နှစ်လအတွင်း နိုင်ငံရေးအကျဉ်းသား ၁၅ ဦးသတ်ဖြတ်ခံရ

RFA Burmese
2023.07.12
နှစ်လအတွင်း နိုင်ငံရေးအကျဉ်းသား ၁၅ ဦးသတ်ဖြတ်ခံရ ပဲခူးတိုင်းဒေသကြီး ရွှေမြယာ အကျဉ်းစခန်းအား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Myanmar Prisons Department

ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လမှာ အသတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၅ ယောက်ရှိသွားပါပြီ။ ဒိုက်ဦးထောင်က ၁၀ ယောက်၊ မြင်းခြံထောင်က နှစ်ယောက်၊ သာယာဝတီထောင်က တစ်ယောက်နဲ့၊ စစ်ကြောရေးစခန်းက နှစ်ယောက်ဖြစ်ပါတယ်။

ပဲခူးတိုင်း ဒိုက်ဦးမြို့ ကျိုက်စကောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၃၇ ယောက်ကို ဇွန်လ ၂၇ ရက်နေ့က ထောင်ပြောင်းဖို့ ခေါ်ထုတ်သွားရာကနေ၊ အဲဒီအထဲက ခုနစ်ယောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

“မနေ့ကထိတော့ ခုနစ်ဦးက အတည်ပြုနိုင်တယ်။ ပြီးတော့ ၁၄ ဦးဆိုတဲ့ကိစ္စလည်း ကြားနေရတာ"

နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုခန့်လင်းနိုင်၊ ကိုမင်းဘုန်းမဟာ၊ ကိုဂျာကြီး၊ ကိုဇင်မြင့်ထွန်း၊ ကိုအောင်မျိုးသူ၊ ကိုပြည့်ဖြိုးအောင်နဲ့ ကိုအောင်သူရလှိုင်တို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“မနေ့ကထိတော့ ခုနစ်ဦးက အတည်ပြုနိုင်တယ်။ ပြီးတော့ ၁၄ ဦးဆိုတဲ့ကိစ္စလည်း ကြားနေရတာ။ အကျဉ်းဦးစီးဝန်ထမ်းတွေ ဖမ်းတဲ့ပုံစံမျိုးလည်း ကျွန်တော်တို့ကြားတယ်။ ဒါနောက်ဆုံးထိ ကြားတာပေါ့နော်”

အကျဉ်းဦးစီးဌာနက မိသားစုဝင်တွေကို အကြောင်းကြားတဲ့စာမှာတော့ ထောင်ပြောင်းဖို့ခေါ်သွားတဲ့ လမ်းမှာကားမှောက်တာကို အခွင့်ကောင်းယူပြီး ထွက်ပြေးတာကြောင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးတဲ့အခါ သေဆုံးသွားတာလို့ ရေးထားပါတယ်။

အဲဒီ ၃၇ ယောက်ထဲက ၁၇ ယောက် အင်းစိန်အကျဉ်းထောင်ကို ရောက်နေပြီး ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် RFA အနေနဲ့ ဆက်ပြီးစုံစမ်းနေတုန်းဖြစ်ပါတယ်။

ဒိုက်ဦးထောင်မှာပဲ မေလ ၂၅ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသား ၂၄ ယောက်ကို သီးခြားခေါ်ထုတ်ပြီး ရိုက်နှက်စစ်ဆေးခဲ့တဲ့အတွက် အဲဒီအထဲက နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်ဝင်း အပါအဝင် သုံးယောက်သေဆုံးခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါကြောင့် ဒိုက်ဦးထောင် တစ်ထောင်တည်းကတင် သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ယောက်အထိရှိနေတာပါ။

မေလနဲ့ ဇွန်လထဲမှာ မြင်းခြံထောင်က ကိုတိုးဝေအောင်နဲ့ ကိုစိန်ဝင်း၊ သာယာဝတီ ထောင်က ကိုပြည့်ဖြိုးဝင်းတို့ဟာ ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တစ်ခါ အဆိုတော် လီလီနိုင်ကျော် လုပ်ကြံခံရမှုသံသယနဲ့ အဖမ်းခံထားရတဲ့ ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ကို ဇူလိုင်လ ၆ ရက်နေ့က သက်သေခံပစ္စည်းတွေ လိုက်ပြခိုင်းတဲ့အချိန်မှာ ထွက်ပြေးဖို့ကြိုးစားလို့ ပစ်ခတ်ဖမ်းဆီးရာကနေ သေသွားပြီဆိုတဲ့ အကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဒိုက်ဦးထောင်က ပြောင်းလိုက်တဲ့ အကျဉ်းသားတွေထဲက ခုနစ်ယောက် သေသွားတယ် ဆိုတဲ့သတင်းတွေကြောင့် ကျန်တဲ့နိုင်ငံရေးအကျဉ်းသား မိသားစုတွေလည်း စိတ်ပူနေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့ နီးစပ်တဲ့သူတစ်ယောက်က ပြောပါတယ်။

“စာရောက်တဲ့ မိဘတွေကျတော့လည်း မပြောရဲဘူး။ ငိုတာမှ အသံကျယ်ကျယ် မငိုရဲဘူး။ အဲဒီလိုမျိုး ဖြစ်နေတာပေါ့။ စာမရောက်တဲ့ မိဘတွေကလည်း အရူးမီးဝိုင်းပေါ့။ သေတဲ့အထဲမှာ ကိုယ့်ကလေးပါတာလား၊ ပြောင်းတဲ့အထဲမှာ ပါတာလား ဗျာများနေတာပေါ့”

ထောင်ပြောင်းတဲ့အခါ အကျဉ်းသားတွေကို သံခြေကျင်းတွေခတ်ထားလို့ ကားမှောက်တဲ့ အချိန်မှာ ထွက်ပြေးဖို့ဆိုတာထက် လမ်းလျှောက်ဖို့တောင် အခက်အခဲရှိပြီး ထောင်အာဏာပိုင်ရဲ့ အကြောင်းပြချက်ဟာ အခြေအမြစ်မရှိဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့သူတစ်ယောက်က ပြောပါတယ်။

“ယုတ္တိမရှိဘူးလို့ပဲ မြင်တယ်။ ဘာလို့လဲဆိုတော့ ထောင်ပြောင်းတယ်ဆိုတဲ့ နေရာမှာ သူတို့မှာ လုံခြုံရေးအများကြီးပါတယ်။ ထောင်သားတွေဆိုတဲ့နေရာမှာ သူတို့ကို ၂၇ ရက် ထောင်ရွှေ့တုန်းက တဆင့်ပြန်ကြားရတာဆိုရင် ခြောက်လက်မ သံခြေကျင်းတွေနဲ့ ခတ်သွားတယ်လို့ကြားတယ်။ ဒီလို လူမျိုးတွေက ပြေးဖို့ဘယ်လွယ်မှာလည်း။ လူတစ်ယောက်က ကိုယ်လွတ်မြောက်နိုင်လား၊ မလွတ်မြောက်နိုင်လားဆိုတာ ထွက်ပြေးမယ့်လူကသိတယ်။ အခုသူတို့လုပ်ထားတဲ့ပုံစံက လုံးဝပြေးလို့ မရတဲ့ပုံစံ။ ဒါကို ထောင်ကကားမှောက်လို့ ပြေးလို့ပစ်သတ်ရပါတယ်ဆိုတဲ့ အရာတော့ လုံးဝယုတ္တိ မရှိဘူးလို့ ယူဆတယ်”

အကျဉ်းသားတွေကိုခေါ်သွားတဲ့ အချုပ်ကားဟာလည်း တံခါးနှစ်ထပ်နဲ့ လုံခြုံရေး အပြည့်ပါသလို တံခါးကိုလည်း သော့အဆင့်ဆင့်ခတ်ထားတတ်တယ်လို့ သူက ထောက်ပြပါတယ်။

ဒါကြောင့် နည်းလမ်းမျိုးစုံနဲ့ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသားဟာ ဒီနှစ်လအတွင်း ၁၅ ယောက်အထိ ရှိသွားတာပါ။ ဒါကအတည်ပြုနိုင်တဲ့ စာရင်းဖြစ်ပြီး လက်တွေ့မှာ သေဆုံးတဲ့သူဟာ ဒီထက်များနိုင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

ဒီအရေအတွက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ စစ်ကောင်စီက အပြင်နိုင်ငံရေးမှာ မနိုင်တဲ့အခါ ကလဲ့စားချေတဲ့ သဘောမျိုးနဲ့ ထောင်ထဲကလူတွေကို နှိပ်စက်တတ်တယ်လို့ သုံးသပ်ပါတယ်။

“အပြင်မှာမနိုင်ဘူးဆိုရင် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကလဲ့စားချေတဲ့ပုံစံမျိုးနဲ့ သူတို့ ရက်ရက်စက်စက်တွေ ပြုမူနေတာဖြစ်တယ်။ ဒီလိုမျိုး အပြင်ကိုခေါ်ထုတ်ပြီးတော့ စစ်ကြောရေးလုပ်တယ် ဒီလိုမျိုး သတ်ဖြတ်တယ်ဆိုတာ ဘယ်ခေတ်ဘယ်ကာလမှာမှ မကြားခဲ့ဖူးဘူး”

ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)
ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အကျဉ်းထောင်များ အက်ဥပဒေ၊ အကျဉ်းထောင်လက်စွဲ ဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်လို့ လုံခြုံရေးအရ နာမည်မပြောလိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

“အကျဉ်းထောင်များလက်စွဲ ဥပဒေမှာကျတော့ ရိုက်နှက်ညှဉ်းပန်းမှုကို တားမြစ်ယုံသာ မကဘူး အကျဉ်းသားတွေအပေါ်မှာ ကြမ်းတမ်းရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်း မပြုရဘူး အကျဉ်းသား အချုပ်သားတွေရဲ့ ဇာတိ၊ ကိုးကွယ်ရာဘာသာတရား သူ့ရဲ့ သက်ဆိုင်ရာလူမျိုးအလိုက်ရှိတဲ့ ဓလေ့ထုံးတမ်းတွေကို ထိခိုက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင်မလုပ်ရဘူးလို့ အသေးစိတ်ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီတော့ အခုအကျဉ်းထောင်တွေမှာ အဲဒီလိုတွေဖြစ်နေတယ်”

၁၉၉၉ ခုနှစ်ကစလို့ မြန်မာပြည်က အကျဉ်းထောင်တွေကို ဝင်ထွက်ကူညီခွင့်ရခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာလည်း ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ်နိုင်တင်း ကပ်ရောဂါ ကာလကန့်သတ်ချက်ကြောင့် အကျဉ်းထောင်ထဲကို ဝင်ခွင့်ရပ်သွားပြီး အာဏာသိမ်းနောက်ပိုင်းမှာလည်း စစ်ကောင်စီက ဝင်ခွင့်မပြုတော့ပါဘူး။

ဒါကြောင့် ထောင်တွေကို ပြန်ပြီးဝင်ရောက်ခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ RFA ကို ပြောထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။