မကွေးတိုင်းမှာ တစ်လအတွင်း PDF တွေအပါအဝင် သုံးဆယ်နီးပါးသေဆုံး
2024.11.01

အောက်တိုဘာလအတွင်း မကွေးတိုင်းမှာ စစ်ကောင်စီတပ်က မြေပြင်ရော ဝေဟင်ကပါ စစ်ကြောင်းထိုး ပစ်ခတ်ခဲ့မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ၂၆ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ထီးလင်းမှာ ၁၄ ဦး၊ ပခုက္ကူမှာ သုံးဦး၊ ချောက်မှာ သုံးဦး၊ ဂန့်ဂေါမှာ သုံးဦး၊ ပေါက်မှာ နှစ်ဦးနဲ့ ဆောမြို့နယ်မှာ တစ်ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေးနဲ့ အမျိုးသမီးတွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ပါ ပါဝင်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းမှာ ဆောမြို့နယ်၊ ကံချောင်းရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် လေးဦး ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်ဆယ်ခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရခဲ့သူတွေက အသက် ၁၁ နှစ်အရွယ် မယွန်း၀တီ၊ အသက် ၇၂ နှစ်အရွယ် ဦးသာအေး၊ အသက် ၅၀ အရွယ် ဦးကျော်မြင့်နဲ့ အသက် ၄၂ နှစ်အရွယ် ဦးအောင်မင်းထွန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းကလည်း ထီးလင်းမြို့နယ်၊ ကျားခဲရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အားရှစ်ဆယ်ခန့် စီးနင်းဝင်ရောက်ခဲ့ပြီး ကျေးရွာလုံခြုံရေးယူထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူတွေဟာ အသက် ၃၉ နှစ်အရွယ် ကိုနေမျိုးကျော်၊ အသက် ၄၃ နှစ်အရွယ် ကိုသန်းစိန်မင်း၊ အသက် ၃၁ နှစ်အရွယ် ကိုမင်းသူ၊ အသက် ၃၄ နှစ်အရွယ် ကိုဝင်းဆန်းဦးနဲ့ အသက် ၂၆ နှစ်အရွယ် ကိုနေဆန်းဝင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ငါးဦးစလုံးကို ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့တာလို့ ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဆရာကျော်က RFA ကို ပြောပါတယ်။
"အဲဒီမှာဂိတ်မှာရှိတဲ့ လုံခြုံရေးဂိတ်မှာရှိတဲ့ ရဲဘော် လေးယောက်ပေါ့နော်၊ စုစုပေါင်း ကျွန်တော်တို့ ငါးယောက်< ခြောက်ယောက်လောက် ရှိမှာပေါ့နော်။ အဲဒီမှာ သူတို့နဲ့ တွေ့တဲ့အချိန်မှာ သူတို့ကလည်း မိုင်းတွေဘာတွေ ရှောင်ပြီးမှ လာခဲ့တာပေါ့လေ၊၊ လာခဲ့တော့ အဲဒီမှာ ဂိတ်မှာရှိတဲ့ ရဲဘော်တွေထဲက တစ်ယောက်ကတော့ လွတ်မြောက်တယ်၊၊ ဒါပေမဲ့ ကျန်တဲ့ လေးယောက်ပေါ့နော်၊ ကျန်တဲ့လေးယောက်ကတော့ ကျွန်တော်တို့ အဲဒီနေရာမှာ ဖမ်းမိသွားတယ်ပေါ့နော်၊၊ ဖမ်းမိသွားတယ်၊၊ ပြီတော့ တပ်ရင်းက တစ်ယောက်ကတော့ ထွက်ပြေးတယ်ပေါ့နော်၊၊ ထွက်ပြေးတဲ့အခါမှာ ပေါင်ကို ကျည်မှန်တယ်၊ သေနတ်မှန်တယ်၊၊ မှန်တော့ သူကလည်း အဲဒီနေရာမှာပဲ ပစ်သတ်ခံရတယ်ပေါ့နော်၊၊ အဲဒီတော့ စုစုပေါင်း ငါးယောက်ပေါ့နော်၊ ငါးယောက် ပစ်သတ်ခံရတယ်၊၊ ပြီးတော့ မသေမရှင် ပစ်သတ်ပြီးတော့မှ အရှင်လတ်လတ်လို့ ပြောလို့ရတာပေါ့နော်၊၊ မီးရှို့ပြီးတော့ ကင်းတဲပေါ်မှာ မီးရှို့ပြီးတော့ ဇရပ်နဲ့တွဲပြီး မီးရှို့ပြီးတော့ ပစ်သတ်ပြီးတော့ မီးရှို့သတ်ဖြတ်ခဲ့တယ်ပေါ့နော်"
ကျားခဲရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကြောင်းထိုးစီးနင်းခဲ့တာဖြစ်ပြီး အဲဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပြီးနောက်မှာမှ မီးရှို့ခံထားရတဲ့ အလောင်းလေးလောင်းနဲ့ ရွာအပြင်မှာသတ်ဖြတ်ခံရတဲ့ တစ်လောင်းကို တွေ့ရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့မှာလည်း မြိုင်မြို့နယ်၊ ပေါင်းတည်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်ခဲ့ပြီး ချောက်တောင်းရွာကိုလည်း မြေပြင်ကနေ စစ်ကြောင်းထိုး မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါင်းတည်ရွာမှာ ဘုန်ကြီးကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦး ဒဏ်ရာရခဲ့သလို ချောက်တောင်းရွာမှာတော့ နေအိမ် ၁၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့အခြေစိုက် စစ်ကောင်စီတပ်သား သုံးဆယ်ခန့်ဟာ မြိုင်မြို့နယ် လင်းကတောရွာ ရဲကင်းစခန်းကို ရိက္ခာပို့ပြီးအပြန် ချောက်တောင်းရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဓိက လင်းကတောကို ရိက္ခာလာပို့တာ။ ပေါင်သုံးရာဗုံး ချသွားတာတော့ ပေါင်းတည်ရွာက ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တစ်အိမ်တော့ ပျက်စီးတယ်။ လူထိခိုက်က တစ်ယောက်တော့ရှိတယ် အပေါ်ယံ ရှပ်ထိတယ်လို့ ပြောပါတယ်။ ရိက္ခာပြတ်တယ်၊ မြိုင်နယ်မှာရှိတဲ့ စခန်းတွေက ရိက္ခာပြတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လေယာဥ်နဲ့ လာချပေးလည်း သူတို့ထဲ ကျတာမဟုတ်ဘူး၊ ဘေးတွေကျတာ၊၊ သူတို့က အချိန်မရွေး ဘန်ကာထဲနဲ့ ဗုံးခိုကျင်းထဲမှာဘဲ နေရတာ"
မြိုင်မြို့နယ်ကနေ ပခုက္ကူမြို့ဘက် စျေးသွားဝယ်တဲ့ကားတွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပျူစောထီးရွာတွေဘက် ရိက္ခာပို့ခိုင်းတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့က မြိုင်ဘက်ကလာတဲ့ ဒေသခံကား ငါးစီးကို မြို့အဝင် သံလမ်းစစ်ဆေးရေဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နှစ်စီးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ သုံးစီးကိုတော့ ပခုက္ကူမြို့အခြေစိုက် တပ်ရင်း (၁၀၁) ထဲမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့နယ်ထဲက ရွာပေါင်း ၁၅ ရွာကိုလည်း အောက်တိုဘာလ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့တာကြောင့် အဲဒီရွာခံအားလုံး ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေတန်းတစ်၊ ဆင်မင်း၊ ကွန်းရွာ၊ ဒေါင်းစား၊ နှောကုန်း၊ ကင်မွန်းခါး၊ နတ်ကျွန်း၊ ဘုရားကုန်း၊ ဆိပ်ကမ်းသာယာ၊ မကျီးပင်ပု၊ ထန်းတောစု၊ ကျွန်းအို၊ မယ်တော်လှ၊ ဥယျာဉ်စု၊ အရှေ့မြင်းကျွန်း စတဲ့ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာဟာ သန်းခေါင်စာရင်းကိစ္စတွေအတွက်ပါ ဖြစ်နိုင်တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ လူဦးရေစာရင်း လိုက်ကောက်၊ အိမ်ထောင်စုစာရင်းလိုက်ကောက် ဘာညာကွီကွကို မြို့နဲ့နီးတဲ့ ပခုက္ကူတို့၊ မြို့သစ်တို့၊ စက်မှုဇုန်တို့ ဒီလိုနေရာတွေမှာ သူတို့ အင်နဲ့အားနဲ့သုံးပြီးတော့ လူဦးရေစာရင်း လိုက်ကောက်တာတွေ မြင်တွေ့နေရတယ်၊၊ အင်အား သုံးရာပတ်ချာလည်လောက် ရှိတယ်ဗျ၊၊ မြို့နဲ့အနီးတစ်ဝိုက်မှာတော့ သူတို့ တင့်ကားတွေ တင့်ကားနှစ်စီး စသုံးလာတယ်ပေါ့နော်၊၊ ပထမဦးဆုံးကတော့ ရွေးကောက်ပွဲပေါ့နော်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အချက်အလက်တွေ လုပ်ချင်တယ်ပေါ့နော်၊ သန်းခေါင်စာရင်းဘာညာ ကောက်ချင်တာ လုပ်ချင်တာတို့ပေါ့နော်၊ နောက်တစ်ခုကတော့ မြို့ကို ကာချင်တာပေါ့နော်၊ အဲဒီအချက် နှစ်ချက်လောက်ပါပဲ"
ဆက်နွှယ်သောသတင်းများ
မကွေးတိုင်းမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရ
ချောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး အပါအဝင် ငါးဦး သေဆုံး
မြိုင်မှာ ရွာနှစ်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး မီးရှို့ဖျက်ဆီးခံရ
လက်ရှိအချိန်အထိ ရွာပေါင်း ၁၂ ရွာခန့်က ဒေသခံ ခုနစ်ထောင်ခန့်ဟာ ဘေးလွတ်ရာမှာပဲ ဆက်ပြီးနေနေရဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကြောင်းတစ်လျှောက် ရွာတွေက ဒေသခံ နှစ်ရာခန့် ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ ၂၇ ရက်နေ့မှာ အများစုကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အယောက်နှစ်ဆယ်ခန့် ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ကြောင်းအရှေ့ကနေ မိုင်းကြိုးဖြုတ်ခိုင်းတာတွေ လုပ်ခိုင်းခဲ့တဲ့အပြင် သုံးဦးကိုလည်း ပစ်ခတ်ခဲ့တယ်လို့ ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောပါတယ်။
ချောက်မြို့နယ်ကရွာတွေကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာနှစ်ရွာကို မီးရှို့ခဲ့သလို လေကြောင်းကနေပါ ပစ်ခဲ့တာကြောင့် ရွာဆယ်ရွာထက်မနည်းက လူတစ်သောင်းခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးနေရတဲ့ ချောက်မြိုနယ် နရွဲတောရွာခံတစ်ဦးက မြေပြင်စစ်ကြောင်းရော လေကြောင်းကပါ ပစ်နေတာကြောင့် စိုးရိမ်နေကြတယ်လို့ RFA ကို ပြောပါတယ်။
"အခြေအနေ ဘယ်လိုရှိလဲဆို အခုလောလောဆယ်မှာ လေယာဥ်တွေပါ ပစ်ကူပေးနေတော့ အခုလည်း ပြည်သူလူထုတွေ ရှောင်နေတာနော်၊၊ အခုက အဆင်မပြေကြဘူး ဟိုရုန်းရုန်း ဒီရုန်းရုန်းနဲ့ စားနပ်ရိက္ခာကို ဘယ်လိုလုပ်ရမှန်းမသိဘူး။ အခက်အခဲတွေက တအားဖြစ်နေတာပေါ့၊၊ အောက်ရန်လည်းကြောက်ရ၊ အထက်ရန်လည်းကြောက်ရ ဖြစ်နေတာ။ အောက်က စစ်ကြောင်းကလာ၊ အထက်က လေယာဥ်ကလည်း လာတာဆိုတော့ နှစ်ရန်ကြီး ကြောက်နေရတာပေါ့၊၊ တစ်ရွာလုံး ရွာနီးချုပ်စပ်က အကုန်လုံး ရှောင်ရတော့တာ၊၊ လေယာဉ်နဲ့သုံးတော့ လေယာဥ်က ဘုန်းကြီးကျောင်းတွေပဲ ကြဲတာ"
"အောက်က စစ်ကြောင်းကလာ၊ အထက်က လေယာဥ်ကလည်း လာတာဆိုတော့ နှစ်ရန်ကြီး ကြောက်နေရတာပေါ့"
စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ နရွဲတောနဲ့ ရွာမရွာကနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အဲဒီရွာနှစ်ရွာ အပါအဝင် ကတိုင်၊ စမ်းရေယာဉ်၊ ညောင်ပင်စမ်း၊ ဆယ်ကန်၊ ညောင်ဇင် စတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
ဒီကိစ္စတွေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး၊၊
တော်လှန်ရေးတပ်တွေအားကောင်းတဲ့ အဲဒီမြို့တွေကို စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ပြီး စစ်ကြောင်းထိုးတာ များလာတာကြောင့် လာမဲ့ ပွင့်လင်းရာသီမှာ တိုက်ပွဲတွေ ပိုများလာနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၂၅ ရက်နေ့စာရင်းအရ စာအရင်းအရ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ နိုင်ငံတစ်ဝန်း လူပေါင်း ၇၂ ဦး သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု အကြိမ်ရေ ပိုတိုးလာတယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က ပြောကြားခဲ့ပါတယ်။