုံးတယ်။ အဲဒီလို ဆုံးတဲ့လူက ခြောက်ယောက်။ ဒါသူတို့ PDF ဆိုပြီးတော့ သတ်ဖြတ်သွားတဲ့ဟာ ရှိတယ်။ ကျွန်တော်တို့ ရေလယ်ကျွန်းမှာ ဒီတစ်ပတ် ၂၆ ရက် နေ့ကနေ ၂၉ ရက်နေ့ ညနေအထွက်ထိ အိမ် ၆၇၁ လုံး မီးရှို့ခံရတယ်”
အင်အား ၂၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းခွဲ ဝင်ရောက်ခဲ့တာဖြစ်ပြီး ရေလယ်ကျွန်းဒေသ ရွာပေါင်း ၂၇ ရွာက အိမ်ခြေ ၆၇၁ လုံးကိုမီးရှို့ခဲ့လို့ လူပေါင်း သုံးထောင်ကျော်လည်း အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ရှမ်းနဲ့ ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာလည်း မေလ ၂၅ ရက်ကနေ ဇွန်လ ၁၂ ရက်အထိ ရက်ရှည်တိုက်ပွဲဖြစ်ခဲ့ပြီး ကလေးငယ် သုံးဦး အပါအဝင် ဒေသခံ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၀ ဦးနဲ့ အသက် ၈ နှစ်ကနေ ၁၈ နှစ်ကြားအရွယ် ကလေး သုံးဦး ပါဝင်ပါတယ်။
တိုက်ပွဲတွေပြင်းထန်ပြီး အရပ်သားသေဆုံးမှု များလာတာကြောင့် မိုးဗြဲမြို့ပေါ်က ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။
“ပြည်သူတွေဆိုရင် မိုးဗြဲမြို့ထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ အခု ဟိုးလယ်တောထဲမှာပဲ သွားနေရတယ်။ ပြီးတော့ တချို့ကတော့ အိမ်ထဲမှာပုန်းနေ အပြင်လုံးဝမထွက်ရဲကြတော့လေ စစ်တပ်တွေက တံခါး လာခေါက်တော့ မဖွင့်ပေးလည်း မရဘူး၊ ဖွင့်ပေးပြန်ရင်လည်း ပစ်သတ်ခဲ့တယ်ပေါ့နော်။ အဲဒါမျိုးတွေ ရှိခဲ့တယ်။ တချို့အမျိုးသမီးတွေ သူတို့ဖမ်းသွားခဲ့တယ်၊ မုဒိမ်းကျင့်မှုတွေ လုပ်ပြီးတော့ အဲဒီအမျိုးသမီး လည်း ပစ်သတ်ခဲ့တယ်။ ဒါကြောင့် ဘယ်သူမှ အိမ်မပြန်ရဲကြတော့ဘူးပေါ့၊ အခုချိန်ကျတော့”
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ အရင်ကတော့ စစ်ကောင်စီတပ်က PDFတွေကိုသာ နှိမ်နင်းတာ ဖြစ်ပြီး အရပ်သားတွေကို တိုက်ခိုက်လေ့မရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုခဲ့ဖူးပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားကတော့ ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်သလို စစ်ကောင်စီက အာဏာတည်မြဲရေးအတွက် ပြည်သူကို အကြောက်တရား သွင်းပြီး အုပ်ချုပ်နေတာလို့ ပြောပါတယ်။
“သူတို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တဲ့ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမဆို အဲဒီအဖွဲ့တွေကို သူက ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းဖို့ ခက်ခဲလာတဲ့အချိန်မှာ အဲဒီဒေသမှာရှိနေတဲ့ ပြည်သူလူထုတွေကို သတ်ဖြတ်ပြတာပေါ့နော်။ လူထုတွေကြောက်အောင်ပေါ့နော်၊ ဒီဧရိယာ၊ ဒီဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ မရှိအောင်၊ သူတို့ရှိရင် ငါတို့ ဒီလိုမျိုး လုပ်မယ်။ သူတို့ရှိရင် မင်းတို့ကို သတ်မယ်။ အဲဒီ တော့ လူထုတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ အကြောက်တရားနဲ့ သွေးခွဲတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်လို့ပဲ ကျွန်တော်တို့က မှတ်ချက်ပြုလိုတယ်”
စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ သတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိူးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေပေမယ့် အဲဒီကျူးလွန်မှုတွေအတွက် အပြစ်ပေးအရေးယူခံရခြင်းက ကင်းလွတ်ခွင့် ရနေတယ်လို့လည်း သူက ဆိုပါတယ်။
တော်လှန်ရေး အရှိန်မြင့်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုများလာနိုင်ပြီး ပြည်သူလူထု အသက်ဆုံးရှုံးရတာတွေလည်း ပိုများလာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
“လူထုဘက်က တိုက်ပွဲအရှိန်အဟုန်မြင့်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ပိုပြီးတော့ ဆိုးရွားများပြားလာနိုင်တဲ့အတွက် လူထု သေဆုံးမှုအရေအတွက်ကတော့ ပိုများလာပါလိမ့်မယ်။ အထူးသဖြင့် လေကြောင်းစစ်ဆင်ရေးတွေ အနှံ့အပြားလုပ်နေတဲ့ အခြေအနေအောက်မှာ လူထုရဲ့သေဆုံးမှုတွေ၊ ရွာတွေ အိုးအိမ်တွေ၊ ပျက်စီးမှုတွေဟာ မလွဲမသွေ ပိုပြီးတော့ များလာဦးမယ်လို့ ကျွန်တော် တို့က ယူဆပါတယ်”
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP(Myanmar) ရဲ့ ဇွန်လ ၁၂ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ပထမ ငါးလအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့ပြီး၊ အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ တစ်နှစ်တာအတွင်း သေဆုံးသူ အရပ်သား စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်းမှာတော့ သေဆုံးသူ အရပ်သား စုစုပေါင်း ၈၆၄၀ ဦး ထက်မနည်း ရှိခဲ့ပြီး အဲဒီအထဲက ၂၄၀၀ ကျော်ဟာ လက်နက်ကိုင်ပဋိပက္ခတွေတွေကြောင့် သေဆုံးခဲ့ တာလို့ ဖော်ပြထားပါတယ်။