စစ်အာဏာသိမ်းပြီးနောက် ဥပဒေသမားရှေ့နေတွေ ဥပဒေမဲ့ ဖိနှိပ်ခံနေရ
2023.01.12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ရဲ့ ရှေ့နေတွေ အပါအဝင် နိုင်ငံရေး အမှုလိုက်ရှေ့နေတွေကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးတာ၊ နှစ်ရှည်ထောင်ချတာတွေ လုပ်နေတယ်လို့ ရှေ့နေတွေက ပြော ပါတယ်။
ပွင့်လင်းမြင်သာမှုမရှိတဲ့ အကျဉ်းထောင်တွင်း တရားရုံးတွေမှာ နိုင်ငံရေးအမှုတွေကို စစ်ဆေးရတာ၊ အာဏာပိုင်တွေရဲ့ မျက်ခြည်မပြတ် စောင့်ကြည့်ခံရတာ၊ တရားခွင်အထွက်မှာပဲ ဖမ်းဆီးခံရတာ၊ နေအိမ်တွေထိ လိုက်ပါ စစ်ဆေးတာ၊ မီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့် ပိတ်ပင်တာ စတဲ့ ဖိနှိပ်မှုမျိုးစုံကို ရင်ဆိုင်နေရတာပါ။
"မင်းဆိုးမင်းညစ်အောက်မှာ စွန့်လွှတ်မှု၊ သည်းခံမှု၊ အနစ်အနာခံမှုကို လေးစားပါတယ်။ သူတို့ကိုပြောချင်တာကတော့ ခင်ဗျားတို့နစ်နာတာ တိုင်းပြည်က မမေ့ပါဘူးလို့ အဲဒါတော့ ပြောချင်တယ်”
မန္တလေးက ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်ညပိုင်းက သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးခံရပြီး ၂၀၂၂ နှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ အိုးဘိုထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင် ၁၅ နှစ် ချမှတ်ခံထားရပါတယ်။
မန္တလေးတိုင်း (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဟောင်းလည်းဖြစ်တဲ့ ဒေါ်ရွက်နု အောင်ဟာ ဥပဒေအရ နစ်နာသူတွေအတွက် စိတ်ရောကိုယ်ပါနှစ်ပြီး လိုက်ပါဆောင်ရွက် ပေးတဲ့ ရှေ့နေတစ်ဦးဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူကတော့ NLD ရဲ့ရှေ့နေပေါ့နော်၊ NLD ရဲ့ အကြံပေးထဲမှာလည်း ပါခဲ့တာကိုး။ အမျိုးသမီးရေးရာမှာလည်း ပါတယ်လေ၊ ပြည်သူတွေကို ကူညီခဲ့တာပေါ့ဗျာ NLD အစိုးရလက်ထက်တုန်းက။ မတရားမှုတွေလည်း လိုက်ပေးတယ်ပေါ့၊ စိတ်နှစ်ပြီးတော့ လုပ်ပေးပါတယ်။ သူ့အမှုလိုပဲ သဘောထားပြီးတော့ ကူညီလိုက်ပါ ဆောင်ရွက်ပေး တာပေါ့နော်။ ကိုယ်ကိုယ်တိုင်ပဲ အမှုသည်နေရာက ခံစားပြီး လုပ်ပေးလေ့ရှိတယ်”
လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်ရွက်နုအောင်ဟာ ဒေါက်တာဇော်မြင့်မောင် အပါအဝင်၊ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့ NLD ပါတီဝင်တွေရဲ့ အမှုတွေကို အဖမ်းမခံရခင်က လိုက်ပါဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ ရှေ့နေ ဦးမိုးဇော်ထွန်း ဟာလည်း ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်ညပိုင်းက မုံရွာမြို့က သူ့ရဲ့ နေအိမ်မှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ကိုတော့ လောလောဆယ် မုံရွာ ထောင်မှာ ချုပ်နှောင်ထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၂ (က) နဲ့ တရားစွဲထားပါတယ်။
ဦးမိုးဇော်ထွန်း ဟာ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေး ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက် ခဲ့သူပါ။
ရန်ကုန်မြို့က လူ့အခွင့်အရေးရှေ့နေ ဦးဖိုးဖြူ ကိုလည်း စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ မတ်လထဲမှာ ဖမ်းဆီးပြီး နိုဝင်ဘာ ၂၅ ရက်နေ့မှာ အင်းစိန်ထောင်တွင်း တရားရုံးကနေ တပ်မတော်နဲ့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ - ၁၂၄ (က) နဲ့ ထောင် ခုနစ်နှစ် ချမှတ်ထားပါတယ်။
DVB သတင်းထောက် ဦးအောင်စံလင်း ပျောက်ဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ သူရဲ့ လူမှုကွန်ရက်မှာ လူပျောက်တိုင်ကြောင်း ရေးသားရာမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နာမည်အပါအဝင် တရားရေးဌာန တာဝန်ရှိသူတွေရဲ့ အမည်တွေကို ထည့်သွင်းရေးသားတာဟာ အာဏာပိုင်တွေကို မလိုမုန်းထားအောင် ပြည်သူတွေကို လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးဖိုးဖြူ အရေးယူခံထားရတာပါ။
ဦးဖိုးဖြူဟာ ဥပဒေရေးရာမှာ နှံ့စပ်ကျွမ်းကျင်ပြီး ဥပဒေနဲ့ မညီတဲ့ကိစ္စရပ်တွေမှာ မဟုတ်မခံပြောဆို ထောက်ပြတတ်တာကြောင့် အပြစ်မရှိဘဲ အရေးယူခံရတာလို့ ဦးဖိုးဖြူရဲ့ မိတ်ဆွေ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“သူသည် ဥပဒေအရာမှာ နှံ့စပ်တယ်၊ ဥပဒေအရာမှာ တော်တယ်၊ မဟုတ်မခံစိတ် ရှိတယ်ပေါ့။ အဲဒီအတွက် ဥပဒေနဲ့ ပတ်သက်လာရင် သူက သေးသေးတင်မခံဘူး၊ ဥပဒေနဲ့ မညီတာရှိရင်လည်း သူ ပြောတယ် ပေါ့။ ဥပဒေနဲ့မညီတာကို ညီအောင် ပြောချင်တယ်၊ ရှိတဲ့ ဥပဒေအကိုးအကားတွေ သူအကုန်သုံးတယ်၊ ဥပဒေကို အမှန်အတိုင်းဖြစ်အောင် သူဆန္ဒရှိတာပေါ့။ ဖြည့်စွက်ပြောချင်တာတော့ သူဟာ လူတော်တစ်ယောက်ပါ လွှတ်ပေးသင့်ပါတယ်”
ဦးဖိုးဖြူဟာ အဖမ်းမခံရခင်အထိ Phoe Phyu & Associates Law Firm ကုမ္ပဏီကို ဖွင့်လှစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုကြောင့် အဖမ်းခံရသူတွေ ဥပဒေရဲ့အကာအကွယ် အပြည့်အဝရရှိဖို့ လိုက်ပါဆောင်ရွက် ခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက ရှေ့နေ ၄၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၃၂ ဦးဟာ အခုချိန်ထိ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ ၁၃ ဦးကတော့ ပြန်လွတ်လာခဲ့ပါတယ်။
ရှေ့နေတွေကို တရားခွင်တွေမှာ လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်၊ ခုခံချေပခွင့်တွေ ပေးထားပြီး အကြောင်းမဲ့ ဖမ်းဆီးတာမျိုး မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ၂၀၂၂ ခုနှစ် မေလထဲမှာ RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။
ရှေ့နေတွေ အနေနဲ့ သူတို့လိုက်နေတဲ့ အမှုတွေနဲ့ပတ်သက်ပြီး စစ်ဆေးဆဲကာလမှာ တရားရုံးလုပ်ဆောင်ချက်တွေကို လွှမ်းမိုးစေမယ့် အကြောင်းအရာတွေ၊ ပြည်သူလူထု အထင်လွဲမှားစေမယ့် အကြောင်းအရာ တွေကို အပြင်ကို ထုတ်မပြောဖို့ ကန့်သတ်ထားတာမျိုးတော့ ရှိတယ်လို့ သူက ဆိုပါတယ်။
အဲဒီလို ကန့်သတ်ချက်တွေကြောင့် ရှေ့နေတွေဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ အစောပိုင်းကာလတွေကနေ အခုချိန်ထိ အာဏာပိုင်တွေရဲ့ မျက်ခြည်မပြတ် စောင့်ကြည့် တာကို ရင်ဆိုင်နေရတယ်လို့လည်း ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“တော်တော်များများ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေကို စောင့်ကြည့်တာခံရပါတယ်။ ကျနော်တို့ အပါအဝင်ပေါ့လေ။ သိသိသာသာ စောင့်ကြည့်တာမျိုး မသိမသာ စောင့်ကြည့်တာမျိုး သို့မဟုတ် တရားခွင်မှာရှိနေတဲ့ စရဖတို့၊ သတင်းတပ်ဖွဲ့ တို့ကနေမှ ရှေ့နေလိုင်စင်တွေ တောင်းယူတာမျိုး အချက်အလက်တွေကောက်ယူတာမျိုး တချို့ ဆိုရင် CID တို့၊ ဘာတို့မှာ ခေါ်ပြီးတော့မှ စစ်ဆေးမေးမြန်းမှုတွေ ရှိခဲ့တယ်”
ရှေ့နေတွေဟာ ကိုယ့်အမှုသည်နဲ့ အမှုအကြောင်း လုံလုံလောက်လောက် ဆွေးနွေး တိုင်ပင်ခွင့်မရတာ၊ ခုခံချေပခွင့် အပြည့်အဝ မရတာတွေအပြင် အကျဉ်းဦးစီးဌာနက ရှေ့နေစာရင်းတွေယူထားပြီး တရားခွင် အတွင်းအကြောင်းအရာတွေကို မီဒီယာတွေကို မဖြေဖို့၊ လူမှုကွန်ရက်ပေါ် မတင်ဖို့ တားမြစ်ခံရတာ စတဲ့ ကန့်သတ်ချက်မျိုးစုံကို ကြုံနေ ရတယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက် ဥပဒေသမား ရှေ့နေ တွေပါ အချိန်မရွေး အဖမ်းခံရနိုင်တယ် ဆိုတဲ့ စိုးရိမ်စိတ်က အမြဲရှိနေကြတယ်လို့ ရဲနဲ့ စစ်တပ်ရဲ့ လိုက်လံရှာဖွေမှုကြောင့် တိမ်းရှောင်နေရတဲ့ နိုင်ငံရေးအမှုလိုက် ရှေ့နေတစ်ဦးက ပြောပါတယ်။
"နိုင်ငံရေးအမှုနဲ့ ပတ်သက်လို့ လိုက်ထားဖူးတဲ့ ရှေ့နေတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာ တစ်ယောက်ယောက် ပါသွားတာနဲ့ သူ့ကိုဆက်စပ်ပြီး အဖမ်းခံရနိုင်လား ဒီလိုမျိုး လိုက်ပါဆောင်ရွက်တဲ့ အတွက်ကြောင့် နောက်ကြောင်းပြန်ပြီးတော့များ အဖမ်းခံရနိုင်လား၊ တစ်ခုခုပေါ့နော် ကိုယ်နဲ့ ဆက်စပ်ပြီးတော့ ဘယ်လိုအခြေအနေမျိုး မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တစ်ချိန်တုန်းက ဒီလိုအမှုလိုက်ပါ ဆောင်ရွက်တဲ့ ကိစ္စကပဲ တစ်ချိန်ချိန်မှာ အဖမ်းများခံရမလားဆိုတဲ့ဟာမျိုး စိုးရိမ်နေရတယ်”
ရှေ့နေတွေ ဖမ်းဆီးထောင်ချခံနေရတဲ့အပြင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးတင်ထွန်းသိန်း ကတော့ အကြောင်းပြချက်မခိုင်လုံဘဲ မြစ်ကြီးနား မြို့က သူရဲ့နေအိမ်ကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က လာရောက်ချိပ်ပိတ်တာကို ခံခဲ့ရပါတယ်။
စစ်ကောင်စီဟာ မတရားမှုကို လက်မခံဘဲ ရဲရဲရင့်ရင့် ကာကွယ်ပြောဆိုနေတဲ့ ရှေ့နေတွေ ကို မုန်းတီးမှုနဲ့ ပစ်မှတ်ထား ဖမ်းဆီးထောင်ချနေတာမို့ ဥပဒေသမားရှေ့နေတွေရဲ့ အနစ်နာခံမှုကို လေးစားဂုဏ်ယူတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ပြောပါ တယ်။
“အခုဖြစ်နေတာကတော့ ရွပ်ရွပ်ချွံချွံနဲ့ ဥပဒေတိုင်းလိုက်တဲ့ မှန်မှန်ကန်ကန်ပြောတယ် ဆိုတဲ့ ဥပမာ-မန္တလးက ဦးဇော်မြင့်မောင်တို့ အမှုလိုက်ပေးတဲ့ ရွက်နုအောင်တို့လိုပေါ့၊ အဲဒီရှေ့နေတွေကိုတော့ သူတို့က လုံးဝ ခွင့်မလွှတ်ဘူး၊ ဥပဒေနဲ့အညီလိုက်တဲ့ရှေ့နေတွေ ကိုတော့ လုံးဝ ခွင့်မလွှတ်ဘူး၊ အဲဒီရှေ့နေတွေကတော့ ထွက်ပြေးလို့လည်း မရဘူး၊ များသောအားဖြင့် ထောင်ကျကုန်တာပဲ။ ဥပဒေနဲ့အညီလုပ်လို့ သတ္တိရှိတဲ့ ပြောင်မြောက် တဲ့ ရှေ့နေတွေဟာ သမိုင်းမှာ ကျန်ရစ်ခဲ့မှာပဲ။ သူတို့ကတော့ မင်းဆိုးမင်းညစ်အောက်မှာ စွန့်လွှတ်မှု၊ သည်းခံမှု၊ အနစ်အနာခံမှုကို လေးစားပါတယ်။ သူတို့ကိုပြောချင်တာက တော့ ခင်ဗျားတို့နစ်နာတာ တိုင်းပြည်က မမေ့ပါဘူးလို့ အဲဒါတော့ ပြောချင်တယ်”
စစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ အင်းစိန်၊ သာယာဝတီ၊ ပြည်၊ သရက်၊ မန္တလေး အိုးဘို၊ မြစ်ကြီးနား၊ လားရှိုး စတဲ့ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်ကြီးတွေမှာ ထောင်တွင်း အထူးတရားရုံးတွေ ဖွင့်လှစ်ပြီး နိုင်ငံရေးအမှု အများစုကို စစ်ဆေးအမိန့်ချလေ့ ရှိပါတယ်။
အဲဒီတရားရုံးတွေက တရားသူကြီးတွေဟာ စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းရဲ့ ညွှန်ကြားချက် တွေအတိုင်း အမိန့်ချနေရတာကြောင့် လက်ရှိတရားစီရင်ရေးဟာ မျှတမှုမရှိတဲ့ ဟန်ပြ တရားစီရင်ရေး သက်သက်သာ ဖြစ်တယ်လို့ အမှုလိုက်ရှေ့နေတွေက ထောက်ပြ ဝေဖန် ပါတယ်။
တိုင်းပြည်ရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာလည်း လက်ရှိ တရားသူကြီး ၁၁ ဦး ရှိတဲ့အနက် ရှစ်ဦးဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ စစ်ကောင်စီအလိုကျ ခန့်ထားသူတွေ ဖြစ်ပါတယ်။ အဲဒီ ရှစ်ဦးအနက် တရားသူကြီးနှစ်ဦးဟာ စစ်တပ်ရဲ့ စစ်ဥပဒေချုပ်ရုံးမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့သူ တွေဖြစ်တယ်လို့ တရားရေးနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။