နိုင်/ကျဉ်းမရှိဘူးဆိုတဲ့ ထုတ်ပြန်ချက် ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆို


2019.04.26
prison-free-622.jpg သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ စစ်တွေအကျဉ်းထောင်ကနေ လွတ်လာသူကို ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA
အခုလ ၂၂ ရက်နေ့က အကျဉ်းဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့ ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ နိုင်ကျဉ်းအဖွဲ့တွေနဲ့ ရှေ့နေတွေက တောင်းဆိုနေကြပါတယ်။

ဒီနေ့မှာတော့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းဝင် နိုင်ငံရေး အကျဉ်းသားတွေကို နောက်လာမယ့် လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါလာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~
နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့ ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆို
(ဝေမာထွန်း)

■ အကျဉ်းဦးစီးဌာနက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မကြာမီ လွှတ်ပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့်မှာ AAPP စာရင်းဝင် နိုင်ငံရေးအကျဉ်းသားတွေ ပါလာနိုင်တယ်လို့ ပြောလာပါတယ်။

ဒီအခြေအနေတွေအရ အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ သမ္မတအပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သဘောတူညီချက်မပါဘဲ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဖြစ်တယ်ဆိုတဲ့ ယူဆချက်က နိုင်ကျဉ်းအဖွဲ့တွေနဲ့ ရှေ့နေရှေ့ရပ်တွေကြား ပိုမိုခိုင်မာလာပါတယ်။

"ဦးဇော်ဌေးလို သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် တစ်ယောက်ရဲ့ ပြောတဲ့စကားသာလျှင် တန်ဖိုးရှိတယ်။ အဲဒီအကျဉ်းဦးစီးဌာနက ပြောတာက ဒါလုံးဝကို မသင့်တော်ဘူး။ ဦးဇော်ဌေးက ပြောလိုက်တဲ့အခါကျတော့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာကို အသိမှတ်ပြုလိုက်တာ။ အကျဉ်းဦးစီးဌာနက အခုလို ထုတ်ပြန်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပြန်ပယ်ဖျတ်သင့်ပါတယ်"

တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် ပြောသွားတာပါ။

အကျဉ်းဦးစီးဌာနက အခုလ ၂၂ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားမရှိဘူးဆိုတဲ့ ကြေညာချက်တစ်စောင်ကို အကျဉ်းဦးစီးဌာနရဲ့ တံဆိပ်ခေါင်းအပါအဝင် ပြည်ထဲရေး၊ သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးတို့က တာဝန်ရှိသူတွေရဲ့ လက်မှတ်မပါဘဲ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးပုဒ်မ၊ နိုင်ငံရေးပြစ်မှုဆိုတာ သတ်မှတ်ထားတာမရှိတဲ့အတွက် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားမရှိဘဲ ရာဇဝတ်ပြစ်မှုတွေကျူးလွန်လို့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေသာရှိတယ်ဆိုတဲ့ အကျဉ်းဦးစီးရဲ့ ထုတ်ပြန်ချက်ဟာ လုပ်ပိုင်ခွင့်ကို ဘောင်ကျော်နေတယ်လို့ နိုင်ကျဉ်းအဖွဲ့တွေနဲ့ ရှေ့နေရှေ့ရပ်တွေက ထောက်ပြကြပါတယ်။

ပြစ်ဒဏ်ကို လျော့ပေးချင်လို့ နိုင်ငံရေးအကျဉ်းသားအဖြစ် အမည်ခံတာဆိုတဲ့ ပြောဆိုချက်တွေအပေါ် အစိုးရအနေနဲ့ အကျဉ်းဦးစီးကို သတိပေးအရေးယူဖို့လိုတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

"ဒါဟာ အကျဉ်းဦးစီးဌာနက လုပ်ပိုင်ခွင့်ထက် အများကြီးကျော်လွန်နေတာကို တွေ့ရပါတယ်။ အကျဉ်းဦးစီးဌာနက ထုတ်ရမယ့် စာသားလည်း မဟုတ်ပါဘူး။ ထုတ်ရမယ့် အခွင့်အာဏာလည်း မရှိပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့ ကိစ္စတွေက နိုင်ငံတော်သမ္မတနဲ့ တိုက်ရိုက်ဆိုင်တဲ့ကိစ္စပါ။ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့ကိစ္စဟာ နိုင်ငံတော်အစိုးရအနေနဲ့ အကျဉ်းဦးစီးကို Warning ပေးရမယ့် ကိစ္စပါ။ ဒါမှမဟုတ်ဘူးဆိုရင် လုပ်ပိုင်ခွင့်တွေကျော်ကျော်ပြီး လုပ်နေတာကို နိုင်ငံတော်က ဒီတိုင်းကြီး လက်ပိုက်ကြည့်နေတာတော့ မဖြစ်သင့်ပါဘူး"

မြန်မာနိုင်ငံက အသင်းအဖွဲ့တစ်ခုလို့ AAPP ကို ရည်ညွှန်းပြီး၊ အဲဒီအဖွဲ့က နိုင်ငံရေးအကျဉ်းသားလို့ ပြောထားသူ ၄၈ ဦးကို စိစစ်ခဲ့ရာမှာ ပြစ်ဒဏ်ကျခံနေရဆဲ ၃၇ ဦး၊ လွတ်မြောက်ပြီးသူ ၄ ဦး၊ ရှာမတွေ့သူ ၇ ဦးရှိပြီး သူတို့တွေဟာ နိုင်ငံတော်လုံခြုံရေးကို ထိပါးတာ၊ လက်နက်ကိုင်ဆောင်တာ၊ နိုင်ငံတော်ကို ပုန်ကန်တာ၊ အကြမ်းဖက်မှုတွေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချလို့ ပြစ်ဒဏ်ကျခံနေရသူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာ အစိုးရက အကျဉ်းထောင်အသီးသီးမှာ ဘဝတူနိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်ဆိုတာ ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့လိုနေပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

"အစိုးရအနေနဲ့ လွှတ်တော်အနေနဲ့က နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက် ပီပီပြင်ပြင် တရားဝင်ပေါ်ပေါက်ဖို့ ကြိုးစားရမယ် အားထုတ်ရမယ်ဆိုတဲ့ အခြေအနေနဲ့ အချိန်အခါကို ရောက်ပြီ။ သူတို့လည်း ထောင်အသီးသီးမှာ ဖြတ်သန်းခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ခဲ့တဲ့အပေါ်မှာ မူတည်ပြီး ဘဝတူနိုင်ငံရေး အကျဉ်းသားဆိုတဲ့မူပေါ်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အသီးသီးမှာ ရှိနေတယ်ဆိုတာ ပြောဖို့လိုပြီ"

နှစ်ဆန်းတစ်ရက်နေ့အပြီး ဒီနေ့မှာတော့ သမ္မတက အကျဉ်းသား ခုနှစ်ထောင်နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံပေးလိုက်ပါတယ်။

ဒီနေ့လွတ်မြောက်လာသူတွေထဲမှာ AAPP စာရင်းဝင် နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်တဲ့ မြစ်ကြီးနားအကျဉ်းထောင်က ဦးဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့ ပါဝင်လာခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မြန်မာနှစ်ဆန်းတစ်ရက်နေ့က သက်ကြီးရွယ်အိုတွေ၊ အသက်ငယ်ရွယ်သူတွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ စည်းကမ်းလိုက်နာသူတွေနဲ့ မူးယစ်ဆေးဝါးဥပဒေ မပြင်ဆင်ခင်က ထောင်ဒဏ်ချမှတ်ထားသူတွေကို ပြစ်မှု၊ ပြစ်ဒဏ် မမျှတလို့ ပြန်လည်စိစစ်ပြီး လွှတ်ပေးခဲ့တာလို့ ဒီနေ့ သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

နောက်မကြာမီလာမယ့် လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ AAPP စာရင်းဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာနိုင်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

"ကျနော်တို့ အဲဒါတွေနဲ့ ပတ်သက်ပြီး ဝေဖန်နေတာ။ အထူးသဖြင့် AAPP စာရင်းတွေရှိတယ်။ အဲဒါတွေလည်း ကျနော်တို့ ပြန်သုံးသပ်နေတယ်။ လူကြီးတွေလည်း ဒါကို အလေးထားပြီး ဆောင်ရွက်နေတယ်။ မြန်မာ လူ့အဖွဲ့အစည်းကြားမှာ ကြီးကြီးမားမားဖြစ်သွားသူတွေလည်းရှိတယ်။ အဲဒါတွေလည်း နောက်အသုတ် ကျရင်ပါလာဖို့ မှန်းတယ်။ အဲဒါကတော့ ထွက်လာမှ ကြည့်လိုက်ပေ့ါနော်"

နောက်လာမယ့် တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း အကျဉ်းသားဦးရေ ၆၀၀၀ ကျော်ပါလာမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောထားပြီး အဲဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ AAPP စာရင်းဝင် နိုင်ကျဉ်းအားလုံး လွတ်မြောက်လာမယ်လို့ အများကမျှော်လင့်နေကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။