နိုင်ငံရေးအမှုလိုက်ရှေ့နေတွေ လုံခြုံရေးခြိမ်းခြောက်ခံနေရ
2023.03.21

မြန်မာနိုင်ငံမှာ အာဏာရှင်ကို ဆန့်ကျင်တော်လှန်သူတွေ ဖမ်းဆီးတရားစွဲခံရတဲ့အခါ အမှုလိုက်ပါဆောင်ရွက်ပေးဖို့ ရှေ့နေတွေ ခေါ်ကြရပါတယ်။ သူတို့ကိုတော့ နိုင်ငံရေး အမှုလိုက်ရှေ့နေလို့ အများစုက သိထားကြတာပါ။
စစ်တပ်အာဏာသိမ်းထားတဲ့ အခုချိန်မှာတော့ အဲဒီနိုင်ငံရေးအမှုလိုက်ရှေ့နေတွေ သူတို့ရဲ့ လုံခြုံရေး ခြိမ်းခြောက်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေကြရသလို ရှေ့နေတချို့လည်း အကျဉ်း ထောင်တွေထဲမှာ ဖမ်းဆီး တရားစွဲဆိုခံနေကြရပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ သူနေထိုင်တဲ့ ရပ်ကွက်ထဲမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က အရပ်သားပုံစံနဲ့ နောက်ယောက်ခံ စောင့်ကြည့်တဲ့ အခြေအနေ ကြုံနေရတယ်လို့ RFA ကို ပြောပါတယ်။
“နေထိုင်တဲ့ရပ်ကွက်ထဲအထိ တသီးတခြား လာပြီးတော့ စောင့်ကြည့်ဖို့အတွက်ကို တာဝန်ပေးထားတဲ့ ရဲတပ်ဖွဲ့ တွေရှိတယ်။ ဒါကို ကိုယ်ကသိထားတဲ့အတွက် ကြိုတင် ပြင်ဆင်မှုတွေ၊ ဆင်ဆင်ခြင်ခြင် နေထိုင်သွားလာရတယ်။ သူတို့ (စစ်ကောင်စီတပ်) အနေနဲ့ ဒီလိုအမှုမျိုး လာစစ်တဲ့ ရှေ့နေတွေကို တရားရုံး ပရဝုဏ်ထဲမှာရော။ တရားရုံးရဲ့ ပြင်ပမှာရော သီးခြားတာဝန်ပေးအပ်ထားတဲ့ အရာရှိတွေ၊ လုံခြုံရေးအရာရှိတွေနဲ့ အဆင့်ဆင့်စောင့်ကြည့်ပြီးတော့မှ မှတ်တမ်းတင်နေတယ်”
စစ်ကောင်စီရဲ့ အကျဉ်းထောင်အထူးတရားရုံးတွေမှာ အမှုစစ်ဖို့သွားတဲ့အခါ နိုင်ငံရေး အမှုလိုက်ရှေ့နေတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ရှေ့နေလိုင်စင်နံပါတ်၊ နေထိုင်ရာ လိပ်စာ၊ ဖုန်းနံပါတ်တွေလည်း မှတ်တမ်းပေးရတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် တချို့ရှေ့နေတွေက အမှုတွေကို ပါဝါပြန်ရုပ်သိမ်းတာတွေနဲ့ နိုင်ငံရေးအမှုတွေ လိုက်ပါဆောင်ရွက် မှုတွေကိုပါ ယာယီရပ်ထားရတာတွေလည်းရှိတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
RFA နဲ့ စကားပြောခွင့်ရခဲ့တဲ့ ရှေ့နေတစ်ဦးကတော့ သူ့အနေနဲ့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် သူ လိုက်ပါဆောင်ရွက်နေဆဲဖြစ်တဲ့ နိုင်ငံရေးအမှုအားလုံးကို ရှေ့နေပါဝါရုပ်သိမ်းလိုက်ရပြီး လက်ရှိကာလမှာ နိုင်ငံရေးအမှုတွေ လိုက်ပါဆောင်ရွက်တာကို ရပ်ထားရတယ်လို့ ပြောပါတယ်။
"တရားစီရင်ရေးတစ်ခုလုံး ပြိုကွဲပျက်စီးနေတဲ့ အနေအထားအောက်မှာ ဒီလိုကိစ္စတွေကတော့ အလိုလိုပေါ်နေမှာပါပဲ”
စစ်ကောင်စီက နိုင်ငံရေးအမှုတွေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေရဲ့ ငွေလွှဲပြောင်းမှုနဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုတွေကို အဓိကပစ်မှတ်ထားစောင့်ကြည့်နေတာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
“နိုင်ငံရေးအမှုလိုက်နေတဲ့ ရှေ့နေတွေရဲ့ဖုန်းတွေက လုံခြုံမှုမရှိဘူး။ သူတို့က ဘယ်လိုလဲ ဆိုတော့ ထောင်ကျနေတဲ့ နိုင်ငံရေးအမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးသမားတွေကနေပြီး တော့ ဘယ်သူ့ကို ဖုန်းဆက်ပေးပါဆိုပြီး ပြောလာတော့ ရှေ့နေတွေကလည်း ဆက်ပေး တာတွေရှိတယ်ဗျ။ ဟို (တောထဲ) ပိုက်ဆံလှမ်းလွှဲပေးတာတွေလည်းရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ငြိကြတာပဲ။ သူတို့ (စစ်ကောင်စီ) ကနေပြီးတော့ တရားဝင်ရှေ့နေ ပါဝါ တင်ပြီး လိုက်ခွင့် ရှိတယ်ဆိုလို့ ကျနော်တို့ တရားဝင် လိုက်ပေးတာပဲ။ အတွင်းက လူကနေပြီးတော့ ဘယ်ကို ပြောပေးပါဆို ကျနော်ကတော့ မိဘတွေလောက်ပဲ ပြောပေး လို့ရတယ်။ မိဘတွေက ပြဿနာမရှိဘူး။ ဒါပေမဲ့ ခုနက သူ့ရဲ့ (ဖမ်းဆီးခံရသူ) အပေါင်းအသင်းမိတ်ဆွေတွေ တောထဲမှာရောက်နေတဲ့ တစ်ယောက်ယောက်နဲ့ ချိတ်ပေး ဆို ကျနော်က မလုပ်ပေးဘူး”
ဒီလိုအခြေအနေတွေကြောင့်ပဲ နိုင်ငံရေးအမှုလိုက်ရှေ့နေတွေအနေနဲ့ တရားခွင်ပြင်ပကို ဆက်သွယ်တဲ့အခါ သတိထားနေရတဲ့ အခြေအနေဖြစ်တယ်လို့ သူက ပြောပါတယ်။
အကျဉ်းထောင်တွေမှာ အကျဉ်းသားနဲ့ မိသားစုဝင်တွေ့ဆုံမှုကို စစ်ကောင်စီက ကန့်သတ်ထားပါတယ်။ ဒါကြောင့် အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကို အမှုလိုက်ရှေ့နေတွေကနေတစ်ဆင့် မိသားစုဝင်တွေက သိကြရတာပါ။
မန္တလေးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကတော့ အမှုလိုက်ရှေ့နေတွေကို လုံခြုံရေးခြိမ်းခြောက်နေတဲ့ အပြင် ဖမ်းဆီးထောင်ချလာတာကြောင့် အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို အပြင်ကလူတွေသိဖို့ ခက်ခဲသွား တယ်လို့ RFA ကို ပြောပါတယ်။
“ရှေ့နေတွေကနေတစ်ဆင့် ကျနော်တို့က အဆက်အသွယ်လုပ်ရနေရတာကိုး။ ထောင်တွင်း အခြေအနေ၊ ပြင်ပ အခြေအနေတွေ ဘာညာပေါ့။ တချို့ရက်တွေဆို အိုးဘိုထဲမှာ ထောင်တွင်းကိစ္စဖြစ်ပြီးတဲ့ နောက်ပိုင်း ထောင်တွင်းတရားရုံး ထွက်တာ တောင် တော်တော် တင်းကျပ်တယ်။ ရှေ့နေတွေကိုလည်း စစ်ဆေးတာမျိုးတွေရှိတယ်။ ရှေ့နေတွေကနေတစ်ဆင့် ကျနော်တို့က အထဲနဲ့ အပြင်နဲ့ အမြဲတမ်း ဆက်သွယ်ရတာ ပေါ့။ အခုက ရှေ့နေတွေပါ ဒီလိုဖြစ်လာတော့ အထဲ (အကျဉ်းထောင်) ကလူနဲ့ ဘာမှ မသိရတော့သလို ဖြစ်တာပေါ့”
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ရှေ့နေတွေထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် အစိုးရအဖွဲ့နဲ့ NLD ပါတီဝင်တွေရဲ့ အမှုကို ရှေ့နေ လိုက်ပါပေးခဲ့တဲ့ ရှေ့နေ ဒေါ်ရွက်နုအောင် ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က အိုးဘို ထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင် ၁၅ နှစ် ချမှတ်ခံထားရပါတယ်။
အလားတူ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ ရှေ့နေ ဦးမိုးဇော်ထွန်း ဟာလည်း ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်ညပိုင်းက မုံရွာမြို့က သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅၂ (က) နဲ့ တရားစွဲခံထားရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရှေ့နေတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုနဲ့ မမှန်သတင်းဖြန့်မှု စတဲ့ ပုဒ်မ တွေနဲ့ စစ်ကောင်စီရဲ့ တရားရုံးတွေမှာ တရားစွဲခံထားရတာပါ။
ဒီလို နိုင်ငံရေးအမှုလိုက်ရှေ့နေတွေကို လုံခြုံရေးခြိမ်းခြောက်တာနဲ့ ဖမ်းဆီးထောင်ချတာ ဟာ အာဏာရှင် အဆက်ဆက် လုပ်ခဲ့တာလို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးဌေး က RFA ကို ပြောပါတယ်။
“မတရားသဖြင့်လည်း တရားစွဲခံရသေးတယ်။ တရားစွဲခံရလို့ ကိုယ့်ဘက်ကလိုက်ပေးတဲ့ ရှေ့နေတွေကို အရေး ယူတဲ့အခါကျတော့ ပိုပြီးတော့ ခုခံချေပခွင့်နစ်နာတာပေါ့။ နောင် အဲဒီလိုမကူညီရဲအောင်ပေါ့။ ဖမ်းဆီးထားတဲ့ နစ်နာသူရဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေတဲ့ ဘက်ကလိုက်ပါတဲ့ ရှေ့နေတွေကို မလိုက်ပါရဲအောင်၊ အကူအညီပေးလို့မရအောင် အဲဒီနည်းအားဖြင့် ပုဒ်မမျိုးစုံ တပ်ပြီး ဖမ်းဆီးတာ၊ အရေးယူ တာတွေ ဖြစ်နေတာပေါ့နော်။ အာဏာသိမ်းထားတဲ့ကာလမှာ အဲလိုပဲ မတရားသဖြင့် အရေးယူရင် ကျနော်တို့ ရှေ့နေတွေက ခံရတာ ဖြစ်ပါတယ်”
သူဟာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၁၉၉၃ ခုနှစ်တုန်းက မတရားဖမ်းဆီးခံခဲ့ရတဲ့ တောင်သူလယ်သမားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေရင်း အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (ည) နဲ့ ထောင် ခုနစ်နှစ် ကျခံခဲ့ရဖူးသူ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရားစီရင်ရေးပျက်စီးနေတဲ့ အချိန်မှာ ဒီလိုကိစ္စတွေက ဖြစ်နေဦးမှာပဲလို့ ပြောပါတယ်။
“စစ်ကောင်စီကို ဆန့်ကျင်တဲ့အမှုတွေ၊ နိုင်ငံရေးအမှုတွေမှန်သမျှ လိုက်တဲ့ရှေ့နေတွေကို လိုက်ပါဆောင်ရွက်ခြင်း မပြုရဲအောင် ခြိမ်းခြောက်ဖိနှိပ်တယ်လို့ ကျနော်တော့ ယူဆပါ တယ်။ ပြောရရင် တရား စီရင်ရေးတစ်ခုလုံး ပြိုကွဲပျက်စီးနေတဲ့ အနေအထားအောက်မှာ ဒီလိုကိစ္စတွေကတော့ အလိုလိုပေါ်နေမှာပါပဲ”
နိုင်ငံရေးအမှုလိုက်ရှေ့နေတွေ လုံခြုံရေးခြိမ်းခြောက်ခံနေရတာနဲ့ နောက်ယောက်ခံ စောင့်ကြည့်ဖို့ စစ်ကောင်စီ အနေနဲ့ ညွှန်ကြားထားတာ ရှိ မရှိ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မတ်လ ၂၀ ရက်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ပြီးခဲ့တဲ့နှစ် မေလက RFA က မေးမြန်းခဲ့ရာမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှေ့နေတွေကို တရားခွင်တွေမှာ လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်၊ ခုခံချေပခွင့်တွေ ပေးထားပြီး အကြောင်းမဲ့ ဖမ်းဆီးတာမျိုး မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်၊ ဒေါ်မင်းမင်းစိုးနဲ့ ဦးသဲမောင်မောင် တို့ကိုလည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ကတည်းက ဒီနေ့အချိန်အထိ စစ်ကောင်စီက ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့် ပိတ်ပင်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွေ အရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အထိ နိုင်ငံတစ်ဝန်းမှာ ရှေ့နေ ၃၈ ဦး ဖမ်းဆီးခံထားရပါတယ်။
အဲဒီအထဲမှာ မန္တလေးက ရှေ့နေ ၁၅ ဦးအပြင် ကရင်၊ ကချင်၊ စစ်ကိုင်း၊ နေပြည်တော်၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းက ရှေ့နေတွေလည်း ပါဝင်ပါတယ်။