ချောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးအပါအဝင် ငါးဦးသေဆုံး

RFA Burmese
2024.10.29
ချောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးအပါအဝင် ငါးဦးသေဆုံး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး၏ ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က မီးသင်္ဂြိုလ်နေစဉ်။
အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့

မကွေးတိုင်း ချောက်မြို့နယ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ Chauk Revolution Army (CRA) က အောက်တိုဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ၂၇ ရက်နေ့မှာ ရွာမကျေးရွာကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ ချောက်မြို့နယ်အခြေစိုက် အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ ပြန်ကြားတာဝန်ခံက RFA ကို ပြောပါတယ်။

"စစ်ရှောင် အရပ်သားနှစ်ယောက်အပါအဝင် ကျွန်တော်တို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတနဲ့ ရဲဘော်တစ်ဦးကျဆုံးတယ်၊ မကွေးခရိုင်တပ်ရင်းက တစ်ဦး ကျဆုံးတယ်၊ ဒီနေ့မနက် အလောင်းသွားကောက်ပြီး မီးရှို့သင်္ဂြိုလ်လိုက်တယ်"

အဲဒီနေ့ညနေမှာပဲ စစ်ကောင်စီတပ်သားတွေက ရွာမကျေးရွာထဲ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်နှစ်ဆယ် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။ အလားတူ နရွဲတောရွာမှာလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် သုံးဆယ်ကျော် (၃၃ အိမ်) မီးလောင်ပျက်စီခဲ့တယ်လို့ ရေးသားထားပါတယ်။

လက်ရှိ နှစ်ဘက်တိုက်ပွဲတွေကြောင့် ချောက်မြို့နယ်မှာ ကျေးရွာပေါင်း နှစ်ဆယ်ကျော် (၂၂ ရွာ) က ဒေသခံနှစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

ချောက်မြို့နယ်အတွင်းကို အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရာက်ခဲ့တာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၂၅ ရက်ကနေ ၂၇ အထိ လေးရက်အတွင်း စစ်ကောင်စီတပ်နဲ့ အာဠာဝက မြိုပြပြောက်ကျားတပ်အကြား ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် သေဆုံးတာတွေ ရှိတယ်လို့လည်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ ပြန်ကြားတာဝန်ခံက ပြောပါတယ်။ ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

လက်ရှိ စစ်ကောင်စီဘက်က ဧရာဝတီမြစ်ဘက်မှာ ပိတ်ဆို့ထားသလို စလေမြို့ဘက်မှာလည်း အင်အားဖြည့်နေတယ်လည်း ပြောပါတယ်။

ဒီထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၇၂ ဦးရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။