နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်ဝင်စာပစ္စည်း လျှော့ချကန့်သတ်ခံနေရ
2023.10.19
ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ထောင်ဝင်စာ ပစ္စည်းတွေကို လျှော့ချကန့်သတ်လိုက်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။ ဒါကြောင့် နှစ်သောင်းနီးပါးလောက်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် မိသားစုတွေက စိုးရိမ်နေကြပါတယ်။
"တစ်ပတ်အတွင်း စားဖို့တောင် အနိုင်နိုင် (မလုံလောက်) အဲလိုဖြစ်သွားတာပေါ့”
အခုပို့ခွင့်ရတဲ့ ပစ္စည်းပမာဏဟာ နည်းလွန်းတဲ့အတွက် တစ်ပတ်စာတောင် မလုံလောက်တော့ဘူးလို့ ထောင်ဒဏ် အနှစ် ၂၀ ကျော်ချထားခံရတဲ့ ပုသိမ်မြို့က နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရဲ့ အမည်မဖော်လိုသူ မိသားစုဝင်က RFA ကို ပြောပါတယ်။
“ကော်ဖီမစ်ဆို ခုနစ်ထုပ်ပဲ ပို့လို့ရတော့တယ်။ ပထမတော့ တစ်ပါကင် ပို့လို့ရတယ်။ နောက်ပိုင်း ဆယ်ထုပ်၊ အခု ခုနစ်ထုပ်ဆိုပြီး ကန့်သတ်လိုက်တယ်။ ခေါက်ဆွဲခြောက် ဆိုရင် ငါးထုပ်၊ မုန့်ခြောက်က အစိတ်သား၊ ဟင်းကငါးဆယ်သား အဲဒါပဲပို့လို့ရတယ်။ ဒီလိုကန့်သတ်လိုက်တော့ သူတို့က ကိုယ့်ဟာနဲ့ကိုယ်တောင် အနိုင်နိုင်ဖြစ်သွားတာပေါ့။ တစ်ပတ်အတွင်း စားဖို့တောင် အနိုင်နိုင် (မလုံလောက်) အဲလိုဖြစ်သွားတာပေါ့”
အရင်က နှစ်ပတ်စာဖူလုံအောင် ပို့ခွင့်ရတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့လည်း ထောင်ဝင်စာပုံမှန်ပို့ နိုင်တဲ့သူကနည်းတဲ့အတွက် ထောင်ထဲရောက်လာတဲ့ အစား အသောက်ကို အချင်းချင်း မျှဝေစားသောက်ကြရတဲ့အတွက်ကြောင့် ဖူလုံတယ်ဆိုတာ မရှိသလောက်ပဲလို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပါတယ်။ အဲဒီအပြင် အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ညံ့ဖျင်းလို့ အသက် သေဆုံးရတဲ့အထိလည်း ကြုံရတာတွေရှိပါတယ်။
ဒါကြောင့် ထောင်ချခံထားရတဲ့ ဖခင်ရဲ့ ကျန်းမာရေးကို စိုးရိမ်တယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး က RFA ကို ပြောပါတယ်။
“အဖေက ကျွန်တော်တို့ သိရသလောက်ဆိုရင် အပြင်မှာတုန်းကထက် ပိုပြီးတော့ ကျန်းမာရေး နည်းနည်းဆိုးတယ်ပေါ့ဗျာ။ ယားနာတွေ ပြန်ဖြစ်နေတယ်လို့ ကြားတယ်။ သွေးမှို ရောဂါပေါ့။ အဖေက ဆေးမှာတာလည်းရှိတယ်။ သိပ်တော့ မသက်သာဘူး လို့လည်း ကြားတယ်။ အရင်ကတော့ ပုံမှန် ဆေးခန်းတွေ ပြနေရတာကိုး။ အခုက အဲလိုလုပ်လို့ရမတဲ့အခါကျတော့ လိမ်းဆေးလေးတွေနဲ့ သိပ်အဆင်မပြေဘူး။ ကျန်းမာရေးအတွက်တော့ စိုးရိမ်ပါတယ်”
သူ့ဖခင် အသက် ၆၅ နှစ်အရွယ် ဦးအောင်ဖေဟာ ပြီးခဲ့တဲ့ ဩဂုတ်လက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ထောင်နှစ်နှစ်ချခံရပြီး ထားဝယ် အကျဉ်းထောင်ထဲမှာ ရှိနေပါတယ်။
ထောင်ဥပဒေအရ အကျဉ်းသားတစ်ယောက်ကို မိသားစုတွေအနေနဲ့ နှစ်ပတ်တစ်ကြိမ် လူချင်းတွေ့ခွင့် ရမှာဖြစ်ပြီး အဲဒီအချိန်မှာ အစားအသောက်နဲ့ ဆေးဝါးတွေလည်း ပေးခွင့်ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ် နိုင်တင်း ကပ်ရောဂါကာလ ၂၀၂၀ ခုနှစ် အစောပိုင်း ကတည်းက လူချင်းတွေ့ခွင့်ပိတ်ပြီး ပါဆယ်ပဲ ပို့ခွင့်ပေးတာ အခုအချိန်ထိဖြစ်နေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
အခုလို ထောင်ဝင်စာလျှော့ချလာတဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းတဲ့ အခါမှာလည်း မိသားစုဝင်တွေကို အကြောင်းမကြားဘူးလို့ ပြောကြပါတယ်။
ဒါ့ကြောင့် နေရပ်ဌာနေတွေနဲ့ဝေးတဲ့ ထောင်တွေအပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေ ပုံမှန်ထောင်ဝင်စာပေးနိုင်ဖို့လည်း ပိုပြီးခက်ခဲသွားတယ်လို့ ထောင်ဝင်စာ ပို့ကြမယ်အဖွဲ့က ကိုဂဏန်း က RFA ကို ပြောပါတယ်။
“နယ်ထောင်တွေကို ရောက်သွားတယ်။ ထောင်ပြောင်းခံရတဲ့သူတွေဆိုရင် ဒုက္ခ ရောက်တယ်။ ဘာဒုက္ခရောက်လဲဆိုရင် မိသားစုက တစ်လကို တစ်ကြိမ်လောက် သွားဖို့တောင် လမ်းစရိတ်က အနိုင်နိုင်၊ အဆင်မပြေဘူးဗျ။ တော်တော် ရုန်းကန်နေရတာ။ တိုင်းပြည်ကလည်း အဘက်ဘက်က စီးပွားရေး မကောင်းတော့ နိုင်ငံရေး အကျဉ်းသားရဲ့ မိသားစုဝင်တွေက တော်တော်ကို ခက်ခဲတယ်၊ ကျပ်တည်းတယ်”
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း နေရာကို ကာကွယ်ရေးဝန်ကြီးဌာနက ဦးမျိုးဆွေကို စစ်ကောင်စီက ပြောင်းလဲခန့်အပ်တဲ့ အကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒီလိုစစ်တပ်အရာရှိတစ်ယောက်ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးပြီးတဲ့ နောက်မှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပိုပြီးဆိုးလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“စစ်တပ်ဘက်က အကျဉ်းဦးစီးညွှန်ကြားရေးမှူးချုပ်ဖြစ်လာပြီးနောက်ပိုင်း အကျဉ်းသားတွေရဲ့ သုံးခွင့်ရနေတဲ့ အဝတ်အစားတွေကို သုံးခွင့်မရတာတွေ၊ ဖတ်လို့ရတဲ့ သုတ၊ ရသ စာအုပ်တွေဖတ်လို့ မရတော့တာတွေ။ တရားဝင်ခွင့်ပြုချက်နဲ့ ထုတ်ဝေထားတဲ့ စာအုပ်တွေတောင်မှ အကျဉ်းထောင်ထဲမှာ ဖတ်ခွင့်မရှိတော့တာတွေ၊ နောက်တစ်ခုက သူတို့ရဲ့ တစ်ကိုယ်ရည်သုံးနေတဲ့ မျက်နှာသစ်၊ သွားပွတ်တံတွေ သုံးခွင့်မရှိတော့တာတွေ။ သောက်သုံးရေပေါ့နော် အပြင်ကနေ ပို့ခွင့်မရှိတော့တွေ၊ ဒါတွေကို ဖိနှိပ်မှုအနေနဲ့ အကျဉ်းဦးစီးက ဝန်ထမ်းတွေ၊ တာဝန်ခံတွေက လုပ်လာတာ တွေ့ရတယ်”
နိုင်ငံတစ်ဝန်းက အကျဉ်းထောင် ၂၄ ခုမှာ ထောင်ဝင်စာပစ္စည်းပို့ခွင့် လျှော့ချကန့်သတ် လိုက်တာနဲ့ ဖိနှိပ်မှုတွေလုပ်နေတာလို့ သူက ပြောပါတယ်။
လုံခြံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးကတော့ ထောင်ဝင်စာ တွေ့ဆုံခွင့်၊ ပစ္စည်းပေးပို့ခွင့်နဲ့ စာပေးစာယူပေးခွင့်ဆိုတာ အကျဉ်းသား၊ အချုပ်သားတွေရဲ့ ရပိုင်ခွင့်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အင်တာဗျူးလို့ခေါ်တဲ့ မိသားစုနဲ့ လူတွေ့ တွေ့ခွင့်ပေးတဲ့ ထောင်ဝင်စာ တွေ့ဆုံခွင့်၊ နောက်တစ်ခုက လူတွေ့ တွေ့ခွင့်တော့ မရှိဘူး။ ပါဆယ်ပေါ့။ ပစ္စည်းပေးတဲ့ ထောင်ဝင်စာတွေ့ခွင့်၊ နောက်တခါ စာပေါ့၊ ထောင်ထဲက အကျဉ်းသား၊ အချုပ်သားတွေ ကနေပြီး အပြင်က မိသားစုတွေကို စိစစ်ပြီးတော့ ပေးတဲ့စာရှိတယ်။ ထို့အတူပဲ အပြင်က မိသားစုတွေကနေပြီးတော့ ပေးတဲ့စာတွေကိုအထဲက အကျဉ်းသား၊ အချုပ်သားတွေဆီကို စိစစ်ပြီးတော့ ပေးတဲ့စာတွေရှိတယ်။ ဒါကတော့ ပြင်ပနဲ့ အကျဉ်းသား၊ အချုပ်သားတွေ တွေ့ခွင့်ရတဲ့ နည်းလမ်းတွေပေါ့။ အကျဉ်းထောင်လက်စွဲ ဥပဒေအရတော့ ထူးခြားတဲ့ အခြေအနေမရှိဘူးဆိုရင်တော့ အကျဉ်းသားတိုင်းရကို ရရမယ့်အခွင့်အရေး (Right) ပေါ့”
ထောင်ဝင်စာပစ္စည်း လျှော့ချကန့်သတ်လိုက်တာနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေသူတွေနဲ့ မိသားစုဝင်တွေကတော့ ထောင်ဝင်စာ ပစ္စည်းပို့ခွင့် အရေအတွက် ပိုပြီးတိုးပေးဖို့၊ ဆေးဝါးကုသခွင့် အလုံအလောက်ရဖို့ တောင်းဆိုကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ အဖမ်းခံထားရတဲ့ အရပ်သား နှစ်သောင်းလောက်ရှိပြီး၊ အဲဒီအထဲက ခုနစ်ထောင့်ခြောက်ရာကျော်ကို နိုင်ငံရေးမှုတွေနဲ့ ထောင်ဒဏ်တွေချထားတယ်လို့ သိရပါတယ်။