အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ ၄၁၀၀ ကျော်ရှိလာကြောင်း AAPP ထုတ်ပြန်
2023.10.02

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဒီနေ့အထိ အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ ရှိနေဆဲဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ၂၀၂၃ စက်တင်ဘာလကုန်အထိ အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူပေါင်း ၄,၁၀၀ ကျော် (၄,၁၃၁ ဦး) ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
"သေသွားတဲ့ အလောင်းကလည်း ဘာမှ ကြည့်လို့ မရတော့ဘူးလေ။ ခေါင်းခွံကလည်း ဦးနှောက်က ပွင့်ထားတယ်"
အဲဒီအထဲမှာ ပုံစံအမျိုးမျိုးနဲ့ သတ်ဖြတ်ခံရမှုတွေ ပါဝင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူက ပြောပါတယ်။
“စုစုပေါင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ၄,၁၀၀ ကျော်ရှိတဲ့ထဲမှာ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတာ ၁၄၀၀ ကျော်ရှိတယ်။ ကျန်တဲ့သူတွေကတော့ သေနတ်နဲ့ ပစ်သတ်ခံရတာ၊ လက်နက်ကြီး ထိမှန်တာ၊ အရှင်လတ်လတ် မီးရှို့ခံရတာတွေ လေကြောင်း တိုက်ခိုက်ခံရတာတွေ၊ ဆန္ဒပြပွဲတွေကို ဖြိုခွင်းတဲ့အချိန်တုန်းက သတ်ဖြတ်ခံရတာတွေ၊ နောက် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ခေါင်းဖြတ်သတ်ဖြတ်ခံရတာ စတဲ့အကြောင်းတွေလည်း ပါပါတယ်ပေါ့နော်”
ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရ၊ သေဆုံးခဲ့ရသူဟာ ၁၄၄၃ ဦး၊ သတ်ဖြတ်ခံရတဲ့ အမျိုးသမီး ၆၁၃ ဦး၊ သတ်ဖြတ်ခံရတဲ့ ကလေးသူငယ် ၄၆၆ ဦး ရှိနေတယ်လို့လည်း အေအေပီပီ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးကို စစ်ကောင်စီက ထောင်ပြောင်းရွှေ့ရာကနေ အကျဉ်းသားတချို့ ပစ်သတ်ခံရတဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။ စစ်ကောင်စီကတော့ ထောင်ကားမှောက်ချိန် အကျဉ်းသားတွေ ထွက်ပြေးရာကနေ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုထားပြီး အဲဒီထဲမှာ သေဆုံးခဲ့ရသူ အသက် ၃၁ နှစ်အရွယ် ကိုနေအေးရဲ့ မိတ်ဆွေကတော့ နိုင်ကျဉ်းတွေ ထွက်ပြေးလို့ ပစ်သတ်တာ မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“သူတို့ဒိုက်ဦးကနေ ပြောင်းတယ်ဆိုတဲ့ ၃၇ ယောက်ကို ကားတစ်စီးတည်းနဲ့ ပြောင်းခဲ့တယ်လို့ ပြောပါတယ်။ တိမ်းမှောက်မှုမျိုး ရှိခဲ့လို့ ထွက်ပြေးဖို့ ကြိုးစားတဲ့သူ အနည်းစုရှိခဲ့တယ်ဆိုရင်လည်း သူတို့က အကျဉ်းသား တွေကို သံခြေချင်းခတ်ထားတာ ပြီးတော့ နှစ်ယောက်တစ်တွဲခတ်ထားတာ ပြေးဖို့နေနေသာသာ လမ်းတောင် ကောင်းကောင်းလျှောက်လို့ အဆင်မပြေလောက်ပါဘူးဗျ။ မျက်လုံးထဲ မြင်ကြည့်ရင်လည်း ထွက်ပြေးဖို့ ကြိုးစားလို့ သုံးလေး ငါးယောက်ကို သူတို့ ပစ်သတ်လိုက်တယ်ဆိုရင်လည်း ကျန်တဲ့ အယောက် ၃၀ ကြီးက ကျန်နေသေးတယ်”
ကိုနေအေးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့မှာ စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ထောင်ဒဏ်တစ်သက်ချမှတ် ဖမ်းဆီးထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
RFA က အတည်ပြုနိုင်ခဲ့သလောက် အဲဒီဖြစ်စဉ်မှာ သေဆုံးသူ အနည်းဆုံး ၁၃ ဦးအထိ ရှိခဲ့ပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားတဲ့ နေရာတွေမှာလည်း အရပ်သားတွေ သတ်ဖြတ်ခံရပါတယ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာတော့ ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က ညောင်လယ်ရွာကို စစ်ကြောင်းဝင်ရောက်ပြီး အသက် ၅၈ နှစ်အရွယ် ဦးခင်မောင်ချင်းကို နေအိမ်ထဲ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“သေသွားတဲ့ အလောင်းကလည်း ဘာမှ ကြည့်လို့ မရတော့ဘူးလေ။ ခေါင်းခွံကလည်း ဦးနှောက်က ပွင့်ထားတယ်။ တစ်ကိုယ်လုံး မဲတူးပြီးတော့ တံတောင်ဆစ်နဲ့ အရှေ့ကို အရိုးလေး နည်းနည်းပဲ ရှိတော့တယ်။ ကျန်တဲ့ဟာတွေက မရှိတော့ဘူးလေ။ ဘာပြောချင်လဲဆိုတော့ မကျေနပ်ဘူး။ ကိုယ်တတ်နိုင်သလောက် ပြန်လုပ်မယ်လို့ပဲ တွေးထားတယ်။ ကလဲ့စားချေတဲ့ စိတ်မျိုးလို့ ပြောရမှာပေါ့။ အဲဒီလို စိတ်ထဲပါမှာပေါ့”
ညောင်လယ်ရွာထဲမှာ အဲဒီနေ့က ဦးခင်မောင်ချင်း အပါအဝင် ဒေသခံသုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။
အကျဉ်းထောင်တွင်း၊ စစ်ကြောရေးအတွင်း ဖမ်းဆီးထားသူတွေ သတ်ဖြတ်ခံရတာနဲ့ စစ်ကြောင်းထိုးရင်း ရွာတွေမှာ သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသားတွေတင် မဟုတ်ပါဘူး။ အမျိုးသမီး ၁၅ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့ AAPP က ဆိုထားပါတယ်။ သတ်ဖြတ်ခံရတဲ့ ကလေးသူငယ် အရေအတွက်ဟာလည်း ၁၁ ရာခိုင်နှုန်း ရှိနေပါတယ်။
ဒါဟာ စစ်ကောင်စီက အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး ပရိယာယ်တစ်ခုလို အသုံးချနေတာလို့ မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (WLB) တွဲဖက်အထွေထွေ အတွင်းရေးမှူး - ၁ မနန်းမို့မို့က RFA ကို ပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက အမျိုးသမီးနဲ့ ကလေးငယ်တွေကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်တာ၊ အုပ်စုလိုက် သတ်ဖြတ်တာ၊ အစိမ်းလိုက် မီးရှို့ပြီး သတ်ဖြတ်တာ ဒါတွေက သူတို့လုပ်ဆောင်နေတာဟာ ရိုးရိုးသာမန် လူသတ်မှု မုဒိမ်းမှုတင် မကဘဲနဲ့ ဒီဟာသည် သူတို့ရဲ့ စစ်နည်းပရိယာယ်၊ စစ်နည်းဗျုဟာလိုမျိုး စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုနေတာကို ကျွန်မတို့ တွေ့ရတယ်”
ဒီလို သတ်ဖြတ်ခံရမှုတွေကို ဟန့်တာနိုင်ဖို့ စစ်ကောင်စီတပ်ကို ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်ဖို့၊ ပြစ်ဒဏ်ကနေ ကင်းလွတ်နေမှုကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂ မဟာဗျုဟာ လေ့လာရေးအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို ဆက်သွယ်ရာမှာတော့ ဒီအချက်အလက်တွေဟာ ခိုင်မာမှု မရှိဘူးလို့ တုန့်ပြန်ပါတယ်။
“သေဆုံးသွားတယ် ဆိုတဲ့သူတွေက ဘယ်လိုဖြစ်လို့ ဘယ်ကိစ္စကြောင့် နောက်ခံ အကြောင်းတရားရယ်၊ ဘယ်သူ့ကြောင့် သေဆုံးတယ်ဆိုတာရယ် သူတို့ သေချာအတိအကျ ရေးလား။ ဘယ်သူ့ကြောင့်ဖြစ်တယ်လို့ သူတို့ ရေးထားလဲ၊ ဘယ်သူ့ကို ခေါင်းတည်ထားလဲ၊ အဲဒါတွေက ခုန ပြောသလို နောက်ခံအကြောင်းတရား ခိုင်ခိုင်မာမာ မရှိဘဲ တပ်က အာဏာထိန်းလိုက်လို့ ဒီလူတွေ သေသွားတယ်ဆိုတာမျိုး လက်ခံနိုင်စရာ အကြောင်းတော့ မရှိဘူးလေ။ ဘယ်ဘက်ကပဲဖြစ်ဖြစ် အချက်အလက် အထောက်အထား ခိုင်မာဖို့ လိုအပ်တယ်“
AAPP တာဝန်ရှိသူကတော့ ဒီသတ်ဖြတ်မှုတွေကို စစ်တပ်နဲ့ စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်၊ ပျုစောထီး၊ သွေးသောက်၊ စွန်ရဲ စတဲ့ အဖွဲ့အစည်းတွေက ကျုးလွန်နေတာလို့ RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံက စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဆိုးရွားလာနေတဲ့အတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်း ကိုင်တွယ်ခွင့်ပေးဖို့ စက်တင်ဘာလ ၂၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က တင်ပြခဲ့ပါတယ်။