ထင်ရှားတဲ့ နိုင်ငံရေးသမား ဦးတင်အေးကြူ ရက်လည်ဆွမ်းကျွေး ဘန်ကောက်မှာကျင်းပ

ခင်မောင်စိုး
2022.12.27
ထင်ရှားတဲ့ နိုင်ငံရေးသမား ဦးတင်အေးကြူ ရက်လည်ဆွမ်းကျွေး ဘန်ကောက်မှာကျင်းပ နိုင်ငံရေးအကျဉ်းသားအဖြစ် အနှစ် ၂ဝ ကျော် နေထိုင်ခဲ့ရတဲ့ ဦးတင်အေးကြူ ခေါ် ကဗျာဆရာ စာရေးဆရာ မောင်မှိုင်းလွင်(အင်းဝ)။
RFA

အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့နိုင်ငံရေးသမိုင်းမှာ အစဉ်အလာကြီးမားသူတစ်ဦးဖြစ်တဲ့ ဦးတင်အေးကြူ ခေါ် ကဗျာဆရာ စာရေးဆရာ မောင်မှိုင်းလွင်(အင်းဝ)ဟာ ၁၉၇၆ ခုနှစ် မတ်လကကျင်းပခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းရာပြည့် အရေးအခင်းမှာ စက်မှုတက္ကသိုလ်ကျောင်းသားဘဝနဲ့ ပါဝင်ဦးဆောင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် စစ်အစိုးရရဲ့ ဖမ်းဆီးခံရပြီး ၁၉၈၈ အရေးတော်ပုံမှာလည်း အထက်မြန်မာပြည် လှုပ်ရှားမှုမှာ အင်မတန် ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ထပ်မံဖမ်းဆီးခံခဲ့ရသူပါ။

နိုင်ငံရေးအကျဉ်းသားအဖြစ် အနှစ် ၂ဝ ကျော် နေထိုင်ခဲ့ရတဲ့ ဦးတင်အေးကြူဟာ ဒီဇင်ဘာ ၂ဝ ရက်နေ့က ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပါပြီ။ သူ့အတွက် ရည်မှန်းအလှူဒါနပြုတဲ့ ဆွမ်းကျွေးပွဲကို ကျန်ရစ်သူဇနီး ဒေါ်ခင်စန်းကြည်နဲ့ သမီးဖြစ်သူ ဒေါက်တာ အိမွန်သင်းကြူတို့က ဘန်ကောက်မြို့လယ်ကနေ ၃၅ မိုင်ခန့်ဝေးတဲ့ ချူလာလောင်ကွန်သံဃာ့တက္ကသိုလ်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။

ဒေါက်တာ အိမွန်သင်းကြူက သူမရဲ့ ဖခင်အတွက် ထာဝရဂုဏ်ယူနေမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အာဏာရှင်ဗိုလ်ချုပ်နေဝင်းလက်ထက်ကနေ အာဏာရှင်မင်းအောင်လှိုင်လက်ထက်ထိ ခေတ်အဆက်ဆက် ဖေဖေဟာ နည်းလမ်းပေါင်းစုံနဲ့ ကိုယ်တိုင်ပါဝင်ပြီးတော့ ကိုယ်တိုင်သပိတ်ဦးဆောင်ခဲ့တာတွေ အပါအဝင် ကဗျာရေးခဲ့တယ်၊ စာတွေရေးခဲ့တယ်။ ဒီလိုနည်းလမ်းမျိုးစုံနဲ့တွန်းလှန်ခဲ့တာပေါ့။ ကျွန်မတို့ဟာ အခုလူသေပေမယ့် နာမည်ကျန်ရစ်ခဲ့တဲ့ သူရဲကောင်းတစ်ဦးအနေနဲ့ အမြဲတမ်း ဂုဏ်ယူနေမှာပါ။ အာဏာရှင်ကို တွန်းလှန်ခဲ့တဲ့ နိုင်ငံရေးသမားတွေ ဘယ်လောက်ဆုံးရှုံးခဲ့ရ ဆုံးရှုံးခဲ့ရ ဒီတော်လှန်ရေးက ဆက်ပြီးတော့ နိုင်အောင်တိုက်မယ့်ပွဲလည်းဖြစ်ပါတယ်။ ကျွန်မတို့ကတော့ ကျွန်မတို့ အဖေကို ဂုဏ်ယူစွာနဲ့ပဲ ဒီအာဏာရှင်လက်သစ်ကိုလည်း ကျရာနေရာကနေ တွန်းလှန်ဖို့ အဆင်သင့်ရှိနေပါတယ်။”

ဘန်ကောက်မြို့က ဒီဆွမ်းကျွေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် အာဏာရှင်စနစ်ဆန့်ကျင်ပြီး ဒီမိုကရေစီအရေးဆောင်ရွက်နေသူ အနည်းငယ်ခန့်သာ လာရောက်နိုင်ခဲ့ပါတယ်။ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် ကိုဝင်းထွေးက -

“ဦးတင်အေးကြူ တို့ကတော့ မျိုးဆက်ဟောင်းတွေပေါ့နော် ကျွန်တော်တို့ကတော့ စစ်အာဏာရှင်ကိုလက်ဆင့်ကမ်းတိုက်နေတဲ့ မျိုးဆက်သစ်တွေပေါ့နော်။ ဒီလိုပဲ အာဏာရှင်ကိုတော်လှန်တဲ့ အခါမှာ အဟောင်းနဲ့ အသစ်ပဲကွာတယ်။ ကျွန်တော်တို့မျိုးဆက်သစ်မှာတော့ ကျွန်တော်တို့ရအောင် ခုခံတော်လှန်မယ်။ အဆုံးထိတိုက်မယ်လို့ စဉ်းစားထားပါတယ်။ ခေတ်အဆက်ဆက်အာဏာရှင်ကို တွန်းလှန်ခဲ့တဲ့ ပုဂ္ဂိုလ်အားလုံးကိုလည်း ကျွန်တော် လေးစားပါတယ်ခင်ဗျ။”

New Power Generation မျိုုးဆက်သစ်အင်အားစုက ကိုဖြိုးပိုင်ကလည်း အာဏာရှင်စနစ်အမြစ်ဖြတ်ရေး အတွက် အားလုံးမှာတာဝန်ရှိတယ်လို့ ပြောပါတယ်။

321348140_482403963979272_8828463457271325062_n.jpg
နိုင်ငံရေးအကျဉ်းသားအဖြစ် အနှစ် ၂ဝ ကျော် နေထိုင်ခဲ့ရတဲ့ ဦးတင်အေးကြူ ခေါ် ကဗျာဆရာ စာရေးဆရာ မောင်မှိုင်းလွင်(အင်းဝ)။ (Photo: Nyein Aye Eain)

CDM ဗိုလ်ကြီးလင်းထက်အောင် က -

“ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် စစ်အာဏာရှင်လက်အောက်ကနေပြီး ဒီမိုကရေစီရရှိရေးအတွက် ကြိုးစားခဲ့တဲ့ အခုလတ်တလော ဆုံးပါးသွားတဲ့ ဆရာ မောင်မှိုင်းလွင် ခေါ် ဦးတင်အေးကြူလိုပေါ့နော် ၇၄ မျိုးဆက် ၈၈ မျိုးဆက် စတဲ့ မျိုးဆက်တွေလိုပဲ ကျွန်တော်တို့ အခု ၂၁ မျိုးဆက်ကလည်း သူတိုရဲ့ သွေးတွေနဲ့ အတူ ရဲရဲတောက် အခုအချိန်ထိ စစ်အာဏာရှင်တွေကို တွန်းလှန်နေတယ်လို့ ပြောချင်တယ်။ ရှေးကလူတွေရဲ့ ဘဝနဲ့ချီပြီး အသက်နဲ့ ချီပြီး ပေးဆပ်မှု စွန့်လွှတ်အနစ်နာခံမှုနဲ့အတူ ဒီမျိုးဆက်တွေကလည်း ထပ်တူပဲ တော်လှန်နေကြတာတွေကို အခုအချိန်မှာ မြင်တွေ့နေရမှာပါ။ ပေးဆပ်မှုတွေနဲ့အတူ ဒီအာဏာရှင်တွေကို အမြစ်ပြတ် မြန်မာမြေပေါ်ကနေ တွန်းလှန်နိုင်မယ်ဆိုတာ ကျွန်တော် အပြည့်အဝ ယုံကြည်ထားပါတယ်။”

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ ခေတ်အဆက်ဆက် အာဏာရှင်စနစ် ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေအနက်က မှိုင်းရာပြည့်အရေးအခင်းနဲ့ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွေမှာ ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတင်အေးကြူ ခေါ် ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝ) ကွယ်လွန်မှုအတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့သလို အမှတ်တရ အလှူဒါန အခမ်းအနားတွေကို ပြည်တွင်းပြည်ပနေရာတချို့မှာလည်း နွေဦးတော်လှန်ရေးသမားတချို့က ဒီရက်ပိုင်းအတွင်း ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။