မြင်းခြံ၊ ပခုက္ကူနဲ့ ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရ
အောက်တိုဘာလ ၁၇ ရက်နေ့က မုံရွာထောင်နဲ့ မန္တလေး အိုးဘိုးထောင်ကနေ မြင်းခြံ ထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အလုပ်ကြမ်းတွေ ခိုင်းစေခဲ့ပြီး ငြင်းဆန်သူတွေ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်ကြမ်းတွေ စေခိုင်းတာပေါ့နော်။ အလုပ်ကြမ်း မလုပ်နိုင်ဘူးလို့ ငြင်းဆန်ရင်လည်း ရိုက်နှက်တာတွေ ရှိတယ်ပေါ့နော်။ မုံရွာက ပြောင်းလာတဲ့ မုံရွာနည်းပညာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းတို့ ဘာတို့ဆိုရင် တော်တော်ကြီးကို ရိုက်နှက်ခံထားရတယ်ပေါ့နော်။ သူတို့မလုပ်ဘူးလို့ ငြင်းဆန်ရင်၊ ငြင်းဆန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တန်းစီခိုင်းပြီးတော့ ငုံ့ခိုင်းပြီးတော့ နံရိုးနဲ့ မျက်နှာတွေကို ပိတ်ရိုက်တာတွေ ပိတ်ကန်တာတွေပေါ့နော်၊ ဒါမျိုးတွေ လုပ်တယ်”
နိုင်ငံရေးအကျဉ်းသားတချို့ကိုလည်း သံခြေချင်းတွေနဲ့ အလုပ်ကြမ်းခိုင်းစေခံနေရပြီး မြင်းခြံထောင် အိပ်ဆောင် (၂) အဆောင်မှူး စိုးထက်လွင် အပါအဝင် ထောင်ဝန်ထမ်း တွေက ဖိနှိပ်နေတာလို့ မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
"အပြင်မှာ နိုင်ငံရေး ရာသီဥတု အခြေအနေ မကောင်းရင် ထောင်ရဲ့အခြေအနေက အင်မတန်မှ ရက်စက်ကြမ်းတမ်းတယ်"
ပခုက္ကူအကျဉ်းထောင်မှာလည်း အောက်တိုဘာလ ၁၅ ရက် နောက်ပိုင်းကစပြီး နိုင်ငံရေးအကျဉ်းသားတွေက ဆေးကုသခွင့်ပေးဖို့ တောင်းဆိုတာကို ခွင့်မပြုဘဲ တိုက်ပိတ်တာ၊ ရိုက်နှက်တာတွေ လုပ်ခဲ့တဲ့အတွက် တစ်ချို့ဆိုရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့ ပခုက္ကူမြို့နယ် လူထုတိုက်ပွဲကော်မတီ ပြောခွင့်ရသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဆေးကုသမှု မပေးနိုင်တာတွေ စသဖြင့် ကျနော်တို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ မကျေနပ်တဲ့အချိန်မှာ တောင်းဆိုတဲ့အတွက် သူတို့တွေကို ဆေးကုသမှု မပေးတဲ့အပြင် တိုက်ပါအပိတ်ခံရတဲ့ အခြေအနေလို့ သိရတယ်ဗျ။ သူတို့တွေရဲ့ အသက်အန္တရာယ်လုံခြုံရေးက ကျနော်တို့ ဘာမှမှန်းလို့မရအောင် သူတို့အတွက် တအားစိုးရိမ်စရာ အခြေအနေတစ်ခုတော့ အဲဒီနေ့က ဖြစ်သွားတယ် ဆိုတဲ့သတင်းပဲ ရလိုက်တယ်။ ကျန်တဲ့ နောက်ဆက်တွဲက ဘယ်လိုအသေးစိတ်ဖြစ် တယ်ဆိုတာတော့ ကျနော်တို့ မသိရရတော့ဘူး”
ပခုက္ကူထောင်မှာ အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီလောက်က ထောင်ဆူပူမှု ဖြစ်ခဲ့ပြီးတဲ့နောက် ဦးဆောင်ပါဝင်သူတွေကို တိုက်ပိတ်တာ၊ ရိုက်နှက်တာ၊ အစာနဲ့ ရေဖြတ်တောက်တာတွေ ထပ်မံပြု လုပ်ခဲ့တဲ့အတွက် ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေ ဆိုးဝါးနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က ပခုက္ကူထောင်ကနေ မြင်းခြံထောင်ကို နိုင်ငံရေးအကျဉ်းသား ၇၅ ဦး၊ အောက်တိုဘာ ၁၇ ရက်နေ့က မန္တလေး အိုးဘိုထောင်ကနေ မြင်းခြံထောင်ကိုပဲ နိုင်ငံရေးအကျဉ်းသား ၁၅၀ စုစုပေါင်း ၂၂၅ ဦး ပြောင်းရွှေ့ခံခဲ့ရတာပါ။
ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကတော့ ထောင်ထဲမှာ ဆန္ဒပြတယ် ဆိုတဲ့သတင်းတွေကြောင့် နိုင်ငံရေးအမှုနဲ့ ထောင်နှစ်နှစ် ကျခံနေရတဲ့ ခင်ပွန်းဖြစ်သူအတွက် စိတ်ပူမိတယ်လို့ ပြောပါတယ်။
“အခုလောလောဆယ်ပေါ့နော် ထောင်ဝင်စာပို့လို့ မရဘူးပေါ့နော်။ အင်းစိန်ထောင် ဗုံးပေါက်တဲ့နေ့က စပြီးအထဲကို ထောင်ဝင်စာပို့လို့ မရဘူးပေါ့နော်။ ဘယ်လိုအခြေအနေ တွေ ရှိလဲဆိုတာ ကျနော်တို့ကို ထောင်ဝင်စာ ပို့ခွင့်ရလည်း ပစ္စည်းပဲ ပို့ခွင့်ရတာ။ လူချင်းက တွေ့ခွင့်မရဘူး။ သူကျန်းမာသည် ဖြစ်စေ၊ ကျန်းမာနေလား၊ မကျန်းမာ နေဘူးလားဆိုတာ တိတိကျကျ မသိရဘူးပေါ့နော်။ ပြောရမယ်ဆိုရင်တော့ ဒါက လုံးဝမဖြစ်သင့်တဲ့ ကိစ္စပေါ့နော်။ တစ်ပတ်တစ်ခါ မပေးရင်တောင်မှ နှစ်ပတ်တစ်ခါ၊ တစ်လ တစ်ခါတော့ အနည်းဆုံး ထောင်ဝင်စာပေါ့နော် မိသားစုနဲ့ တွေ့ဆုံခွင့်ရသင့် တယ်ပေါ့နော်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ လူ့အခွင့်အရေးဌာနကို အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေ အရ စစ်တပ်အာဏာ သိမ်းထားတဲ့ လ ၂၀ ကျော်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၃ ဦး အသက်ဆုံးခဲ့ပါတယ်။ ထောင်ထဲမှာ အချိန်မီ ဆေးကုသခွင့် မရတာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာ၊ ကိုဗစ်ကပ် ရောဂါ ကူးစက်ခံရတာ၊ ရုပ်ပိုင်းစိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ စစ်ကြောရေးက ပါလာတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကတော့ လက်ရှိအချိန်မှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိသလို သူတို့အနေနဲ့ အကျဉ်းသားတွေကို အလုပ်ကြမ်းခိုင်းတာ၊ ဆေးကုသခွင့် မပေးတာမျိုး လုံးဝမရှိဘူးလို့ ငြင်းဆိုပါတယ်။
“ကျနော်တို့ အကျဉ်းဦးစီးအနေနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး။ သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့အညီ ထောင်ကျလာတဲ့သူတွေပဲ ရှိတယ်။ ထောင်ထဲမှာ အလုပ်ကြမ်း ခိုင်းတယ်ဆိုတာ ထောင်ထဲမှာ အလုပ်ကြမ်း မရှိပါဘူး။ နောက်တစ်ခုက ဆေးမကု ပေးဘူးဆိုတာ ဆေးမကုပေးလို့ မရပါဘူး။ ကျနော်တို့ ထောင်ထဲမှာ သူ့ဟာသူ အကြောင်းရင်းအမျိုးမျိုးနဲ့ ထောင်ကျသူတွေကို ဆေးကုကို ကုပေးရပါတယ်။ ဥပဒေအရ ကုကိုကုပေးရပါတယ်။ မကုပေးလို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် စိတ်မတူ တာလေးတွေ ရှိကောင်းရှိနိုင်တယ်။ အဲဒါကလွဲလို့ နှိပ်စက်တာ၊ ညှဉ်းဆဲတာ၊ အနိုင်ကျင့် တာ၊ ဒုက္ခပေးတာ လုံးဝမရှိကြောင်း ကျနော် ပြောပြလိုပါတယ်”
အကျဉ်းသားတွေကို ထောင်ပြောင်းတာဟာလည်း လုပ်ရိုးလုပ်စဉ်ဖြစ်တယ်လို့ ဦးနိုင်ဝင်းက ပြောပါတယ်။ အကျဉ်းထောင် အက်ဥပဒေ၊ အကျဉ်းထောင် လက်စွဲဥပဒေတွေမှာ အကျဉ်းသားတွေကို ထောင်တာဝန်ခံ အရာရှိကလွဲရင် ဘယ်သူမှ၊ ဘယ်လိုအကြောင်းနဲ့မှ ပြစ်ဒဏ်ပေးလို့ မရဘဲ ထောင်တာဝန်ခံအရာရှိကနေပေးနိုင်တဲ့ ပြစ်ဒဏ်တွေထဲမှာလည်း အကျဉ်းသားတွေကို ရိုက်နှက်ရမယ် ဆိုတာမျိုး မပါဘူးလို့ သူကပဲ ဆက်ပြောပါတယ်။ အကျဉ်းထောင် ဥပဒေမှာ ပြစ်ဒဏ် ၁၁ မျိုး ပြဌာန်းထားပြီး အကျဉ်းသားတွေ အပြစ်ရှိရင် အဆောင်ပြောင်းတာ၊ အခန်းပြောင်းတာ၊ တိုက်ပိတ်တာ၊ ခြေကျင်းခတ်တာ၊ အစားအစာကို လျှော့ချတာနဲ့ ပေါ့ပါးတဲ့အလုပ်ကနေ ကြမ်းတမ်းတဲ့အလုပ်တွေကို ပြောင်းခိုင်းတာမျိုးပဲ ပါဝင်တယ်လို့ ဆိုပါတယ်။

အကျဉ်းသားအခွင့်အရေးနဲ့ ပတ်သက်ရင် အကျဉ်းထောင်ဥပဒေမှာ အတိအကျ ပြဌာန်းထား ပေမယ့်လည်း အကျဉ်းဦးစီးဝန်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အုပ်ချုပ်သူအလိုကျ ပြုမူဆောင်ရွက်နေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ထောင်မှူးကြီးဟောင်းတစ်ဦးက ထောက်ပြဝေဖန်ပါတယ်။
“ဒါသည် အကျဉ်းထောင်အုပ်ချုပ်ရေးစနစ်အတွက် လိုက်နာရမယ့် ဥပဒေတွေ၊ လက်စွဲ ဥပဒေတွေရဲ့ အားနည်းချက်ကြောင့် မဟုတ်ဘူး။ အဲဒီမှာ ပြည်စုံအောင် ပြဌာန်းပြီးသား။ လက်ရှိ အကျဉ်းထောင်၊ အကျဉ်းဦးစီးဌာန၊ ပြည်ထဲရေး စသည်တို့အပေါ်မှာ ညွှန်ကြား အမိန့်ပေး စေခိုင်းနေတဲ့ အဖွဲ့အစည်းတွေနဲ့ သြဇာသက်ရောက်မှုကြောင့် ဖြစ်တယ်လို့ပဲ မြင်ပါတယ်။ တနည်းအားဖြင့် ချုပ်ပြောရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေရဲ့ ရောင်ပြန်ဟပ်မှုလို့ပဲ ကျနော်တို့က ပြောရမှာဖြစ်ပါတယ်”
ထောင်ထဲမှာ ကာလကြာရှည်နေထိုင်ခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမန်းကတော့ ထောင်တွင်းအခြေအနေဟာ ထောင်ပြင်ပက နိုင်ငံရေးအခြေအနေပေါ် မူတည်နေပြီး အပြင်မှာ နိုင်ငံရေးအခြေအနေ ဆိုးလာတာနဲ့အမျှ ထောင်တွင်းအခြေအနေဟာလည်း ရက်စက်ကြမ်းတမ်းတဲ့ အခြေအနေမျိုး ဖြစ်လာလေ့ရှိတယ်လို့ ပြောပါတယ်။
“ထောင်ဆိုတာ ထောင်ထဲမှာရှိတဲ့ အခြေအနေဆိုတာ ပြင်ပမှာရှိနေတဲ့ နိုင်ငံရေး အခြေအနေနဲ့ တိုက်ရိုက်အချိုးကျတယ်။ ဆိုလိုတာကတော့ အပြင်မှာ နိုင်ငံရေး ရာသီဥတု အခြေအနေကောင်းရင် ထောင်ထဲမှာ ထောင်အာဏာပိုင်တွေရဲ့ ဆက်ဆံရေး အခြေအနေက မဆိုးဘူးလို့ ပြောလို့ရတယ်။ အပြင်မှာ နိုင်ငံရေး ရာသီဥတု အခြေအနေ မကောင်းရင် ထောင်ရဲ့အခြေအနေက အင်မတန်မှ ရက်စက်ကြမ်းတမ်းတယ်။ အင်မတန် ဆိုးသွမ်းယုတ်မာတယ်”
မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်မှာလည်း ထောင်အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ရိုက်နှက်ညှဉ်းပန်းတာတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တွေက အောက်တိုဘာ ၃၁ ရက် ဒီနေ့ RFA ကို ပြောပါတယ်။ အောက်တိုဘာလလယ် ပိုင်းက နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ လက်မောင်းမှာ “ကမ္ဘာမကြေဘူး” စာသားတက်တူး တွေ့ရှိတာကိုအကြောင်းပြုပြီး ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၈ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ အဖမ်းခံထားရသူ ၁၂,၇၈၃ ဦးရှိပြီး အဲဒီအထဲက ၁,၆၀၉ ဦးဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။