နှိပ်စက်ညှဉ်းပန်းမှုနဲ့ ပြင်းထန်တဲ့ နိုင်ငံရေးစိတ်ကြောင့် ထောင်ဖောက်ပြေးမှု ဖြစ်လာ

2022.09.20
နှိပ်စက်ညှဉ်းပန်းမှုနဲ့ ပြင်းထန်တဲ့ နိုင်ငံရေးစိတ်ကြောင့် ထောင်ဖောက်ပြေးမှု ဖြစ်လာ ၂ဝ၁၉ ခုနှစ်က ပခုက္ကူအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးအား တွေ့ရစဉ်။
Photo: Citizen Journalist

မကွေးတိုင်း ပခုက္ကူအကျဉ်းထောင်က အချုပ်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ငါးဦးဟာ စက်တင်ဘာလ ၁၁ ရက်နေ့က အချုပ်ခန်းကိုဖောက်၊ မြင့်မားတဲ့ ထောင်ဝန်းအုတ်တံတိုင်း ကို ခက်ခက်ခဲခဲ ကျော်တက်ပြီး ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ပခုက္ကူထောင်က လွတ်မြောက်သွားသူတွေထဲမှာ 96 Solider တပ်ဖွဲ့ဝင် PDF နှစ်ဦးနဲ့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အဖမ်းခံထားရတဲ့ အရပ်သားသုံးဦး ပါဝင်ပါ တယ်။

နိုင်ငံ‌ရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ ပြည်တွင်းသတင်းမီဒီယာတွေပေါ် အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ၂၀၂၂ ဩဂုတ်လကုန်ပိုင်းအထိ အာဏာသိမ်း ၁၈ လ ကျော်အတွင်း ထောင်တွင်းနှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးမှုတွေ ကြောင့် ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်၊ ဘားအံထောင်၊ သာယာဝတီ ထောင်၊ ကလေးထောင်၊ ပုသိမ်ထောင်၊ ပဲခူးထောင်နဲ့ ပြည်ထောင်တို့မှာ ထောင်တွင်း ဆန္ဒပြမှု ပေါင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။

ကလေးအကျဉ်းထောင် အဓိကရုဏ်းမှာဆိုရင် ထောင်အာဏာပိုင်တွေရဲ့ ပစ်ခတ်ဖြိုခွင်း မှုကြောင့် CDF တပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် အကျဉ်းသား ခုနစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါ့ကြောင့် စက်တင်ဘာ ၁၁ ရက်နေ့က ပခုက္ကူထောင်ကနေ နိုင်ငံရေးအကျဉ်းသား ငါးဦး ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ်ဟာ ၁၉၈၈ အာဏာသိမ်းချိန်ကနေ အခုချိန်ထိ အနှစ် ၃၀ ကျော်အတွင်း ထူးခြားတဲ့ဖြစ်စဉ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။

"တော်လှန်ရေးထဲမှာ Participant လုပ်လို့ ရတယ်ဆိုတဲ့ အသိစိတ်ကလည်း တွန်းအားတစ်ခု ဖြစ်ပါလိမ့်မယ်"

ပခုက္ကူထောင်က ထွက်ပြေးလွတ်မြောက်သွားသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ရှိသူတို့ရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအခြေအနေကြောင့် သူတို့ကို ကူညီစောင့်ရှောက်ထားသူတွေက ဖြေဆိုခွင့် မပေးပါဘူး။

ပခုက္ကူ အကျဉ်းထောင်ထဲက လွတ်မြောက်လာသူတွေဟာ ထောင်ထဲကို စရောက်ကတည်းက လွတ်မြောက်ဖို့ အမြဲကြိုးစားနေတာဖြစ်ပြီး သူတို့ လွတ်မြောက်လာတဲ့ ဖြစ်စဉ်အသေးစိတ်ကို အခုချိန်မှာ ရှင်းမပြနိုင်သေးဘူးလို့ 96 Solider အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင် က ပြောပါတယ်။

“သူတို့က မတရားအဖမ်းခံရတာပါ။ မတရားအဖမ်းခံရတာ ဖြစ်တယ်။ သူတို့အနေနဲ့ အဲဒီ ထောင်မှာ စရောက်ကတည်းကပေါ့နော်၊ ဒီလိုမျိုး ဘာမှမလုပ်နိုင်ဘဲနဲ့ စိတ်ညစ်နေတဲ့ အခြေအနေမျိုးကို မရုန်းကန်၊ မကြိုးစားဘဲနဲ့ မနေလိုဘူးပေါ့နော်။ သူတို့ လွတ်မြောက်ဖို့ အတွက်ကို အမြဲတမ်း တွေးတောကြံစည်နေတယ်။ အဲဒီစိတ်နဲ့ပဲ သူတို့ ကြိုးစားခဲ့တယ်။ အခုချိန်မှာ အဲဒီလောက်ပဲ ပြောလို့ရတယ်” 

96 Solider တပ်ဖွဲ့ဝင် နှစ်ဦးဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ကအဖမ်းခံခဲ့ရပြီး ပခုက္ကူ ထောင်ထဲမှာ နှစ်လကျော် ချုပ်နှောင်ခံထားရတာဖြစ်ပါတယ်။ သူတို့ကို စစ်ကောင်စီက ထောင် နှစ်ရှည်ချမှတ်နိုင်တဲ့ နိုင်ငံရေးပုဒ်မ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲထားတာလို့ ကိုဇေယျာလွင်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ငါးဦးဟာ ထောင်ထဲကနေ ခက်ခက်ခဲခဲ အသက်စွန့်ထွက်ပြေးလာတာကြောင့် သူတို့လွတ်မြောက်ရေးအတွက် တတ်နိုင်သလောက် ကူညီပေးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးက RFA ကိုပြောပါတယ်။

“ထွက်လာတဲ့အချိန်မှာ ကျနော်တို့ဆီက မြို့နယ် ပကဖပေါ့နော်။ ပကဖကို လှမ်းချိတ်လို့ ပကဖကနေ ဒီက Local အဖွဲ့ လေးတွေ စုပြီးတော့ သူတို့ကို မြို့ထဲကနေပေါ့၊ သူတို့က မြို့ထဲက ထွက်လာတာပါပဲ။ ကျနော်တို့ကနေပြီးတော့ ဆုံရပ်လေးတစ်ခု လုပ်ပေးပြီး တော့ ပကဖနဲ့ ပူးပေါင်းအဖွဲ့တွေက သွားကယ်ထုတ် ပေးလိုက်တာပေါ့နော်။ သူတို့ ပြေးလာတာကတော့ သူတို့ အစီအစဉ်နဲ့ သူတို့ ပြေးလာကြတာပါဗျ”

လွတ်မြောက်လာသူတွေနဲ့ ပခုက္ကူထောင်မှာ အကျဉ်းချခံထားရဆဲ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ရဲ့ လုံခြုံရေးကို ငဲ့ကွက်ပြီး သူတို့ဘယ်လို ထွက်ပြေးလွတ်မြောက်လာသလဲ ဆိုတဲ့ အသေးစိတ်အချက်အလက် တွေကို အတိအကျ မပြောနိုင်ဘူးလို့လည်း အဲဒီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ပခုက္ကူအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မနဲ့ တရားစွဲခံထားရသူပေါင်း ၅၀၀ ကျော် ရှိနေပြီး စက်တင်ဘာ ၁၁ ရက် ထောင်ဖောက်မှု ဖြစ်ပြီးတဲ့နောက်မှာ အဲဒီအဆောင်က နိုင်ငံရေး အကျဉ်းသား ၆၀ ခန့်ကို စစ်တပ်က ကားလေးစီးနဲ့ ခေါ်ထုတ်သွားပြီး စစ်ဆေးနေတယ်လို့ ပခုက္ကူထောင်နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် ပခုက္ကူထောင်ပိုင်ကြီး ရာထူးလျှော့ချခံရပြီးနောက်မှာ ရာထူးကနေ အပြီး နုတ်ထွက်သွားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့က ထောင်လုံခြုံရေး မျှော်စင်တာဝန်ကျသူ၊ ထွက်ပြေးသွားတဲ့ အဆောင်က ညကင်းတာဝန်ကျသူ၊ အဆောင်မှူးနဲ့ ကင်းတာဝန်မှူး အားလုံးလည်း အရေးယူခံထားရတယ်လို့ ပခုက္ကူထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပခုက္ကူထောင်ကနေ နိုင်ငံရေး အကျဉ်းသား ငါးဦး လွတ်မြောက်သွားတာ မှန်ကန်ကြောင်း စက်တင်ဘာ ၂၀ ရက် ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အတည်ပြုပြောဆိုသွားပြီး ပေါ့လျော့တဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို အရေးယူသွားမယ်လို့ ပြောပါတယ်။

"ပခုက္ကူအကျဉ်းထောင်က ထွက်ပြေးတဲ့ကိစ္စက ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား တစ်ဦးရယ်၊ အမှုစစ်ဆေးဆဲ အချုပ်သား လေးဦး ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါ တယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဝန်ထမ်းတွေ ပါဝင်ပတ်သက်မှု မရှိပါဘူး။ တာဝန် ပေါ့လျော့တာပဲ ရှိပါတယ်။ တာဝန်ပေါ့လျော့မှုကြောင့် အရေးယူအပြစ်ပေးနိုင်ရေး ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလျက်ရှိပါတယ်"

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးကတော့ အကျဉ်းထောင်တွေထဲမှာ ထောင်အာဏာ ပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ် နှိပ်ကွက်မှုတွေကြောင့် အခုလို အသက်စွန့်ပြီး ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြတာလို့ RFA ကို ပြောပါတယ်။

“အထူးအစီအစဉ်နဲ့ကို နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်မယ်၊ နှိပ်ကွပ်တာကို မခံဘူး၊ အထူး အခွင့်အရေး တောင်းဆိုတာတွေ ဘာတွေလုပ်လာမယ်ဆိုလို့ရှိရင် နိုင်ငံရေး အကျဉ်းသား ခေါင်းဆောင်ပိုင်းကို လက်စတုံးပစ်လိုက်လို့ ရတယ်ဆိုတာကို တရားဝင်စာ ထွက်ထားပြီးသား။ အဲလောက် အထိ နှိပ်ကွပ်နေတယ်ဆိုတော့ ဘယ်သူက နေနိုင်မှာလဲ နော်။ ဘယ်သူမဆို ထွက်ပြေးချင်ကြမှာပဲ ပေါ့။ အခွင့်မသာလို့ ထွက်မပြေးကြရတာပဲ ရှိတယ်။ လွတ်သွားတဲ့သူတွေအတွက် အားလုံးက ဝမ်းသာကြတာပဲ။ ဘယ်သူလွတ်လွတ် ပေါ့နော်”

စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ထောင်ဝင်စာခက်ခဲတာ၊ သောက်ရေ လုံလောက်အောင် မပေးတာ၊ သန့်ရှင်းမှု အားနည်းလွန်းတာတွေကြောင့် အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေ တယ်လို့လည်း သူက ပြောပါတယ်။

Pakokku PDF.jpg
ပခုက္ကူအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသူ နှစ်ဦး (ဝဲနှင့် ယာ) နှင့်အတူ 96 Solider အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင် (အလယ်) အား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Zayar Lwin - Fb)

ဒီကိစ္စတွေကို မကျေနပ်လို့ ထောင်တွင်းဆန္ဒပြမှုတွေဖြစ်တိုင်း သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်တာ၊ တိုက်ပိတ် ညှဉ်းဆဲတာ၊ လုံလောက်တဲ့ ဆေးကုသခွင့် မပေးတာတွေကို ကြုံနေရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

အခုလို ပခုက္ကူထောင်ဖောက်ပြေးမှုဟာ စစ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့က ဘားအံထောင်က နိုင်ငံရေးအကျဉ်းသား နှစ်ဦးဟာ ထောင်အုတ်ရိုးကို ကြိုးနဲ့ကျော်တက်ပြီး ထွက်ပြေးခဲ့ဖူးပါတယ်။

၈၈ အာဏာသိမ်းချိန်ကနေ အခုချိန်ထိ နှစ် ၃၀ ကျော်ကာလအတွင်း နိုင်ငံရေးအကျဉ်းသား များလှတဲ့ မြန်မာနိုင်ငံမှာ ထောင်ဖောက်ပြေးတယ်ဆိုတဲ့ဖြစ်စဉ်မျိုး အလွန်ရှားပေမယ့် အခု နောက်ပိုင်း ထောင်တွင်း နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့်အခုလို အသက်စွန့် ထွက်ပြေးမှု တွေ ဖြစ်လာတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုမန်းက မှတ်ချက်ပေးပါ တယ်။

“ထောင်ဖောက်ပြေးကြတယ်ဆိုတဲ့ အဖြစ်အပျက်မျိုးက တော်တော်လေး ရှားတယ်ဗျ။ ရှားတယ် ဆိုတာက အဲဒီခေတ်ကာလ နောက်ခံနိုင်ငံရေး အခြေအနေတွေနဲ့လည်း ဆိုင်တာပေါ့နော်။ ဒီဘက်ခေတ်မှာ သူတို့ဘာကြောင့် ပြေးကြသလဲဆိုတော့ ဖြစ်နိုင်ခြေ တစ်ခုကတော့ဗျာ သူတို့ ဒီတော်လှန်ရေးထဲမှာ ဆက်လက်ပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ အကျဉ်းထောင်ထဲမှာ ဒီတိုင်း အသက်တွေကြီး အချိန်တွေကုန်၊ ရန်သူရဲ့ မတရားနှိပ်စက်မှုကို ဒီတိုင်းနေတာထက်တော့ လွတ်အောင်ပြေးမယ်၊ လွတ်ပြီးရင် ငါတို့ ဒီတော်လှန်ရေးထဲမှာ Participant လုပ်လို့ ရတယ်ဆိုတဲ့ အသိစိတ်ကလည်း တွန်းအား တစ်ခု ဖြစ်ပါလိမ့်မယ်”

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစလို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်း အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရသူ ၁၂၄၃၅ ဦးရှိပြီး သူတို့ထဲက ၁၄၇၄ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။