စစ်တပ် နိုင်ငံရေးက အပြီးထွက်မှ ဆွေးနွေးပွဲတွေဖြစ်လာမယ်လို့ တော်လှန်ရေးအင်အားစုတွေပြော
2024.10.06

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီက စက်တင်ဘာလ ၂၆ ရက်နေ့က ကမ်းလှမ်းခဲ့ပါတယ်။
ဒီလိုကမ်းလှမ်းခဲ့တဲ့ တစ်ချိန်တည်းမှာ လားရှိုးအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။
ဒါ့ကြောင့် စစ်ကောင်စီရဲ့နိုင်ငံရေးဆွေးနွေးဖို့ ထုတ်ပြန်ချက်ဟာ လက်တွေ့မဆန်တဲ့ ဟန်ပြသက်သက်ပဲဖြစ်တယ်ဆိုပြီး တော်လှန်ရေးအင်အားစုအတော်များများက လက်မခံ ငြင်းပယ်ထားကြပါတယ်။
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်မှာကိုက ဆွေးနွေးချင်တဲ့သဘော မတွေ့ရဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။
“အပေါ်စီးကနေ သူက ဖိတ်ခေါ်ထားတာပါ။ နံပါတ်တစ် လက်နက်ချရမယ်။ နံပါတ်နှစ် ပါတီထူထောင်ရမယ်။ နံပါတ်သုံး ရွေးကောက်ပွဲဝင်ရမယ်ဆိုတဲ့ ဒီတောင်းဆိုချက်တွေနဲ့ပြောဆိုလာတဲ့အခါကျတော့ ဘယ်နိုင်ငံရေးအင်အားစု ဘယ်လက်နက်ကိုင်အင်အားစုမှ ပါဝင်မှာ မဟုတ်ပါဘူး"
စစ်ကောင်စီက ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ၊ သန်းခေါင်စာရင်းကောက်ဖို့ အားထုတ်လာတာ၊ နိုင်ငံရေးထွက်ပေါက်ရှာလိုတာကြောင့် ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းလာတာ၊ ဒီမိုကရေစီအင်အားစုတွေအကြား သွေးခွဲဖို့ ရည်ရွယ်ချက်နဲ့ အတုအယောင် ငြိမ်းချမ်းရေး ကမ်းလှမ်းတာလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း စက်တင်ဘာလ ၂၈ နေ့မှာ ထုတ်ပြန်ထားပါတယ်။
လက်တွေ့ဆန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာချင်တယ်ဆိုရင် စစ်ကောင်စီအနေနဲ့ နိုင်ငံရေးက လုံးဝထွက်ခွာရမယ်လို့ နွေဦးတော်လှန်ရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
“အဓမ္မဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်ခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို တစ်ဦးတစ်ယောက်မကျန် အမြန်ဆုံးခြွင်းချက်မရှိ ပြန်လွှတ်ပေးရမှာလည်းဖြစ်တယ်။အာဏာသိမ်းမှုဖြစ်စဉ်တွေ တစ်လျှောက် ထိခိုက်ဆုံးရှုံးနစ်နာခဲ့ရတဲ့ ပြည်သူလူထုတွေအတွက် တရားမျှတမှုနဲ့ အမှန်တရားကိုလည်း ပြန်လည်ဖော်ဆောင်ပေးရမှာလည်း ဖြစ်ပါတယ်ခင်ဗျ။အနာဂတ်မြန်မာ့နိုင်ငံရေးမှာ လက်နက်ကိုင်စစ်တပ်တွေက ဝင်ပါတယ်ဆိုတဲ့စနစ်ကိုလည်း လုံးဝလက်ခံလို့ မရဘူး။ ပါတီနိုင်ငံရေး အာဏာနိုင်ငံရေးကနေ လုံးဝရှောင်ဖယ်ထားရမှာ ဖြစ်ပါတယ်"
ဒီမိုကရေစီနိုင်ငံတွေရဲ့ထုံးစံအတိုင်း လက်နက်ကိုင်စစ်တပ်တွေဟာ ပြည်တွင်းရန် ပြည်ပရန်ကို ကာကွယ်ပြီး ပြည်သူအကျိုးကိုသာ ထမ်းဆောင်ရမှာဖြစ်တယ်လို့လည်း ဒေါက်တာတေဇာဆန်းက ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး စစ်ဘေးဒုက္ခသည်တွေ မယုံကြည်
သဘာဝဘေးကို အကြောင်းပြပြီး စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်နိုင်ကြောင်း NUG ပြော
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေကို မလွှတ်ဘဲ ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း လေ့လာသူတွေပြော
စစ်တပ် နိုင်ငံရေးကနေ အပြီးတိုင်ထွက်ပေးမယ်လို့ ကတိပေးရင် တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာလိမ့်မယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) ရဲ့ စစ်ဦးစီးအဖွဲ့ဝင် ကိုစိုးသူရဇော် က ပြောပါတယ်။
“စစ်တပ်ကသာ တိုင်းပြည်အပေါ်တကယ့်ကို စေတနာရှိမယ်ဆိုရင် သူတို့လုပ်တဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် သူတို့ကိုယုံကြည်လာအောင် လုပ်ပြရမယ့်အနေအထားတွေရှိပါတယ်။ တစ်အနေနဲ့ စစ်တပ်ဟာ နိုင်ငံရေးကနေ အပြီးအပိုင် ထွက်ရပါလိမ့်မယ်။ နောက်နံပါတ်နှစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လုံးဝပြန်လည်အသက်သွင်းလို့မရပါဘူး။ နံပါတ်သုံးအနေနဲ့ အစဉ်အဆက် စစ်တပ်နဲ့တကွ အပတ်အသက်တွေ ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေ အကုန်လုံးအတွက် တရားမျှတမှုကို ခံယူရပါလိမ့်မယ်။ ဒီအခြေအနေသုံးရပ်ကို စစ်တပ်က လက်ခံတယ်ဆိုရင်တော့ သူ့ရဲ့နိုင်ငံရေးဆွေးနွေးပွဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာက ယုံကြည်နိုင်လောက်တဲ့အနေအထားတစ်ခု ဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်"
အနာဂတ်မြန်မာနိုင်ငံတော်အသစ်မှာ စစ်တပ်က နိုင်ငံရေးမှာ ဝင်ရောက်မစွက်ဖက်သင့်ဘူးလို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ထားတဲ့ CDM ဗိုလ်ကြီး ကောင်းသူဝင်း က ဆိုပါတယ်။
“အနာဂတ်ရဲ့နိုင်ငံတော်အသစ်မှာ စစ်တပ်က နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တဲ့အပိုင်းတွေမရှိသင့်ဘူး။ စစ်တပ်က သူ့ရဲ့ပရော်ဖက်ရှင်နယ်ကျကျ တိုင်းပြည်ရဲ့လုံခြုံရေးကိစ္စတွေကိုပဲ ဆောင်ရွက်ရမယ့်အပိုင်းတွေကို သဘောတူချက်တွေလည်း လုပ်ဖို့တော့လိုအပ်တယ်။ စစ်တပ်ကတော့ တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုဆိုတာလည်း မှန်တယ်ပေါ့နော်။ ပြည်သူထဲက ပေါက်ဖွားလာပြီးတော့ ပြည်သူကို ပြန်မနှိပ်စက်ဘဲ ပြည်သူကို အကျိုးပြုမယ့်စစ်တပ်မျိုးကို ကျွန်တော်တို့ကတော့ တည်ဆောက်ဖို့လိုအပ်တယ်ပေါ့နော်"
စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုဟာ ဟန်ပြဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို သပ်လျှိုဖြိုခွဲတာသာဖြစ်တာကြောင့် ပြတ်ပြတ်သားသား ပယ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။