လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်/ကျဉ်းတွေပါဝင်ဖို့ မျှော်လင့်နေ
2019.04.29

လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၄၅ ယောက် အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် တတိယအကြိမ်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွတ်မြောက်ဖို့ မျှော်လင့်ကြောင်းလည်း AAPP က ဆိုပါတယ်။
RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
(သီရိမင်းဇင်)
■ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ပေးပြီးချိန်အထိ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ငါးယောက်သာ ပြန်လည်လွတ်မြောက်လာသေးပြီး ၄၅ ယောက် ကျန်နေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် တတိယအကြိမ် ထပ်ပေးဦးမှာဖြစ်ကြောင်းနဲ့ အဲဒီအခါမှာလည်း အကျဉ်းသား ခြောက်ထောင်ကျော်လောက်ပါနိုင်မယ်လို့ ခန့်မှန်းကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ဧပြီလ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြောထားပါတယ်။
ကျန်နေသေးတဲ့ ၄၅ ယောက်လုံး ပြန်လွတ်လာဖို့ မျှော်လင့်ကြောင်း AAPP အဖွဲ့ဝင် ဦးအောင်မျိုးကျော် က ပြောပါတယ်။
ဒါ့အပြင် ထူးထူးခြားခြားအနေနဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ နိုင်ငံရေးအကျဉ်းသား လေးယောက်ဟာ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှာ ရှိနေတယ်လို့လည်း သိရပါတယ်။
သူတို့ဟာ လူကယ်ပြန်ဝန်ကြီးဌာနအောက်ကို ရောက်နေတဲ့အတွက် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ အမြဲလွဲနေရပြီး ဒီတတိယအသုတ်မှာလည်း မပါလာမှာကို စိတ်ပူကြောင်း ဦးအောင်မျိုးကျော် က ဆိုပါတယ်။
"သူတို့တွေက ကံဆိုးတာဗျ၊ သူတို့က အကျဉ်းဦးစီးဌာနအောက် မဟုတ်ဘဲနဲ့ လူကယ်ပြန်ဝန်ကြီးဌာနအောက်မှာ ရောက်သွားတဲ့အခါမှာ လွတ်ငြိမ်းချမ်းသာခွင့်လာတိုင်း လာတိုင်း၊ သူတို့တွေက ကျန်ခဲ့တယ်၊ အသက်မပြည့်သေး တဲ့ လူငယ်တွေပေါ့နော်၊ DKBA က ၁၇(၁) နဲ့ ကျထားတဲ့ နှစ်ယောက်၊ နောက်တစ်ယောက်က ၁၇(၁) နဲ့ပဲကျထား တာ ရှမ်းပြည်နယ်ဘက်က၊ နောက်တစ်ယောက်ကျတော့ TNLA နဲ့ဆက်သွယ်တယ်ဆိုပြီးတော့ ၁၇(၁) နဲ့ချထား တာ၊ သူဆိုရင် ပြီးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တုန်းကလည်း သူလွဲသွားတယ်၊ အခု နှစ်ကြိမ်မှာလည်း သူလွဲတယ်ပေါ့နော်၊ ကျနော်တို့ သူတို့ လေးယောက်အတွက်ကို စိတ်ပူတယ်ဗျ"
ကျန်နေသေးတဲ့ နိုင်/ကျဉ်းတွေမှာ လူသိများတဲ့အမှုတွေနဲ့ ဘယ်လိုပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတာလဲ ဆိုတာကိုလည်း
"တစ်ကမ္ဘာလုံးက သိသွားတာကတော့ ကိုဝလုံးတို့ ရိုက်တာသတင်းထောက် နှစ်ယောက်ပေါ့နော်၊ ပြီးတော့ ဒေါက်တာ အေးမောင်တို့ ပါတာပေါ့နော်၊ ကျန်တဲ့သူတွေကတော့ အများစုက ၁၇(၁)တွေရှိမယ်၊ ပုဒ်မ ၅၀၀ နဲ့ အမိန့်ချထားတဲ့သူတွေရှိမယ်၊ နောက် ၅၀၅ က၊ ခ တွေနဲ့ အမိန့်ချထားသူတွေရှိမယ်၊ နောက်မိုးညှင်း အကျဉ်းထောင်မှာရှိတဲ့ ABSDF က ကိုအောင်ဆွေဦး တို့ နှစ်ယောက်ရှိမယ်ပေါ့၊ ကိုအောင်ဆွေဦး ဆိုရင်လည်း NCA လက်မှတ်ထိုးထားတဲ့ ABSDF က ခေါင်းဆောင်တစ်ယောက်ကို ဖမ်းပြီးတော့ ထောင်ချထားတယ်ဆိုတဲ့ဟာ မျိုးတွေပေါ့၊ နိုင်ငံတကာကိုလည်း ဒီကိစ္စတွေက သိသွားစေတာပေါ့၊ သူတို့တွေလည်း ပါလာလိမ့်မယ်လို့ မျှော်လင့်တယ်ပေါ့နော်"
နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ရှိ/မရှိ နေပြည်တော်က သတင်းထောက်တွေရဲ့ ဧပြီလ ၂၆ ရက်နေ့က မေးမြန်းမှုကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ဖြေကြားရာမှာ AAPP စာရင်းတွေကို ပြန်သုံးသပ်နေပြီး လူကြီးတွေလည်း ဒါကို အလေးထားပြီး ဆောင်ရွက်နေကြောင်း၊ မြန်မာလူ့အဖွဲ့အစည်း ကြားမှာကြီးကြီး မားမားဖြစ်သွားသူတွေလည်းရှိကြောင်း၊ အဲဒါတွေ နောက်အသုတ်ကျရင်ပါလာဖို့မှန်းကြောင်း ပြောခဲ့ပါတယ်။
ဦးဇော်ဌေး အဲလိုမဖြေကြားခင် ဧပြီလ ၂၂ ရက်က အကျဉ်းဦးစီးဌာနက နိုင်ငံရေးပုဒ်မ၊ နိုင်ငံရေးပြစ်မှုဆိုတာ သတ်မှတ်ထားတာမရှိတဲ့အတွက် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား မရှိဘဲ ရာဇဝတ်ပြစ်မှုတွေကျူးလွန်လို့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေသာရှိကြောင်း ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသား ဆိုတာနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေရှိနေတဲ့အပေါ် မေးမြန်းရာမှာ ဦးအောင်မျိုးကျော် က
"နိုင်ငံရေးအကျဉ်းသား ဖြစ်ခြင်း/မဖြစ်ခြင်းဆိုတာက ပေါ်လစီကိုင်တဲ့သူတွေနဲ့ပဲ ဆိုင်တယ်လေ၊ အကျဉ်းဦးစီးဌာန ဆိုတာက တရားရုံးကနေ အမိန့်ချလိုက်တဲ့ သူတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ သူတို့တွေ ထွက်မပြေးနိုင်ဖို့၊ သူတို့တွေ အသက်ရှင်လျက်နဲ့ ပြင်ပလောကထဲကို ပြန်ရောက်နိုင်ဖို့၊ ဒါတွေကိုပဲ အဓိက တာဝန်ယူထားရတဲ့ သူတွေလေ၊ အရင်တုန်းက နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုတာ ပြည်ထဲရေးဝန်ကြီးဌာနအဆင့်ကပဲ ပြောခဲ့တာ၊ အခုက အကျဉ်းဦးစီးကနေပြီးတော့ ပြောတာ၊ သူတို့ Page မှာတင်လိုက်တာ Letter Head လည်းမပါ၊ အောက်မှာ ဘယ်သူက တာဝန်ခံပြီးတော့ ဒီဟာကိုထုတ်တယ်ဆိုတာလည်း မပါဘူးပေါ့၊ ဒီအပေါ်မှာတော့ ကျနော်တို့က အငြင်းအခုံဖြစ်စရာလည်း မလိုပါဘူး၊ ကျနော်တို့တွေ အကျဉ်းကျစဉ်အချိန်တုန်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုပြီးတော့ အဲတုန်းက နဝတ၊ နအဖ ဒီအာဏာရှင်တွေက တောက်လျှောက် နိုင်ငံတကာမှာ လိမ်ခဲ့တာလေ၊ အဲဒီပေါ်လစီကို ကိုင်တွယ်ပြီးတော့ပဲ အကျဉ်းဦးစီးက ကျနော်တို့ကို နိုင်ငံရေး အကျဉ်းသားလို့ မသတ်မှတ်ဘဲနဲ့ သီးသန့်အကျဉ်းသားဆိုတော့ တစ်ခြားရာဇဝတ်အကျဉ်းသားတွေနဲ့ အတူတူမထားဘဲ သီးသန့်ထားခဲ့တယ်၊ အဲဒါကြောင့် ကျနော်တို့က လွှတ်တော်တွေ၊ အစိုးရအဖွဲ့တွေကို အမြဲတမ်း တိုက်တွန်းနေတာ၊ ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု တရားဝင် တိတိကျကျ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းပေးဖို့လိုပါတယ်၊ အဲလိုမျိုးတရားဝင် ပြဋ္ဌာန်းထားတာမရှိလို့ အခုလို အငြင်းအခုန်တွေ ဖြစ်နေရတာပေါ့နော်"
သမ္မတရဲ့ တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကို မနက်ဖြန်မှာ ပေးသွားမှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဒီအပေါ်မှာ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။