စစ်ရေးပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ် မြို့လေးမြို့က ဒေသခံတွေ တိမ်းရှောင်
2023.12.01

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာတွေ၊ မြို့ထဲဝင်ရောက်နေရာယူတာတွေနဲ့ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ပေါက်တောမြို့ အပါအဝင် စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့ခံ တွေဟာ တိုက်ပွဲ မဖြစ်ပွားတဲ့ ရွာတွေဘက်ကို တိမ်းရှောင်သွားကြပြီလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းပြားမြို့ခံတစ်ဦးကတော့ သူတို့မြို့မှာ မြို့လုံးကျွတ်နီးပါး ထွက်ပြေးသွား ကြပြီလို့ ပြောပါတယ်။
“မြို့ရဲ့ ၉၉ ရာခိုင်နှုန်းကျော်ကတော့ ထွက်ပြေးနေကြရပြီးတော့ မြို့ထဲမှာ တစ်ရာခိုင်နှုန်းတောင် လူတွေက မရှိ တော့ဘူး။ လူတစ်ယောက်မှ မရှိတဲ့အိမ်တွေဆိုရင် အများကြီးပဲ။ အဓိကက စစ်ကောင်စီတပ်က မြို့ပတ်ပြီး လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ပစ်တယ်။ အဲဒါကြောင့် ထွက်ပြေးလာတာဖြစ်တယ်”
မင်းပြားမြို့ ကျိန်းတောင်းဘုရားနဲ့ မြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေက လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်နေတာလို့ သူက ပြောပါတယ်။
အလားတူ ကုလားတန်မြစ်ကြောင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရေယာဉ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နိုဝင်ဘာလ ၂၄ ရက်မှာ ပုဏ္ဏားကျွန်းမြို့ပေါ်က မြို့မဈေးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြို့ပေါ်မှာ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ အဖမ်းအဆီးတွေလည်းရှိတယ်"
အဲဒီအချိန်ကစလို့ ပုဏ္ဏားကျွန်းမြို့ခံအားလုံးနီးပါး တိမ်းရှောင်နေကြတယ်လို့ မြို့ခံတစ်ဦးက RFA ကိုပြောပါ တယ်။
“ကျွန်တော်တို့က မြို့ပေါ်မှာနေရတာ လုံခြုံမှုမရှိဘူး။ လက်နက်ကြီး ကျည်ကျတယ်။ ပြီးရင် ဈေးကလည်း မီးလောင်သွားတယ်လေ။ တိုက်ပွဲကလည်း အချိန်မရွေးဖြစ်လာနိုင်တယ်ဆိုတော့ မြို့သူမြို့သားတွေက လုံခြုံမှု မရှိတော့ဘူး။ မြို့ထဲမှာတော့ လူက ဆယ်ပုံတစ်ပုံလောက်ပဲရှိတော့တယ်။ အားလုံးက လုံခြုံမယ်ထင်တဲ့နေရာ တွေကိုပဲ ထွက်ပြေးတိမ်းရှောင်နေကြတာပေါ့ဗျာ”
ပေါက်တောမြို့မှာလည်း နိုဝင်ဘာလ ၁၆ ရက်က စစ်ကောင်စီရဲ့ မြို့မ ရဲစခန်းကို AAက တိုက်ခိုက်သိမ်းယူပြီး နောက် ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေတာပါ။ လက်နက်ကြီးကျည်ထိမှန်ပြီး နေအိမ်တွေ မီးလောင်တဲ့အပြင် အထပ်မြင့် အဆောက်အအုံတွေမှာ စစ်ကောင်စီတပ်က နေရာယူထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်တွေမြို့ပေါ်မှာတော့ တိုက်ပွဲဖြစ်တာမရှိပေမယ့် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်တာတွေနဲ့ AA နဲ့ ဆက်စပ်တယ်လို့ သံသယရှိသူတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေကြောင့် မြို့ခံတချို့ ထွက်ပြေး တိမ်းရှောင်သွားကြပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြို့ပေါ်မှာ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ အဖမ်းအဆီးတွေလည်းရှိတယ်။ အဲဒါကြောင့် စိုးရိမ်တာပေါ့။ အဲဒါကြောင့် နယ်ဘက်ကို ရှောင်ပြီးနေကြတာပေါ့”
မြို့ပေါ်မှာဆက်ပြီး နေထိုင်နေကြသူတွေအနေနဲ့လည်း ည ၉ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ပြီး အသွားအလာ ကန့်သတ်ခံထားရသလို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှုတွေကြောင့် ကြောက်လန့်နေကြတယ်လို့ ပြောပါတယ်။
ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။ ဒါပေမဲ့ ပေါက်တောနဲ့ ပုဏ္ဏားကျွန်း မြို့ပေါ်ကဒေသခံတွေကို AA က ခြိမ်းခြောက်ပြီး မြို့ကို စွန့်ခွာခိုင်းတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၂၇ ရက်မှာ စစ်ကောင်စီသတင်း ဌာနတွေကတစ်ဆင့် ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံမဖြေ ဆိုပါဘူး။
ရခိုင်ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ မြို့ခံတွေထွက်ပြေးရ တာဟာ စစ်ကောင်စီကြောင့်လို့ ဝေဖန်ပါတယ်။
“အခု စစ်ကောင်စီတပ်က လုပ်နေတာက ပြည်သူတွေကို ရက်ရက်စက်စက်ပေါ့နော် လက်နက်ကြီးတွေနဲ့ ပစ် ခတ်တယ်။ မြို့ထဲရွာထဲကို ပစ်တယ်။ လုပ်စားလို့မရအောင် လုပ်တယ်။ ပြီးရင် ရမ်းသန်းပြီး ဖမ်းဆီးတာပေါ့။ နောက်တစ်ချက်က ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် သုံးတယ်။ အဲဒါကို ပေါက်တောဖြစ်စဉ်မှာ တွေ့ရ တယ်။ AA ကလာပြီး မတိုက်ရအောင်ပေါ့။ အဲဒီလို အခြေအနေတွေ တွေ့ရတယ်။ ဒါကြောင့် ပြည်သူတွေက ကိုယ့်အသက် အန္တရာယ် လုံခြုံရေးအတွက် အဲဒီနေရာက ရှောင်တိမ်းရုံကလွဲလို့ တခြားလုပ်ရမယ့် အခြေအနေ မရှိဘူး။ ဒါကြောင့်လည်းပဲ သူတို့နဲ့ဝေးတဲ့နေရာတွေမှာ ခိုလှုံနေကြတာပေါ့နော်”
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ် စာရင်းတွေအရ ပေါက်တောမြို့ပေါ်မှာ လူဦးရေ နှစ်သောင်းနီးပါး (၁၉,၁၅၇ ဦး)၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ တစ်သောင်းကျော် (၁၃,၀၆၅ ဦး)၊ မင်းပြားမြို့ပေါ်မှာ နှစ်သောင်းကျော် ( ၂၃,၆၆၃ ဦး) နဲ့ စစ်တွေမြို့မှာ တစ်သိန်းကျော် (၁၂၄,၆၇၉ ဦး) နေထိုင်ပါတယ်။ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့က ဒေသခံတွေ မြို့လုံးကျွတ်နီးပါး တိမ်းရှောင်ကြပေမယ့် စစ်တွေမြို့ကတော့ ဒေသခံတချို့သာ တိမ်းရှောင်နေကြတာပါ။ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်အရေအတွက် အတိအကျကိုတော့ RFA အနေနဲ့ မသိရသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ နိုဝင်ဘာလ၂၀ ရက်နေ့ အစီရင်ခံစာ မှာတော့ အခုတိုက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် က ဒေသခံ သုံးသောင်း ကျော် (၃၂,၅၀၀ ဦး) ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။
ဒီ့အပြင် RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ နိုဝင်ဘာလ ၁၃ ရက်က စလို့ နိုဝင်ဘာလ ၃၀ ရက်အထိ လက်နက်ကြီး၊ လက်နက်ငယ် တွေကြောင့် အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး၊ ခုနစ်ဆယ် ဒဏ်ရာ ရရှိခဲ့ပါတယ်။