စစ်ကောင်စီလွတ်ငြိမ်းခွင့်ဝေဖန်ခံရ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.04.29
စစ်ကောင်စီလွတ်ငြိမ်းခွင့်ဝေဖန်ခံရ ၂ဝ၂၂ ခုနှစ် ဧပြီ ၁၇ ရက်နေ့က အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေသည့် အကျဉ်းသားမိသားစုဝင်များ။
Photo: RFA

မြန်မာနိုင်ငံမှာ ဒီလ ဧပြီလလယ်ပိုင်း နှစ်သစ်ကူးကာလအတွင်း အကျဉ်းသား ၁၆ဝဝ ကျော်ကို အာဏာသိမ်း စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

အခုလို ပြန်လွှတ်လိုက်တာဟာ အပြင်ပန်းအားဖြင့် ကရုဏာ လုပ်ရပ်အဖြစ် မြင်နိုင်ပေမယ့် အနီးကပ်ကြည့်မယ်ဆိုရင်တော့ တစ်မျိုးမြင်ရမှာဖြစ်ကြောင်း လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဂျာမဏီ အခြေစိုက် Fairplanet အဖွဲ့က ပြောပါတယ်။

အခုပြန်လွှတ်လိုက်တဲ့ အကျဉ်းသားဦးရေဟာ ပြီးခဲ့တဲ့နှစ်က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲ့ ဦးရေ နှစ်သောင်းသုံးထောင်ရဲ့ ဆယ်ပုံတစ်ပုံ မရှိဘူးလို့ဆိုပါတယ်။ ဒါ့ပြင် လွတ်ငြိမ်းခွင့်ပြုခဲ့တဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း မပါဝင်ပါဘူး။

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး လူပေါင်း ၁၃ဝဝဝ ကို စစ်တပ် က ဖမ်းဆီးခဲ့ပြီး ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားသူ ၁၇ဝဝ ကျော် အသတ်ခံခဲ့ရကြောင်း ‌ဒေသခံ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သတင်းဌာနတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်မှု နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၅၆ဝဝ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပေမယ့် ပြန်လွှတ်ပြီးပြီးချင်းမှာပဲ အများအပြား ထပ်မံဖမ်းဆီးခံခဲ့ရလို့ အခုလို ဟန်ပြလွှတ်ပေးခဲ့တဲ့အပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဒီအတွင်း ရုရှားက ယူကရိန်း ကို ကျုးကျော်တဲ့ဖြစ်ရပ် ပေါ်ပေါက်လာတဲ့အတွက် ကမ္ဘာ့အာရုံက ယူကရိန်းဘက်ကို ပြောင်းသွားခဲ့ပြန်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံတွင်းက တက်ကြွလှုပ်ရှားသူအများအပြားကတော့ ဖမ်းဆီးမခံရအောင် အသေးစား လျှပ်တပြက် ဆန္ဒပြပွဲလေးတွေ ဆက်လက် ဖော်ဆောင်နေကြဆဲဖြစ်ပါတယ်။

အရပ်ဝတ်နဲ့ ရဲတွေကလည်း နောက်ကလိုက်နေကြတဲ့အတွက် ပုန်းလျှိုး ကွယ်လျှိုး နေကြရ၊ မိသားစုဝင်တွေလည်း ခြိမ်းခြောက်ခံရ၊ ဖမ်းဆီးခံကြရပါတယ်။

ပြည်ပနိုင်ငံတွေကိုရောက်ရှိသွားကြသူတွေလည်း ပြည်တွင်းကို ပြန်မဝင်နိုင်ကြတော့ပါဘူး။ ပြီးခဲ့တဲ့ မတ်လအတွင်း ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ၃၃ ဦးကို နိုင်ငံသားအဖြစ်က ရပ်စဲလိုက်ပါတယ်။

အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းလည်း ပါဝင်ပါ တယ်။ အခုလို နိုင်ငံသားအဖြစ်က ရုတ်သိမ်းလိုက်တဲ့အတွက် ရုပ်သိမ်းခံရသူတွေဟာ နိုင်ငံမဲ့အဖြစ် ရောက်ရှိသွားခဲ့တဲ့အတွက် လူ့အခွင့်အရေး နဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှုအဖြစ် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

၁၉၉ဝ ပြည့်နှစ်တွေနဲ့ ၂ဝဝဝ ပြည့်နှစ် အစောပိုင်းကာလအတွင်းက ဒီမိုကရေစီရေး ထောက်ခံဆောင်ရွက်ခဲ့သူတွေ အခုထိ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် မရရှိသေးပါဘူး။

ဒီအတွင်း မြန်မာနိုင်ငံမှာ အင်တာနက် ဖြတ်တောက်မှုတွေ ပေါ်ပေါက်နေသလို အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်အတွင်း အင်တာနက် ပိတ်ဆို့ဖြတ်တောက်မှု အနည်းဆုံး ၁ဝ၆ ကြိမ်ရှိခဲ့လို့ ပြီးခဲ့တဲ့ လေးနှစ်အတွင်း ကမ္ဘာ့အင်တာနက် ပြတ်တောက်မှု အများဆုံးဖြစ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြတ်တောက်မှု အနည်းဆုံး ၁၅ ကြိမ် ရှိခဲ့ပြီး၊ ပဋိပက္ခ ဖြစ်ပွားနေတဲ့ အီသီယိုးပီးယား နဲ့ ဂါဇာ ကမ်းမြှောင်လို ဒေသတွေမှာ ပြတ်တောက်မှု ပိုမိုဆိုးရွားနေပါတယ်။

ကမ္ဘာတစ်ဝန်းမှာ အာဏာပိုင်တွေက အကြိမ်ပေါင်း ၁၈၂ ကြိမ်လောက် အင်တာနက် ဖြတ်တောက်ခဲ့ကြောင်း Access Now ခေါ် ဒစ်ဂျစ်တယ် အခွင့်အရေးအဖွဲ့က ပြောပါတယ်။

အင်တာနက် ပြတ်တောက်မှုနဲ့ အာဏာရှင်ဝါဒ ကြီးထွားလာတဲ့ အခြေအနေက တပြိုင်တည်း ပေါ်ပေါက် လာနေကြောင်း Access Now က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။