လွတ်ငြိမ်းချမ်းသာခွင့်ထဲ နိုင်ကျဉ်းတွေပါဝင်မှု နည်းတဲ့အပေါ် ဝေဖန်
2019.04.19

မြန်မာနှစ်ဆန်းတစ်ရက်နေ့ မနေ့က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ ပါဝင်ခဲ့တဲ့အပေါ် လူ့အခွင့်အရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ၊ ရှေ့နေတွေနဲ့ နိုင်ကျဉ်းအဖွဲ့တွေက ဝေဖန်ကြပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
■ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆိုကြပေမယ့် လွတ်ငြိမ်းခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ပါတယ်ဆိုရုံသာ ထည့်သွင်းလွှတ်ပေးတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို သွားနေတယ်ဆိုတဲ့ အစိုးရရဲ့ ပြောဆိုချက်တွေနဲ့ မညီဘူးလို့ လူ့အခွင့်အရေး ဆောင်ရွက်ကြသူတွေက ပြောပါတယ်။
အစိုးရကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာကို လက်မခံတာကြောင့် အခုလိုဖြစ်တာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် က ပြောပါတယ်။
“အစိုးရရဲ့ နိုင်ငံရေးစိတ်ဆန္ဒအပေါ် မူတည်တယ်လို့ ကျနော်တော့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရကိုယ်တိုင်က ဒီနေ့ထိ နိုင်ငံရေးအကျဉ်းသားရှိနေတယ်ဆိုတာကို အသိမှတ်မပြုသေးဘူး။ ဒါကိုက ပကတိကို ပကတိအတိုင်း အရှိကိုအရှိတိုင်း လက်မခံသေးတာလို့ ထင်ပါတယ်။ ဒီလိုမျိုးမဟုတ်ဘဲ ပြဿနာကို ငြင်းဆန်နေရုံနဲ့ ပြဿနာတွေက ပိုပြီးကြီးလာဖို့ပဲရှိပါတယ်။ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ မနေ့က လွတ်မြောက်လာသူတွေထဲမှာ နိုင်ကျဉ်းဆိုလို့ မြင်းခြံအကျဉ်းထောင်က ဦးဇော်လ နဲ့ မန္တလေးထောင်က ဦးမရမ်ဂမ် တို့ နှစ်ဦးပဲ ပါဝင်ခဲ့ပါတယ်။
ဦးဇော်လ ဟာ မုံးကိုးကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး ဦးမရမ်ဂမ် က အတွင်းရေးမှူးဖြစ်ပါတယ်။
မုံးကိုးကာကွယ်ရေးတပ်ဖွဲ့က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ သေဒဏ်အပြင် ထောင်ဒဏ် နှစ် ၆၀ ကျော် ချထားခဲ့တာဖြစ်ပါတယ်။
ဥက္ကဋ္ဌ ဖြစ်သူက အကျဉ်းထောင်အတွင်း သေဆုံးခဲ့ပြီး ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ နှစ်ဦးဟာ ၁၉ နှစ်ကြာ အကျဉ်းကျခံရပြီးနောက် မနေ့က ပြန်လွတ်မြောက်လာပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးမင်း က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ မတရားဖမ်းဆီးခံရသူတွေ မပါဝင်ခဲ့ဘူးလို့ ပြောပါတယ်။
“ကိုဝလုံးတို့တွေ၊ နောက်ကချင်က ငြိမ်းချမ်းရေးတောင်းဆိုနေတဲ့သူတွေ၊ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး တို့ဆိုတာက အမှန်က အစောထဲက သူတို့ မဖမ်းသင့်ဘူးဗျ။ အခြေခံလွတ်လပ်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ၊ လွတ်လပ်စွာသတင်းရရှိခွင့်အတွက် လုပ်ဆောင်ခဲ့သူတွေဖြစ်တယ်။ အောင်ကိုထွေး ဆိုရင်လည်း ကလေးစစ်သားအဖြစ်စေခိုင်းခံရပြီးနောက် ဒါကိုထုတ်ဖော်ပြောဆိုခဲ့လို ထပ်ပြီး အရေးယူခံရတာဖြစ်တယ်။လွတ်ငြိမ်းချမ်းသာခွင့်မှာ ကျန်တဲ့အမှုတွေကြည့်မယ်ဆိုရင် တပ်နဲ့ပတ်သက်တယ်၊ လုံခြုံရေးနဲ့ ပတ်သက်တယ်ဆိုတဲ့အပေါ်မှာ ကျူးလွန်တယ်လို့ သတ်မှတ်ခံရသူတွေ တော်တော်များများ ကျန်ခဲ့တယ်။ လွှတ်သင့်တဲ့သူတွေ မလွတ်တဲ့အခါ ကျနော်တို့ ကြိုဆိုချင်တဲ့သူတွေတောင် အပြည့်အဝကြိုဆိုလို့ မရတဲ့အခြေအနေတွေ ဖြစ်ရပါတယ်။”
၂၀၁၈ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ အကျဉ်းသားဦးရေ ၈၀၀၀ ကျော် လွှတ်ပေးခဲ့ရာမှာ AAPP စာရင်းဝင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် ပြန်လွတ်မြောက်လာခဲ့ပြီး ဒီနှစ်မှာတော့ အကျဉ်းသားဦးရေ ၉၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ ပါဝင်ခဲ့ပါတယ်။
မနေ့က လွတ်မြောက်လာသူတွေရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ကို သမ္မတအနေနဲ့ ပြည်ထဲရေးအပါအဝင် အကျဉ်းဦးစီးက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်နိုင်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။
“လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာလည်း ရှင်းရှင်းပြောရရင် ဘုတ်တရပ်ထိုင်ပြီးတော့ ဆောင်ရွက်တယ်လို့ ကျနော်အဲ့လိုမြင်တယ်။ ပြည်ထဲရေးလည်း ပါကောင်းပါနိုင်တယ်။ အကျဉ်းဦးစီးဌာနက ညွှန်ချုပ်တွေလည်း ပါကောင်းပါနိုင်တယ်။ သတ်မှတ်တဲ့ပုဒ်မအရေအတွက် သတ်မှတ်တဲ့ ကျန်းမာရေး အခြေအနေ ဒါမျိုးတွေကို ရွေးထုတ်ပြီးလုပ်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ပုဂ္ဂိုလ်တွေကတော့ ချွင်းခြက်အနေနဲ့များကျန်ခဲ့သလား။ စိတ်တော့မကောင်းဘူး။ လွှတ်သင့်တဲ့အထဲမှာ ပါသင့်တယ်လို့ ကျနော်မြင်ပါတယ်”
သမ္မတဦးဝင်းမြင့်ရဲ့ မနေ့ကကြေညာချက်အရ အကျဉ်းသားတွေထဲက လွှတ်သင့်၊ လွှတ်ထိုက်သူတွေကို စနစ်တကျစိစစ်နေပြီး လွတ်ငြိမ်းချမ်းသာခွင့် ဆက်ပြီးပေးဖို့ ရှိတယ်လို့ ဆိုတာကြောင့် နိုင်ကျဉ်းတွေကို ထပ်လွှတ်ပေးမလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။
“လွှတ်သင့်တဲ့သူတွေ၊ နှစ်ရှည်လများထောင်သွင်းအကျဉ်းကျခံခဲ့ရသူတွေ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်စေချင်တာပေါ့။ နိုင်ငံရေးအကျဉ်းသားတချို့တော့ ဆက်လက်ကျန်ရှိနေသေးတယ်လို့ ကျနော်တို့သိရပါ တယ်။ သို့သော်လည်းပဲ သမ္မတဦးဝင်းမြင့်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါတဲ့အတိုင်း အသေးစိတ်စုံစမ်းစစ်ဆေး မှုတွေပြုလုပ်ပြီးတော့ လွှတ်ပေးမယ်ဆိုတော့ နောက်ပိုင်းမှာ ဆက်ပြီးလွတ်လာနိုင်တယ်လို့ ကျနော်တို့က မြင်ပါတယ်။”
ဒါကတော့ အာရှလူ့အခွင့်အရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦး ပြောသွားတာပါ။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည် က လွှတ်တော်တွင်းက နိုင်ငံကျဉ်းသားဟောင်း တွေအနေနဲ့ နိုင်ကျဉ်းတွေလွှတ်ပေးဖို့ တိုက်တွန်းဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။
“သမ္မတကြီးရဲ့ ကြေညာချက်ထဲမှာတော့ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေမယ်လို့ လူသားချင်း စာနာထောက်ထားမှုတွေ ပါသော်ငြားလည်း လွှတ်တော်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၀၀ ကျော်ရှိတယ်။ ထိုနည်းတူစွာပဲ အစိုးရအဖွဲ့တွေ ပြည်ထောင်စုအဆင့်မှာကော ပြည်နယ် တိုင်းအဆင့် မှာကောရှိနေတယ်ပေါ့နော်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက်ကို သူတို့နှုတ်ဆိတ်နေတာဖြစ်တဲ့အတွက် အားမလိုအားမရဖြစ်တယ်။”
AAPP ရဲ့ စာရင်းတွေအရ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၄၄ ဦး၊ ထောင်တွင်းအမှုရင်ဆိုင်နေရသူ- ၉၀ ဦးနဲ့ အာမခံနဲ့ အမှုရင်ဆိုင်နေရသူ ၂၂၈ ဦးရှိနေတယ်လို့ သိရပါတယ်ရှင်။