နှစ်နှစ်အတွင်း အာဏာပြန်လွှဲမယ်ဆိုတဲ့ စစ်ကောင်စီပြောဆိုချက် နိုင်ငံရေးပါတီတွေ မယုံကြည်
2021.09.01
စစ်ကောင်စီအနေနဲ့ အာဏာကို ရေရှည်ရယူထားမှာ မဟုတ်ဘဲ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးပြီးတဲ့ နောက် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာပြန်လွှဲပေးမယ့်အကြောင်း ဩဂုတ်လ ၂၇ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းပွဲအတွင်း ပြန်ကြာရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အခိုင်အမာ ပြောဆိုသွားတာပါ။
"ရွေးကောက်ပွဲရလဒ်ကို ဥပဒေနဲ့အညီ ဖျက်သိမ်းပြီးတဲ့နောက်မှာ ရှေ့လုပ်ငန်းစဉ် ငါးရပ်ထဲက နောက်ဆုံး လုပ်ငန်းစဉ်ဖြစ်တဲ့ လွပ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အိမ်စောင့်အစိုးရဆိုတဲ့ အခေါ်အဝေါ်အတိုင်း နိုင်ငံတော်တာဝန်ကို ရေရှည်ရယူထားမယ့် အစိုးရမဟုတ်ပါဘူး။ ဗဟိုချုပ်ကိုင်မှုကို ပိုမိုလျှော့ချပြီး နိုင်ငံတော်တာဝန်တွေကို ပိုမိုလွယ်ကူ လျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ် ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။"
စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်ကောင်စီက အာဏာကို နှစ်နှစ်ပဲ ထိန်းထားလို့ရကြောင်းနဲ့ အဲဒီ နှစ်နှစ် အတွင်းမှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ့်အကြောင်း စစ်အာဏာသိမ်း ခြောက်လပြည့် မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အဲဒီမိန့်ခွန်းမှာပဲ လုပ်ငန်းရပ်အားလုံးကို ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းမှာ ပြီးမြောက်အောင် ဆောင်ရွက် သွားမှာ ဖြစ်ပြီး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က အာမခံသွားပါတယ်။
မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းအရ ခေတ်အဆက်ဆက်မှာ စစ်တပ်ရဲ့လုပ်ရပ်တွေဟာ အပြောနဲ့အလုပ် တစ်ထပ်တည်း မကျတာကြောင့် ရွေးကောက်ပွဲလုပ်ပေးပြီး အနိုင်ရပါတီကို အာဏာပြန်ပေးမယ်ဆိုတဲ့ စကား အပေါ် လုံးဝ အယုံအကြည်မရှိဘူးလို့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
“အခုလက်ရှိ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် အပြောနဲ့အလုပ် တစ်ထပ်တည်းကျတာက မရှိသလောက်ပါပဲ။ ၁၉၉၀ ရွေးကောက်ပွဲကို တစ်ကြိမ်လုပ်ပေးတယ်။ ကတိမတည်ခဲ့ဘူး။ အာဏာလွှဲ မပေးခဲ့ဘူး။ အဲတုန်းကလည်း အတွေ့အကြုံတွေက ရှိခဲ့ပြီးပြီ။ ဒီတစ်ကြိမ်မှာတော့ ဘယ်လိုပဲလုပ်မယ် ဘယ်လောက်ပြောပြော နိုင်ငံတကာနဲ့ချီပြီးတော့မှ လုပ်နေရတဲ့ကိစ္စတွေတောင်မှ သူတို့က ကတိ တည်တာမျိုး မရှိတဲ့အတွက်ကြောင့်မို့ ယုံကြည်ရဖို့ ဘယ်လိုမှမရှိဘူး။ ကျွန်တော်တို့အနေနဲ့လည်း ယုံရဲတဲ့အဆင့်မျိုးထိ မရှိပါဘူး။"
၁၉၈၈ တုန်းကလည်း နိုင်ငံတစ်ဝှမ်းမှာ အဘက်ဘက်က ယိုယွင်းနေတဲ့ အခြေအနေကို အချိန်မီထိန်းသိမ်းဖို့ ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီး၊ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင် က နိုင်ငံ့အာဏာကို ရေရှည်ယူထားမှာမဟုတ်ဘဲ ၁၉၉၀ ရွေးကောက်ပွဲပြီးတဲ့အခါ အနိုင်ရပါတီကို အာဏာ လွှဲမယ်၊ စစ်တပ်က စစ်တန်းလျားကို ပြန်မယ်လို့ လူသိရှင်ကြား ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲမပေးဘဲ တစ်နိုင်ငံလုံးမှာ ရှိတဲ့ NLD ပါတီဝင်တွေကို လိုက်လံဖမ်းဆီးခဲ့တာကြောင့် အချို့နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြီး အချို့လည်း လွတ်မြောက်နယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
၁၉၈၈ ကတည်းက အာဏာသိမ်းလိုက်တဲ့ စစ်တပ်ဟာ ၂၀၁၀ အထိ တိုင်းပြည်ကို ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးတဲ့ နောက် ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သားတစ်ပိုင်း စစ်သားတစ်ပိုင်းအစိုးရအဖြစ် လူသိများတဲ့ သမ္မတဦးသိန်းစိန် အစိုးရကို ပထမဆုံးအကြိမ် အာဏာလွှဲပေးခဲ့တာ ဖြစ်ပါတယ်။
အခုလက်ရှိမှာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NLD ပါတီကို မဲလိမ်မဲခိုးတယ်လို့ စွပ်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် တစ်နိုင်ငံလုံးက NLD အမတ်တွေ၊ ပါတီဝင်တွေကို လိုက်လံဖမ်းဆီးတာကြောင့် ပါတီဝင် ၃၀၀ ကျော် ဖမ်းဆီးခံထားရပြီး အများစုက ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီဟာ NLD ပါတီကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး၊ ရွေးကောက်ပွဲလုပ်ပေးရင်တောင် သူတို့ပဲအနိုင်ရမယ့် အခြေအနေမျိုးကို ဖန်တီးပြီးမှသာ ရွေးကောက်ပွဲ လုပ်ပေးမှာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NLD ဗဟိုကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က အာဏာကိုလိုချင်လို့ကို ယူခဲ့တာ။ တကယ်လို့ ပြန်ပြီးတော့မှ ရွေးကောက်ပွဲ လုပ်ပေးတယ် ဆိုရင်လည်း ချည်ပြီးတုတ်ပြီးသား သူတို့နိုင်မယ့် အခြေအနေရောက်မှ လုပ်မှာ။ NLD က ခေါင်းဆောင်တွေ ဖမ်းထားတာလည်း မလွှတ်ဘူး။ ရွေးကောက်ပွဲအနိုင်ရထားတဲ့ သူတွေကို ၅၀၅ နဲ့ထုတ်ထားလို့ မရှိဘူး။ ကိုဗစ်နဲ့ပဲသေသေ သူတို့ပစ်သတ်လို့ပဲသေသေ အဲဒီလူတွေကို ဖမ်းမှာသတ်မှာဆိုတဲ့ အခြေအနေမျိုး အကုန်လုံးလုပ်ပြီးတော့မှ သူတို့ပဲပြိုင်ပြီး သူတို့ပဲနိုင်မယ့် အခြေအနေမျိုးရှိမှ ရွေးကောက်ပွဲ လုပ်ပေးမှာ။”
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဦးဆောင်ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ ၂၀၂၁ ဖြစ်စဥ်ဟာ ၁၉၈၈ ဖြစ်စဉ်နဲ့ကွဲပြားတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတဲ့ကိစ္စဟာ ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ပြောပါတယ်။
"ပြန်ပြီးတော့မှ ရွေးကောက်ပွဲ လုပ်ပေးတယ် ဆိုရင်လည်း ချည်ပြီးတုတ်ပြီးသား သူတို့နိုင်မယ့် အခြေအနေရောက်မှ လုပ်မှာ။"
NLD ပါတီအနေနဲ့ လက်ရှိ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့တွေနဲ့ ပတ်သက်မှု မရှိဘူးဆိုရင် ရွေးကောက်ပွဲ ပြန်ဝင်နိုင်မယ့်အလားအလာ ရှိကောင်းရှိနိုင်တယ်လို့ ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။
“NLD ပါတီအနေနဲ့ တည်ဆဲဥပဒေကို ချိုးဖောက်တာမရှိဘဲ တရားဥပေဒေဘောင်ထဲမှာ မှန်မှန်ကန်ကန်နဲ့ လုပ်ကိုင်နေတယ်။ လက်ရှိဖြစ်နေတဲ့ PDF NUG CRPH တို့နဲ့ ဘာမှမပတ်သက်ထားဘူးဆိုရင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွယ်မှုမရှိရင် သူတို့ ရွေးကောက်ပွဲ ပြန်ဝင်နိုင်မယ့် အခွင့်အလမ်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က စင်ပြိုင် အစိုးရသဘောမျိုး ဖွဲ့စည်းထားပြီးတော့ အဲလိုမျိုးသွားတဲ့ လမ်းကြောင်းမျိုးကို ရွေးထားတယ် ဆိုရင်တော့ သူတို့ကိုယ်တိုင်က သူတို့ရဲ့ ပါဝင်နိုင်မှုကို အဆုံးသတ်လိုက်တာလို့ သုံးသပ်ရပါလိမ့်မယ်။”
ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှ ကတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာဖြစ်တာကြောင့် လက်ရှိအခြေအနေအရ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ လုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ထောက်ပြ ဝေဖန်ပါတယ်။
လက်ရှိအခြေအနေက ရွေးကောက်ပွဲတစ်ခု ကျင်းပလို့ ရနိုင်တဲ့အနေအထား မဟုတ်တဲ့အတွက် ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စကားအပေါ်မှာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဦးသာထွန်းလှက ပြောပါတယ်။
"ရွေးကောက်ပွဲ အမှန်တကယ် လုပ်ဖြစ်ပါ့မလားဆိုတာကို မေးခွန်းထုတ်ရမယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ရွေးကောက်ပွဲတစ်ခု ကျင်းပလို့ရနိုင်တဲ့ အခြေအနေမျိုး ကျွန်တော်တို့ မမြင်ဘူး။ ရွေးကောက်ပွဲလုပ်မယ် ပြီးရင် အာဏာလွှဲပေးမယ်ဆိုတဲ့ ကိစ္စက န၀တ အစိုးရခေတ်ကလည်း အဲလိုပြောပြီး အာဏာလွှဲပေးတဲ့ အခင်းအကျင်းမျိုးကို မဖန်တီးခဲ့တဲ့အတွက် အဲလိုပြောဆိုမှုအပေါ်မှာတော့ စောင့်ကြည့်ရအုံးမယ်။ မေးခွန်းထုတ်စရာ ရှိသေးတယ်လို့ ပြောလိုတယ်။"

စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရင်တောင် အဲဒီရွေးကောက်ပွဲမှာ NLD မပါဘူးဆိုရင် လွတ်လပ် မျှတပြီး ဒီမိုကရေစီပြည့်ဝတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်သလို၊ နောက်တက်လာတဲ့ အစိုးရကလည်း ပြည်သူ လူထုအများစုရဲ့ ထောက်ခံမှုရတဲ့ အစိုးရမျိုး မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက သုံးသပ်ပါတယ်။
"NLD မပါဝင်ဘူးဆိုရင် ဒီမိုကရေစီပြည့်ဝတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ တက်လာတဲ့အစိုးရကလည်း ပြည်သူလူထုအများစုရဲ့ ထောက်ခံမှုရတဲ့ အစိုးရမဖြစ်နိုင်ဘူး။ အဲလိုတော့ ပြောနိုင်တယ်။ ဒါကြောင့် ဒီလိုအခြေအနေ ဖြစ်လာတဲ့အောက်မှာ တိုင်းပြည်က မငြိမ်မသက်ထပ်ဖြစ်နေမယ်ဆိုရင် NLD ကို မဖျက်သိမ်းဘဲနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်နိုင်အောင် အချိန်ပေး စဉ်းစားနေတယ်လို့ ထင်တယ်။"
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားဟာ နိုင်ငံရေးပြဿနာဖြစ်လာတာကြောင့် နိုင်ငံရေးအရ စဉ်းစားအဖြေရှာဖို့ လိုအပ်တယ်လို့ ဦးရဲထွန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး စစ်တပ်ကျောထောက် နောက်ခံနဲ့ ဖွဲ့စည်းထားတဲ့ USDP ပါတီက ထင်သလောက် အောင်မြင်မှုမရခဲ့တာ၊ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တာတွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က အခြေအနေမျိုးကို ဦးတည် နေတာကြောင့် နှစ် ၃၀ က ပုံစံမျိုးအတိုင်း အတိအကျ သမိုင်းတစ်ကျော့ ပြန်လည်တာမျိုး ဖြစ်မသွားအောင် ပြည်သူလူထုအားလုံး ပါဝင်လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက တိုက်တွန်း ထားပါတယ်။