မြန်မာ့စစ်ရေးပဋိပက္ခနဲ့ ဖြစ်နိုင်ခြေများ

RFA Burmese
2024.05.02
မြန်မာ့စစ်ရေးပဋိပက္ခနဲ့ ဖြစ်နိုင်ခြေများ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်တစ်ဦးအား မြဝတီမြို့နယ်စပ်တစ်နေရာတွင် ၂ဝ၂၄ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: Reuters

“ကျွန်မတို့ရွာက စစ်တပ်ကို လူသုံးဆယ်ပေးရပါတယ်။ လူသုံးဆယ်မပေးရင် ကျွန်မတို့ လုပ်ကိုင်စားသောက်နေတဲ့ ငါးစက်လှေတွေကို ပိတ်မယ်လို့ပြောပါတယ်။ အဲဒီလို ငါးဖမ်းခွင့် ပိတ်မယ်ပြောတော့ ကျွန်မတို့က ကြောက်ပါတယ်။ ဒီ လူသုံးဆယ်ကို ပေးလိုက်ရရင်လည်း ရွာမှာ လူသုံးထောင်လောက် ရှိသေးတယ်။ ဒီလူ သုံးဆယ်သွားရင် ရွာကလူတွေ အဆင်ပြေမယ်။ ငါးဖမ်းခွင့်ပိတ်လိုက်ရင် တစ်ရွာလုံး ငတ်ပြီးသေမယ်။ အဲဒါကြောင့် သူတို့သွားကြတာပါ”

စစ်တွေမြို့နယ်ထဲက ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာအမျိုးသမီး ဒေါ်ဟာဆီနာ (အမည်လွှဲ) ပြောပြတာပါ။ စစ်ကောင်စီတပ်သားတွေက သူတို့ဒုက္ခသည်စခန်းကိုရောက်လာပြီး စစ်သင်တန်းတက်ဖို့ လူစုဆောင်းချိန်မှာ သူတို့တောင်းတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုထုတ်မပေးရင် ဒုက္ခသည်စခန်းမှာ မနေရတော့ဘူးလို့ ပြောတဲ့အပြင် နိုင်ငံတကာအဖွဲ့တွေက ထောက်ပံ့တဲ့ ရိက္ခာတွေ ရတော့မှာမဟုတ်ဘူးလို့လည်း ရွာတာဝန်ခံတွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

“မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာ တပ်သားတွေလည်း ဆုံးရှုံးနေပါတယ်။ တပ်သားတွေ ဆုံးရှုံးတဲ့ ပမာဏက စစ်မှုထမ်းဥပဒေနဲ့ အတင်းအကျပ် စစ်မှုထမ်းခိုင်းပြီး ပြန်လည်ဖြည့်တင်းနိုင်တဲ့ပမာဏထက် အများကြီးပိုများနေပါတယ်

အဲဒီနောက် မတ်လ ၁၃ ရက်နေ့မှာတော့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်နားက တိုက်ပွဲမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာ ၉၇ ဦးရဲ့ ရုပ်အလောင်းတွေကို လာရောက်သယ်ယူဖို့ စစ်တွေမြို့ပေါ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို စစ်ကောင်စီက အကြောင်းကြားခဲ့ပါတယ်။

စစ်ကောင်စီက တောင်းတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ထုတ်မပေးရင် ဒုက္ခသည်စခန်းမှာ မနေရတော့မှာ ဖြစ်သလို ငါးဖမ်းခွင့်ပိတ်ရင်လည်း တစ်ရွာလုံး ငတ်သေမှာစိုးတာကြောင့် မိသားစုဝင်တွေကို စစ်သင်တန်းတက်ဖို့ ထည့်ပေးလိုက်ရတဲ့ ဒေါ်ဟာဆီနာတို့ဟာ လာရောက်သယ်ယူဖို့ အကြောင်းကြားတဲ့ ရုပ်အလောင်း ၉၇ ခုထဲမှာ မိသားစုဝင်တွေ ပါသလား၊ ဒါမှမဟုတ် တခြားတစ်နေရာမှာပဲ သေပြီလား၊ ရှင်နေသေးသလား၊ ဘယ်ရောက်နေသလဲဆိုတာ အခုထိ မသိရပါဘူး။

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည့် မြင်ကွင်းအား ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည့် မြင်ကွင်းအား ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA ကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်ထဲက မြို့ပေါင်း ရှစ်မြို့နဲ့ ချင်းပြည်နယ်ထဲက တစ်မြို့ကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံသားမပေးဘဲ ခေတ်အဆက်ဆက် ဖိနှိပ်လာတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက အဓမ္မစစ်သင်တန်းတက်ဖို့ စုဆောင်းနေတာပါ။ 

ဒါဟာစစ်ကောင်စီတပ် အကြီးအကျယ်ပြိုလဲနေပြီဆိုတာ ပြနေတာဖြစ်တယ်လို့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ အမေရိကန်စစ်တပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

“ဒီ ခြောက်လအတွင်းမှာ စစ်တပ်ဘက်က တစ်ခုခုကျသွားပြီဆိုရင် ပြန်ရဖို့ သူတို့အတွက် မလွယ်တော့ဘူး။ နောက်တစ်ခုက စစ်မှုထမ်းဥပဒေလုပ်လိုက်တာဟာလည်း ငါတို့မှာ လူမရှိဘူးလို့ပြောလိုက်တာ ထင်ထင်ရှားရှား ပဲ။ နောက်တစ်ခုက ကြားထဲမှာနေနေတဲ့ တိုင်းရင်းသာအဖွဲ့တွေက အခုဆိုရင် ဒီဘက်ကိုရောက်လာပြီ။ သူတို့ တွေက ကြားနေနေတာ နိုင်မလား မနိုင်မလား ကြည့်နေတာ။ သူတို့က နိုင်တဲ့သူဘက်ကိုသွားမှာ။ သူတို့ဒီဘက်ကို ရောက် လာတယ်ဆိုတာ တော်လှန်ရေးနိုင်မယ်ဆိုတဲ့ indicator. Tipping point ရောက်သွားပြီဆိုတာ အဲဒါကို ပြောတာ။”

ဒေါ်မီမီဝင်းဘတ်ပြောသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူလအဖွဲ့ တစ်ဖွဲ့ချင်းအနေနဲ့ရော၊ သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ် (PDF) တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေကြတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်ကတည်းကစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့မှာဆိုရင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပူးပေါင်းတပ်တွေဟာ မြ၀တီမြို့အနီးတစ်၀ိုက်က တပ်စခန်းတွေအပါအဝင် KNU တပ်မဟာ (၆) နယ်မြေထဲက သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချစခန်း၊ ခမရ-၃၅၅၊ ခမရ-၃၅၆၊ ခမရ-၃၅၇၊ ဖလူးစခန်းနဲ့ ကျိုက်ဒုံဗျူဟာကုန်းစခန်းတွေကို သိမ်းယူထားပြီးပါတယ်။

မြ၀တီမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ ခလရ-၂၇၅ တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဘက်က မြဝတီမြို့ကို ပြန်လည်ရရှိရေး အတွက် တင့်ကားတွေပါဝင်တဲ့ စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်လာပြီး ဧပြီလ ၂၀ ရက်နေ့ကတော့ လေကြောင်းနဲ့အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဧပြီလ ၂၀ ရက် တစ်ရက်တည်းမှာပဲ ဒေသခံ လေးယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ မြဝတီဒေသခံ လေးထောင်လောက်လည်း ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ရပါတယ်။

ကရင်အပါအဝင် အိမ်နီးချင်းနိုင်ငံတစ်ခုခုနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ပြည်နယ်တွေက တော်လှန်ရေးအင်အားစုတွေဟာ နယ်စပ်ဧရိယာတွေကို ရနိုင်သလောက် သိမ်းပိုက်ဖို့ကြိုးစားနေပုံပေါ်တယ်လို့ စစ်ရေးနဲ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“တော်လှန်ရေးအင်အားစုတွေက နယ်စပ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပုံပေါ်တယ်။ အထူးသဖြင့် အခုနောက်ပိုင်း စဉ်းစားမှုပုံစံက ထိုင်းနဲ့ဆက်စပ်တဲ့ နယ်စပ်ဧရိယာတွေကို တတ်နိုင်သလောက် သိမ်းဖို့ ကြိုးစားနေတဲ့ပုံ ပေါက်တယ်။ တော်လှန်ရေးဘက်ခြမ်းက လူတွေက။ အဲဒီလိုကြိုးစားနေတဲ့အချိန်မှာ အဖွဲ့အစည်းကလည်း များတယ်။ MOD အောက်က PDF တွေ ရှိတယ်၊ Local PDF တွေရှိတယ်။ ဒေသတွင်းမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေ ရှိတယ်၊ အထူးသဖြင့် ကရင်နီဆိုရင် KA လိုမျိုးပေါ့နော်။ နောက်ပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စုဖွဲ့ထားတဲ့ KNDF လိုမျိုးတွေရှိတယ်။ ကလလတ လိုမျိုးတွေ။ ကရင်ဘက်ဆိုလည်း မြဝတီ၊ ကော့ကရိတ်ဘက်မှာ အဲ့ဒီလိုမြင်ရတယ်။ အဖွဲ့အစည်းတွေ များနေတယ်၊ BGF ရှိတယ်၊ KNU ရှိတယ်၊ ဗိုလ်ချစ်သူတို့လည်း ရှိနေတယ်၊ တခြား PDF အဖွဲ့တွေလည်း ရှိနေတယ်။ အဲ့လိုမျိုးရှိနေတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲတွေဖော်ဆောင်တဲ့အခါ သူတို့အချင်းချင်းကြား သတိထားပြီး ထိန်းနေရတာမျိုး တွေ့ရတယ်။ ကရင်နီလိုမျိုးအားလုံး ပီပီပြင်ပြင် ချိတ်ဆက်နိုင်တဲ့ပုံစံမျိုး မတွေ့ရဘူး။ သူတို့အချင်းချင်းကြားထဲမှာ အပြန်အလှန်စောင့်ကြည့်ပြီး ထိန်းနေရတဲ့အခြေအနေမျိုးရှိတယ်။”

ဒေါ်မီမီဝင်းဘတ်ပြောတဲ့ စစ်တပ်မှာ လူအင်အားမရှိတော့ဘူးဆိုတဲ့အချက်နဲ့ ဒေါက်တာ စိုင်းကြည်ဇင်စိုးပြောတဲ့ နယ်စပ်ဒေသတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပုံပေါ်တယ်ဆိုတဲ့အချက်ဟာ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆန်တာဝါ (Jason Tower)ရဲ့ သုံးသပ်ချက်နဲ့ တူနေပါတယ်။

“မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်းက မြို့နယ်တွေကို လက်လွှတ်ဆုံးရှုံးနေရပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်၊ တရုတ်နယ်စပ်တစ်လျှောက်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ ကရင်ပြည်နယ်တွေက မြို့နယ်တွေ ဖြစ်ပါတယ်။ ဒီလို နယ်မြေတွေဆုံးရှုံးနေရတဲ့ အခြေအနေကနေ အချိန်တိုအတွင်းမှာ ပြောင်းလဲလာဖို့ မရှိသေးပါဘူး။ မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာ တပ်သားတွေလည်း ဆုံးရှုံးနေပါတယ်။ တပ်သားတွေ ဆုံးရှုံးတဲ့ ပမာဏက စစ်မှုထမ်းဥပဒေနဲ့ အတင်းအကျပ် စစ်မှုထမ်းခိုင်းပြီး ပြန်လည်ဖြည့်တင်းနိုင်တဲ့ပမာဏထက် အများကြီးပိုများနေပါတယ်။ အသစ်ရောက်လာတဲ့ တပ်သားတွေဟာလည်း အတင်းအကျပ် စစ်တိုက်ခိုင်းခံရတာဖြစ်တဲ့အတွက် စစ်မြေပြင်ရောက်တာနဲ့ ရန်သူတပ်ဖွဲ့တွေဆီကို အရောက်သွားပြီးလက်နက်ချ အညံ့ခံဖို့၊ ဒါမှမဟုတ် တပ်ကိုစွန့်ခွာထွက်ပြေးဖို့ အလားအလာများနေပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့စစ်လက်နက်ပစ္စည်းတွေ အလုံးအရင်းနဲ့ သိမ်းဆည်းရမိတဲ့ အခြေအနေတွေကလည်း ဆက်လက်ဖြစ်ပွားနေမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်မှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ မတ်လ (၇)ရက် နေ့မှာစတင်ခဲ့တဲ့ ထိုးစစ်အပြီး တစ်လကျော်ကြာတိုက်ပွဲကာလအတွင်း စခန်းတွေကနေ စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားတာများလာပြီး လက်ရှိ သိမ်းယူထားတဲ့ စစ်ကောင်စီတပ်စခန်း ခြောက်ဆယ်ကျော်ရှိတယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က လွယ်ဂျယ်မြို့အဝင် ဆိုင်းဘုတ်အနီးတွင် တွေ့ရစဉ်။ (Photo: FreeKachin/Twitter)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က လွယ်ဂျယ်မြို့အဝင် ဆိုင်းဘုတ်အနီးတွင် တွေ့ရစဉ်။ (Photo: FreeKachin/Twitter)

KIA ဌာနချုပ်ရှိရာ လိုင်ဇာ အနီးတစ်ဝိုက်မှာ ဆယ်စုနှစ်ချီကြာ စစ်ကောင်စီတပ်စွဲထားတဲ့ ဘွမ်ရယ်၊ ခယာအပြင် အရင် KIO ဌာနချုပ်ဖြစ်ခဲ့ တဲ့ နာဖော့ တပ်စခန်းတွေကို KIA က သိမ်းယူထားပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်ပြီး စီးပွားရေးအရ အရေးပါတဲ့ လွယ်ဂျယ်မြို့ကိုလည်း ထိန်းချုပ်ထားပါတယ်။

“ကချင်ဘက်ကလည်း နယ်စပ်ဘက်ကို အဓိကဦးစားပေးပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ တွေ့ရတယ်။ ကချင်ဒေသတွင်းမှာလည်း စကစတပ်တွေ ကျန်နေသေးတာတော့ရှိတယ်။ အဲဒါတွေမှာတော့ ဘယ်လိုဆက်ပြီး လှုပ်ရှားကြမယ် ဆိုတာ ကွဲကွဲပြားပြား မသိရသေးဘူး။” လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နိုင်ငံအနှံ့က တိုက်ပွဲတွေအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေက ခရိုင်အဆင့်မြို့တွေအပါအဝင် မြို့နဲ့ရွာပေါင်း ၃၂ နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကချင်ပြည်နယ်တွင်းမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြည်သူလုထုနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေဆဲဖြစ်တာကြောင့် ကချင်ပြည်နယ်၊ မိုးမောက် မြို့နယ် မင်းဂျမ်းရွာက အသက် ၄၀ အရွယ် ဦးမောင်ထွေး ဟာ မတ်လ ၂၅ ရက်နေ့ မနက်မှာ နေအိမ်မှာနေထိုင်ရင်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးနှစ်လုံးဟာ ဦးမောင်ထွေးအပြင် နောက်ထပ် ကလေးသုံးဦးကို ထိမှန်ပြီး တစ်မိသားစုထဲက စုစုပေါင်း လေးဦး တစ်ချိန်ထဲ အသက်ဆုံးခဲ့ရတယ်လို့ ကျန်ရစ်သူ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးတစ်လုံးက ကျော်သွားတဲ့အချိန်မှာ ကလေးတွေက အိမ်ထဲမှာ၊ လူကြီးတွေက အပြင်မှာ။ ကလေးတွေကို ကင်းပုန်းထဲ သွားဖို့ပြောနေတဲ့အချိန်မှာ နောက်တစ်လုံးက ကျလာတာ။ နောက်တစ်လုံးကျတဲ့ အချိန်မှာ ကလေးတွေက မလွတ်တော့ဘူး။ အိမ်ထဲမှာ တစ်ခါတည်း တန်းကျသွားတာ”

ကယားပြည်နယ် (ကရင်နီ) မှာတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာစခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးအတွင်း ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မယ်စဲ့မြို့နဲ့ မော်ချီးမြို့၊ ရွာသစ်မြို့၊ နန်းမယ်ခုံ၊ ရှားတောမြို့ တို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီး လွိုင်ကော်မြို့ကိုတော့ ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်တယ်လို့ ကရင်နီတပ်မတော် (KA) က ထုတ်ပြန်ထားပါတယ်။

ကျန်မြို့နယ်တွေဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်းနဲ့ လွိုင်ကော်မှာတော့ စစ်ကောင်စီတပ်စခန်းနေရာတွေက လွဲပြီး ကျန်နေရာတွေကို တော်လှန်ရေးအင်အားစုတွေက အသာစီးရ ထိန်းချုပ်ထားနိုင်ပါတယ်။ ကရင်နီ-ရှမ်း နယ်စပ် မိုးဗြဲမြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ပါတယ်။ ဖယ်ခုံမြို့မှာလည်း စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ တပ်စခန်းအတွင်းမှာသာ ရှိနေကြပါတယ်။

ကရင်နီဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များအား မိုးဗြဲမြို့အတွင်း ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)
ကရင်နီဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များအား မိုးဗြဲမြို့အတွင်း ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီကို တိုက်ခိုက်ပြီး ထိန်းချုပ်နိုင်တဲ့နယ်မြေတွေရှိနေပေမယ့် အဲဒီအထဲမှာ အချင်းချင်းကြားမှာ ချိတ်ဆက်ဆောင်ရွက်နိုင်မှုမှာတော့ ကရင်နီအဖွဲ့တွေက ပိုအားကောင်းတယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“အခုလက်ရှိအခြေအနေမျိုးမှာ နယ်စပ်တွေကို ထိန်းချုပ်သွားနိုင်တဲ့အခါကျတော့ နယ်မြေအနေအထားအရ ကရင်နီလိုမျိုးဆိုရင် တောင်တွေ ပေါတဲ့နေရာမျိုး ဖြစ်နေတော့ ထိုင်းနယ်နိမိတ်နဲ့ ကပ်သွားတဲ့အခါကျတော့ လေယာဉ်အန္တရာယ်က နည်းနည်းသက်သာတယ်လို့ ပြောလို့ရတယ်၊ အဲဒါမျိုးဆိုရင် ပြန်လည်ထူထောင်ရေးကိစ္စ၊ ပညာရေး၊ ကျန်းမာရေး စဉ်းစားတာ တွေ့ရတယ်။ သူတို့ စုဖွဲ့မှုပုံစံပေါ့ ဥပမာ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ရှိတယ်၊ ဥပဒေပြုရေးအဖွဲရှိတယ်၊ တရားဥပဒေစိုးမိုးရေးပိုင်းဆိုင်ရာကိစ္စတွေ စတင်ဆောင်ရွက်လာ တာ တွေ့နေရတယ်။ ဒါကတော့ ဒေသအရ နယ်မြေပုံစံလည်း ကွာတယ်၊ လူဦးရေလည်း နည်းတယ်၊ ရှိနေတဲ့ အဖွဲ့တွေကြားမှာ အချင်းချင်းကြားမှာ ချိတ်ဆက်မှုတွေ ပတ်သက်မှုတွေရှိကြတော့ နည်းနည်းလေး အခြေအနေကောင်းတာ တွေ့ရတယ်။”

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အခုလို နယ်မြေအများအပြားကို ထိန်းချုပ်နိုင်နေပြီဖြစ်ပေမဲ့ စစ်တပ်ဘက်မှာ ခေါင်းဆောင်ပြောင်းသွားရင် စစ်ကောင်စီဘက်က ပြန်ပြီးအားသာသွားမှာလို့ စစ်တပ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။

"တိုင်းရင်းသားနေရာတွေ လက်လွှတ်တယ်ဆိုတာက ယာယီပါ။ ပြောရလို့ရှိရင် ခေါင်းဆောင်မှုက လိုနေတာ၊ အရည်အချင်းရှိတဲ့လူက စီမံခံခွဲနိုင်တယ်ဆိုရင် သူဘက်က အချိန်မရွေး အားသာချက်ပြန်ဖြစ်သွားမှာ၊ အားလုံးက စိတ်ဓာတ်တက်ကြွသွားမှာ၊ ဒီအချက်က စစ်တပ်ထဲမှာ အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲဖို့ လိုနေတာ၊ စစ်တိုက်တတ်တဲ့လူတွေက အများကြီးပါ၊ ပင်စင်သွားနေတဲ့လူတွေလည်း အများကြီး၊ အစ္စရေးလိုပေါ့ တိုင်းပြည်အရေးကြုံလိုရှိရင် ဗိုလ်ချုပ်ဟောင်းတွေပါ ခေါ်ပြီး တိုင်ပင်ဆွေးနွေးတာမျိုးက ဒီမှာက ရှိမှမရှိဘဲ၊ ဒီမှာက ဘယ်သူသဘောနဲ့ လုပ်နေမှန်းလည်း မသိဘူး၊ ကိုယ်ဘာသာကိုယ် မတိုင်ပင်ဘဲနဲ့ လုပ်နေတဲ့ပုံစံမျိုးကို မြင်တွေ့နေရတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီစီမံကွပ်ကဲမှုမျိုးကို တစ်ခါမှ မမြင်ဘူးလို့၊ စစ်သမိုင်းမှာလည်း မတွေ့ဖူးဘူး”

စစ်ကိုင်းတိုင်းအတွင်းမှာတော့ အခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး ကလေး၊ ကနီ၊ မင်းကင်း၊ တန့်ဆည်၊ ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့် စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ ပထမဆုံးလက်လွှတ်ခဲ့ရတဲ့ ကောလင်းမြို့ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို ခပ်စိပ်စိပ် ထိုးစစ်ဆင်တိုက်ခိုက်နေသလို မြို့တွေကိုပါ တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်းနေပါတယ်။

“စစ်ကောင်စီရဲ့ အခြေအနေက စစ်ရေးအရ အရှုံးပေါ်နေပါပြီ၊ ဗုန်းဗုန်းလဲ မကျဆုံးသေးတဲ့ အခြေအနေပါ၊ ကျဆုံးခါနီးအမြင့်ဆုံး အခြေအနေကို ပြိုလဲခါနီး အခြေအနေကို ရောက်နေပြီလို့ ကျွန်တော်က သုံးသပ်ပါတယ်"

စစ်ကိုင်းတိုင်းအတွင်းက အစုအဖွဲ့တွေကြားမှာ ပွတ်တိုက်မှုတွေရှိနေတာကတော့ မကောင်းတဲ့ အလားအလာ ဖြစ်တယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“သူတို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုက စစ်ရေးအရ ရင်ဆိုင်ရသလို အုပ်ချုပ်ရေးပိုင်းဆိုင်ရာစုဖွဲ့မှု အထူးသဖြင့် နိုင်ငံရေးအာဏာ တည်ဆောက်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ကိုလည်း ဖော်ဆောင်နေရတယ်၊ အာဏာဖော်ဆောင်တဲ့ လုပ်ငန်းစဉ်နဲ့ တိုက်ပွဲတွေဖော်နေတဲ့ လက်နက်ကိုင်အင်အားစုတွေ ကြားမှာလည်း အပွတ်အတိုက်တွေ ရှိတယ်။ ဒါတောင် NUG ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တစ်ခုတည်းရှိနေတာတောင်မှ ပွတ်တိုက်မှု ရှိနေတာ။ NUG ခေါင်းစဉ်အောက်မှာမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် စုဖွဲ့တဲ့အဖွဲ့တွေကြားမှာ ပွတ်တိုက်မှု၊ ပဋိပက္ခဖြစ်သွားနိုင်ခြေ ကိစ္စက ပိုများတယ်လို့ ပြောလို့ရတယ်။ မြေပြင်မှာ အချင်းချင်းကြားထဲ သတ်မိဖြတ်မိတာ၊ ဖမ်းဆီးတာ၊ အရေးယူတာတွေလုပ်ကြတော့ မြေပြင်မှာ ရှုပ်ထွေးမှုတွေရှိနေတာတွေ့ရလိမ့်မယ်။ ဒါက အခြေအနေမကောင်း ဘူး ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ လက်နက်ကိုင်တိုက်ပွဲဆိုတာက ထိခိုက်နစ်နာမှုအနည်းဆုံးနဲ့ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ဆုံး အခြေအနေမျိုး ဖြစ်နေတဲ့အချိန်ကျတော့မှ လက်နက်ကိုင်တော်လှန်ရေးဆိုတာကို နားလည်ပြီး လူထုက လက်ခံပူးပေါင်းနိုင်မယ်။ အဲ့လိုမျိုးမဖန်တီးနိုင်ရင် အခြေအနေက အဆင်မပြေနိုင်ဘူး"

ဗမာအမျိုးသားဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး စတဲ့နေရာတွေမှာ မြို့သိမ်း တိုက်ပွဲတွေ မဆင်နွှဲနိုင်သေးပေမဲ့ စစ်ကောင်စီဟာပြိုလဲတော့မဲ့ အခြေအနေရောက်နေပြီလို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

"အဓိကပြောရရင်တော့ ကျွန်တော်တို့ တိုင်းရင်းသားပြည်နယ်တွေမှာတော့ နေရာအသီးသီးမှာ အောင်ပွဲရနေတာပါ၊ ပြတ်ပြတ်သားသား အောင်ပွဲရဖို့ အားနည်းနေတဲ့နေရာဆိုရင် အဓိကအားဖြင့် ဗမာအမျိုးသားဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး စတဲ့ အဲနေရာတွေကတော့ အပြည်အစုံ မြို့သိမ်းတိုက်ပွဲတွေ မဆင်နွှဲနိုင်သေးဘူးပေါ့၊ ကျန်တဲ့နေရာတွေကတော့ ဒေသအလိုက် ကိုယ်ကလွှမ်းမိုးနိုင်တယ်လို့ ပြောလို့ရပါတယ်၊ အဓိကအားဖြင့် လယ်သမားတွေက လက်နက်ကိုင်ပြီး သူပုန်ထတဲ့ နေရာတွေ ဖြစ်ပါတယ်။ တူးမီးနဲ့ စခဲ့ကြရတာပါ၊ အဲချိန်ကနေ ဒီနေ့အထိ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူး၊ အဲတာကြောင့်လည်း ဒီလို့ဖြစ်နေတာလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ စစ်ကောင်စီရဲ့ အခြေအနေက စစ်ရေးအရ အရှုံးပေါ်နေပါပြီ၊ ဗုန်းဗုန်းလဲ မကျဆုံးသေးတဲ့ အခြေအနေပါ၊ ကျဆုံးခါနီးအမြင့်ဆုံး အခြေအနေကို ပြိုလဲခါနီး အခြေအနေကို ရောက်နေပြီလို့ ကျွန်တော်က သုံးသပ်ပါတယ်"

ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ဝင်ရောက်ခိုလှုံခဲ့ကြသည့် စစ်ကောင်စီတပ်သားများနှင့် ဝန်ထမ်းများအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က ပြန်လည်ပို့ဆောင်စဉ်။ (Photo: AFP)
ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ဝင်ရောက်ခိုလှုံခဲ့ကြသည့် စစ်ကောင်စီတပ်သားများနှင့် ဝန်ထမ်းများအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က ပြန်လည်ပို့ဆောင်စဉ်။ (Photo: AFP)

မြန်မာ့အရေးလှုပ်ရှားနေတဲ့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်ကတော့ ၁၀၂၇ တော်လှန်ရေးနောက်ပိုင်းကတည်းက တော်လှန်ရေးဘက်တော်သားတွေဘက်က အသာစီးရသွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေးစပြီးကတည်းက တော်လှန်ရေးဘက်က Tipping Point ရောက်ပြီ၊ အားသာသွားပြီလို့ ကျွန်မပြောခဲ့ပါတယ်။ ကျွန်မတို့ရဲ့ Data က ပြတာတော့ စစ်ကောင်စီဟာ အလယ်လောက်မှာပဲ ထိန်းနိုင်တော့တယ်။ ဥပမာ နေပြည်တော်လို မြို့ကြီးတွေပေါ့နော်။ ပြန်ပြီးတော့ သုံးသပ်ရမယ်ဆိုရင် တော်လှန်ရေးဘက်က Joint operation အပိုင်းမှာ ပိုပြီးတော့ တိုးတက်လာတယ်။ intelligence operation လည်းတိုးတက်လာ တယ်။ စစ်တိုက်တယ်ဆိုတာ intelligence operation က အရမ်းအရေးကြီးတယ်။ intelligence ကောင်းလာ လေလေ ရန်ကူကိုဘယ်လိုနိုင်အောင်တိုက်ရမလဲဆိုတာ သိလေလေပဲ။ အဲဒါ ကျွန်မ အမြဲတမ်းပြောတယ်။ intelligence ဘယ်လိုတိုးတက်လာလဲဆိုတာ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ သွားတွေ့တယ်။ Drone Strike လုပ်တဲ့အခါ ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘာရှိသလဲဆိုတာ သူတို့သိနေသလိုရှိတယ်။ ထိထိမိမိရှိတယ်။ ဆိုပါတော့ intelligence မကောင်းရင် ဘယ်လောက်ဒရုန်းရှိနေနေ သွားပစ်လိုက်တဲ့ဟာတွေက တန်ဖိုးမရှိတဲ့ဟာတွေဆို အလကားပဲ။

တော်လှန်ရေးအင်အားစုတွေဘက်က Joint operation နဲ့ intelligence operation အပိုင်းမှာ ပိုပြီး တိုးတက်လာတယ်တယ်လို့ ဒေါ်မီမီဝင်းဘတ်က ပြောချိန်မှာ အငြိမ်းစားစစ်တပ်အရာရှိတစ်ဦးကတော့ စစ်ကောင်စီတပ်ဘက်မှာ အင်မတန်ညံ့ဖျင်းတဲ့အကွက်တွေပဲ တွေ့နေရတယ်လို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ စစ်တပ် ပြုတ်ကျသွားစရာအကြောင်းတော့ မရှိဘူးလို့ ဆိုပါတယ်။

“အခုဖြစ်ရတဲ့ကိစ္စတွေမှာ ဒီဘက်က အင်မတန်ညံ့ဖျင်းတဲ့ ကစားကွက်တွေ ကျွန်တော် တွေ့ပါတယ်။ ဘာဖြစ်လို့လည်းဆို အစကတည်းက တပ်နေရာချထားမှုတွေ၊ ပြင်သင့်ပြင်ထိုက်တာတွေ မပြင်ဘူး၊ နောက် အစွန်အဖျားနေရာတွေကို သွားပြီးတော့ တပ်တွေကို အတင်းခုခံခိုင်းနေတဲ့ ကိစ္စတွေပေါ့နော်၊ ခွာစစ် ခံစစ် လှုပ်ရှားစစ် ခံစားတာ မရှိဘူး၊ နောက်ဆုံးမှာတော့ ဒီမိုကရေစီအစိုးရတစ်ခုကို (ရွေးကောက်ပွဲ)လုပ်လို့ရတဲ့နေရာတွေကို လုပ်ပြီး ပေးလိုက်တာနဲ့ တစ်ပြိုင်တည်း ဟိုဘက်ကလူတွေက သွားပြီဗျ၊ အဲကြောင့် ကျွန်တော့်အမြင်ကို ပြောမယ်ဆိုရင် စစ်ရေးတစ်ခုတည်း မပြီးဘူး။ စစ်ရေးက ၂၀ ရာခိုင်နှုန်းပဲရှိတယ်၊ နိုင်ငံရေးက ၈၀ ရာခိုင်နှုန်းရှိတယ်။ နိုင်ငံရေးအရ ရွေးကောက်ပွဲကို လုပ်ပေးနိုင်တယ်။ နောက်တစ်ခုက သူလည်းခံနေရတယ်ဆိုတော့ သူဘာခံရတယ်ဆိုတာ သိသွားပြီ၊ သူဒရုန်းမှာ ခံရတယ်၊ ဒရုန်းနည်းပညာမှာ သူအငိုက်မိသွားတယ်၊ ဒါကို သူထည့်မစဉ်းစားမိဘူး။ အခုသူ ဒရုန်းတွေနဲ့ ပြန်ချနေပြီ၊ ဒါတွေက နည်းပညာအငိုက်၊ နည်းဗျူဟာအငိုက် ဒါတွေက နောက်ပိုင်းမှာ ရဖို့မရှိတော့ဘူး EAO တွေရော၊ အဲတာတွေကြောင့် ဒီအနေအထားကြီးက စိတ်တော့စိတ်ပျက်စရာ၊ ဒါပေမဲ့ လုပ်တတ်ကိုင်တတ်မယ်ဆိုရင်အခြေအနေက စောစောစီးစီးပြန်ကောင်းမယ်၊ မလုပ်တတ်မကိုင်တတ်ဘူးဆိုရင်တော့ နည်းနည်းကြာမယ်၊ ဘယ်လိုနည်းနဲ့မှ ဒီအင်စတီကျူးရှင်းကြီးကတော့ ပြုတ်ကျသွားစရာ အကြောင်းမရှိဘူး၊ စီမံခန့်ခွဲမယ့်သူတော့ လဲကောင်းလဲရလိမ့်မယ်၊ ဒါကို ကျွန်တော် သွားမြင်ပါတယ်။ "

မြန်မာစစ်တပ်ထဲမှာ ကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်အရာရှိပြောတဲ့ စစ်ကောင်စီတပ်ရဲ့ စိတ်ပျက်စရာအနေအထားကို ဝါရှင်တန်ဒီစီ အမျိုးသား စစ်ကောလိပ်က အရှေ့တောင် အာရှရေးရာ လေ့လာသုံးသပ်သူ Zachary Abuza ကလည်း မြင်ပါတယ်။ ကွာခြားတာကတော့ စစ်တပ်အရာရှိဟောင်းက ဒီအခြေအနေကို မလုပ်တတ် မကိုင်တတ်သူတွေရဲ့ ညံ့ဖျင်းတဲ့ ကစားကွက်တွေလို့ သုံးနှုန်းပြီး Zachary Abuza ကတော့ ကယောင်ချောက်ချားဖြစ်နေသူတွေရဲ့ မိုက်မဲတဲ့လုပ်ရပ်တွေလို့ သုံးနှုန်းတာပါပဲ။

“စစ်ခေါင်းဆောင်တွေက အမှန်တရားကို ငြင်းဆန်နေဆဲပဲ။ ဒါပေမဲ့စီးပွားရေးကပြိုလဲနေပြီ။ တိုက်ပွဲတွေမှာ ရှုံးနေပြီ။ မြို့ကြီးတွေမှာ အကြမ်းဖက်မှုတွေပိုများလာပြီး ဒရုန်းတိုက်ခိုက်မှုတွေဟာ မြို့တော်အထိရောက် နေပြီ။ စစ်ဗိုလ်ချုပ်တွေဟာ NUG နဲ့ မဟာမိတ်တွေကြောင့် ခေါင်းစားနေရပြီ။ ကယောင်ချောက်ချား ဖြစ်နေတဲ့သူတွေဟာ မိုက်မဲတဲ့အလုပ်တွေပဲ လုပ်မှာပဲလေ။ အခုအချိန်မှာ အဲဒါကပဲ အကြီးဆုံးအောင်ပွဲ ဖြစ်ကောင်းဖြစ်မှာပါပဲ။”

အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့သည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: The Lawngtlai Post)
အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့သည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: The Lawngtlai Post)

၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး တိုက်ပွဲကျသူ၊ လက်နက်ချသူ၊ တပ်ထဲကထွက်ပြေးသူတွေ ထောင်ချီရှိခဲ့တဲ့ စစ်ကောင်စီ တပ်ဟာ ကမ္ဘာသိအထိနာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ကျရှုံးမှုအပြီး ဖယ်ဒရယ်ပြည်ထောင်စုကို ဆက်သွားနိုင်ဖို့ ကတော့ ရှိနေတဲ့အစုအဖွဲ့ အချင်းချင်းကြားမှာ နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းမှုတွေ အများကြီးရှိဖို့လိုသေးတယ်လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“စစ်ကောင်စီကို အပြီးသတ်ချေမှုန်းမယ် ပြီးသွားရင် စစ်ကောင်စီမပါတဲ့ ဖက်ဒရယ်စစ်တပ်နဲ့ ဖက်ဒရယ်နိုင်ငံ တည်ထောင်မယ်ဆိုတာ ရည်မှန်းချက်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ အဲ့ဒီလောက် ရိုးစင်းမနေဘူး။ လမ်းများအားလုံး နေပြည်တော်သို့ ဆိုတာက တကယ်တမ်း စိတ်ကူးအရဆိုရင်တော့ အရမ်းကောင်းတဲ့ ရည်ရွယ်ချက်ဖြစ်နေပေမဲ့ တကယ် အလုံးအရင်းနဲ့ဆင်းလာပြီး ရှိသမျှ အင်အားစုတွေ စုစည်းပြီး တိုက်ကြမယ် ခိုက်ကြမယ်ဆိုတာက မြေပြင်မှာလည်း ချိတ်ဆက်မှု အားကောင်းဖို့ လိုသလို၊ ရှိနေတဲ့ အစုအဖွဲ့ တွေကြားမှာလည်း အချင်းချင်း နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းမှုတွေ အများကြီး လိုသေးတယ်။”

လောလောဆယ်မှာတော့ နိုင်ငံရဲ့ နယ်မြေထက်ဝက်ကျော်ကို တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်နိုင်နေပြီဆိုပေမဲ့ လေတပ်ရှိတဲ့စစ်ကောင်စီဟာ နိုင်ငံအနှံ့က ပြည်သူလူထုနေထိုင်ရာ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ပြည်သူလူထုဟာလည်း ဒီနေရာမှာ တိုက်ပွဲဖြစ်လို့ လွတ်မယ်ထင်တဲ့နေရာကို စစ်ဘေးရှောင်ရင်း ရှောင်တဲ့နေရာမှာပါ လေကြောင်းနဲ့ တိုက်ခိုက်ခံနေရလို့ တစ်ဖက်နိုင်ငံအထိ စစ်ရှောင်ဖို့ပြင်ဆင်နေရတဲ့ နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း စစ်ဘေးဒုက္ခသည်တွေအဖြစ် ရှိနေကြဆဲဖြစ်နေကြောင်းကို မြဝတီမြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးရဲ့စကားက သက်သေခံနေပါတယ်။

“မိသားစုက ယောက်ျားက လေဖြတ်နေတော့ ဒီနားမှာပဲ ခိုကပ်ပြီး နေနေရတယ်။ ၃ လပိုင်း ၇ ရက်နေ့ သင်္ဃန်းညီနောင်မှာ စစ်ဖြစ်တော့ ဒီဘက်ကို ရောက်လာတာ။ ဒီမှာရောက်ပြီး တစ်လကျော်ပဲ ရှိသေးတယ်။ ဒီမှာတစ်ခါ စစ်ထပ်ဖြစ်တော့ ပြေးနေရတယ်။ အလုပ်အကိုင်လည်း မရှိတော့ စားဝတ်နေရေးအခက်အခဲတွေ ရှိတယ်။ လုံခြုံမှုမရှိဘူး။ ကြောက်နေရတယ်။ ဘယ်အချိန်များရောက်လာမလဲဆိုပြီး၊ သူတို့ဒီဘက်မှာ တအားဖြစ်လာရင် ဟိုဘက်ပြေးရမယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။