နှစ်သစ်မှာ နိုင်ကျဉ်း ၂ဝဝ ကျော် လွှတ်ပေးဖို့ AAPP တောင်းဆို

ဝေမာထွန်း
2020.04.10

နှစ်သစ်ကူး သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထည့်သွင်းစဉ်းစားနိုင်ဖို့ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမည်စာရင်းကို နိုင်ငံတော်သမ္မတရုံးထံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ပေးပို့ထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ထောင်တွင်းနဲ့ ထောင်ပြင်ပ အမှုရင်ဆိုင်နေရတဲ့ နိုင်ကျဉ်းအားလုံးကို အမှုကနေ ပလပ်ပေးဖို့ AAPP က လိုလားနေတာပါ။

နှစ်ဆန်း ၁ ရက်နေ့မှာ ပေးလေ့ရှိတဲ့ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်နိုင်ရေး အတွက် နိုင်ကျဉ်းစာရင်းကို ဧပြီလ ၈ ရက်နေ့က သမ္မတရုံးထံ AAPP က ပေးပို့ခဲ့တာပါ။

AAPP စာရင်းအရ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၀  ကျော်၊ ထောင်ထဲကနေ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄၀ ခန့်၊ ပြင်ပမှာ အမှုရင်ဆိုင်နေရသူ ၄၃၀ ခန့်ရှိနေပါတယ်။

အစိုးရက အကျဉ်းသားတွေကို လျော့ချဖို့ ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေကြားနေရတယ်လို့ AAPP ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် က ပြောပါတယ်။

“သူတို့ မတောင်းပါဘူး ကျွန်တော်တို့ တင်ထားပေးတာ၊ စဉ်းစားရင် တခါတည်း ထည့်စဉ်းစားပေးလို့ရအောင် ကျွန်တော်တို့ ပို့တာ၊ လောလောဆယ်တော့ ကျွန်တော်တို့ ဘာမှမသိရသေးပါဘူး။ အကျဉ်းသားတွေကို လျော့ချဖို့အတွက် စိစစ်နေတာတွေရှိတယ်လို့တော့ ကျွန်တော်တို့ တရားမဝင် ကြားရတာပေါ့လေ။ နှစ်ဆန်း ၁ ရက်နေ့ လိုမျိုးမှာ လွှတ်မယ်ဆိုရင် နိုင်ကျဉ်းတွေက လူ့အဖွဲ့အစည်းအတွက် အန္တရာယ် အနည်းဆုံးသူ ဖြစ်တဲ့အတွက် သူတို့ကိုလည်း ခြွင်းချက်မရှိလွှတ်ပေးသင့်တယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။”

ရန်ကုန်မြို့ အင်းစိန်ထောင်၊ မန္တလေးမြို့ အိုးဘိုထောင်တွေအပါအဝင် အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားတွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၊ ငြိမ်းစုစီ ဥပဒေပုဒ်မ၊ မတရားအသင်း အက်ဥပဒေ၊ ပေါက်ကွဲမှု အက်ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတာပါ။

ဧပြီလ ၉ ရက်နေ့ မှာ ရန်ကုန်အင်းစိန်ထောင်ကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ရုန်းရင်း ဆန်ခတ် ဖြစ်စေရန်သဘောနဲ့ ရည်ရွယ်ရန်စမှု ပုဒ်မ ၁၅၃ တို့နဲ့ ထောင်ဒဏ် ၁ နှစ် ကျခံခဲ့ရတဲ့ မနေဇာထွန်း လွတ်ရက်စေ့လို့ ပြန်လွတ်လာခဲ့ပါတယ်။

မနေဇာထွန်းဟာ မောင်ဖြစ်သူ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လွတ်မြောက်ဖို့ ဆန္ဒပြရင်း တရားစွဲ ထောင်ချခံခဲ့ရတာပါ။ သူ့ကို AAPP က နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားပါတယ်။

အကျဉ်းထောင်ကနေ လွတ်မြောက်လာသူ မနေဇာထွန်းက နှစ်ဆန်း(၁) ရက်နေ့ လွတ်ငြိမ်းမှာ အထွေထွေ အကျဉ်းသားတွေကို လွတ်မြောက်စေလိုတယ်လို့ ပြောပါတယ်။

“လွတ်စေချင်တယ်။ ဒီလိုရောဂါတွေဖြစ်နေတဲ့ အချိန်မှာ သူတို့ရဲ့ မိသားစုတွေလည်း အရမ်းကို စိုးရိမ်ကြမယ်၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်အင်္ဂါချို့ယွင်းသူတွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ နိုင်ငံရေးသမားတွေ အဲဒါတွေအကုန်လုံးကို လွတ်စေချင်တယ်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အကျဉ်းထောင်တွေထဲက အကျဉ်းသား ဦးရေ လျှော့ချပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မြန်မာအစိုးရကို တိုက်တွန်းထားသလို AAPP ကလည်း မတ်လကုန်လောက်က သမ္မတရုံးထံ စာပေးပို့ တောင်းဆိုထားပါတယ်။

ဗိုင်းရပ်ပိုး ကူးစက်မှုမရှိစေဖို့ အင်းစိန်ထောင်အတွင်း ဆောင်ရွက်နေတဲ့ အခြေအနေတွေကို မနေဇာထွန်းက အခုလို ပြောပြပါတယ်။

“ဗုဒ္ဓဟူးနေ့က သံသယလူနာတစ်ယောက်ပါလာတယ်။ မိန်းခလေးဘက်က အဲဒီက တောက်လျှောက် ပိုးသတ်ဆေးတွေဖျန်းပေးနေတာ။ တရုတ်ပြည်ဘက်က ဝင်လာတဲ့တစ်ယောက် ထောင်ထဲကို ပါလာတာ၊ ဆရာဝန်တွေ ဘာတွေနဲ့ သူတို့ သေချာစမ်းသပ်ပြီးတော့ ချက်ခြင်းပဲ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီက စပြီးတော့ ပိုးသတ်ဆေးတွေ တစ်ရက်ခြားတစ်ခါတော့ ဖြန်းပေးနေတယ်။ အချုပ်ဘက်က ပါလာတာ။"

လွတ်ငြိမ်းသက်သာခွင့် ပေးမယ်ဆိုရင် လက်ရှိ အသွားအလာ ကန့်သတ်ထားချိန်မှာ  ဘယ်လို စီစဉ်ဆောင်ရွက်မလဲ ဆိုတာနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဒုတိယညွန်ကြားရေးမှူး ဦးရဲရင့်နိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်းမရှိပါဘူး။

အကျဉ်းဦးစီးဌာနကတော့ အကျဉ်းထောင်တွေထဲ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုမရှိအောင် ပိုးသတ်ဆေးဖျန်းတာ၊ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပတ်သက်လို့တော့ နိုင်ငံတော် သမ္မတရုံးက တစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။

၂၀၁၉ ခုနှစ်က အထူးအစီအစဉ်အနေနဲ့ သမ္မတက ဧပြီနဲ့ မေလ ၂ လအတွင်း လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ် ပေးခဲ့လို့ အကျဉ်းသား နှစ်သောင်းသုံးထောင်ကျော် လွတ်မြောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။