အကျဉ်းသားတွေ နှိပ်စက်သတ်ဖြတ်ခံရကြောင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေပြော

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.07.11
အကျဉ်းသားတွေ နှိပ်စက်သတ်ဖြတ်ခံရကြောင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေပြော ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်ကို တွေ့ရစဉ်။
Citizen Journalist

နိုင်ငံရေး အကျဉ်းသားတွေကို အာဏာပိုင်တွေက အကျဉ်းထောင်တွေကနေ ပြင်ပခေါ်ထုတ်ပြီး နှိပ်စက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့အပြင် သူတို့ကို ကူညီတဲ့ ထောင်ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား လေးဆယ်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ခေါ်ထုတ်သွားပြီးနောက် အဲဒီသူတွေထဲက တချို့ (ဒါမှမဟုတ်) အများအပြားသတ်ဖြတ်ခံရတယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

အဲဒီ အကျဉ်းသားတွေထဲက ကိုခန့်လင်းနိုင်၊ ကိုဇင်မြင့်ထွန်းနဲ့ ကိုပြည့်ဖြိုးဟိန်းတို့ မိသားစုတွေထံကို သူတို့ သုံးဦး သေဆုံးသွားပြီဖြစ်ကြောင်း အသိပေးစာတွေပို့ခဲ့တယ်လို့ သတင်းရပါတယ်။

ဇွန်လ ၂၉ ရက်နေ့စွဲနဲ့ ဒိုက်ဦးအကျဉ်းထောင် ဦးစီးအရာရှိ ဦးကျော်ဇေယျ ဆိုသူ လက်မှတ်ရေးထိုးပေးပို့တဲ့စာမှာ သူတို့ကို ဒိုက်ဦးအကျဉ်းထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့စဉ်လမ်းခရီးမှာ မော်တော်ယာဉ်တိမ်းမှောက်မှုကို အခွင့်ယူထွက်ပြေးတဲ့အတွက် လုံခြုံရေးတွေက ပစ်ခတ်ဖမ်းဆီးချိန်အတွင်း သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကတော့ အဲဒီနေ့က ခေါ်ဆောင်သွားသူတွေထဲက ခုနစ်ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

မဘသအဖွဲ့နဲ့ တပ်ထောက်ခံသူ အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ကိုလည်း ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းမှာ ထွက်ပြေးတာကြောင့် ပစ်သတ်လိုက်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အကျဉ်းသားတွေကို စစ်ကောင်စီက အခုလို သတ်ဖြတ်မှုတွေ ကျူးလွန်နေတာတွေနဲ့ ပတ်သက်ပြီး အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းနဲ့ နိုင်ငံတကာ တရားစွဲအဖွဲ့အစည်းတွေဆီကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“တကယ်သေချာတဲ့ အချက်အလက်တွေကို ကျွန်တော်တို့က MOHR ဆိုတဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာန ရှိတယ် နိုင်ငံတကာဆိုရင်လည်းပဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့လို ပုဂ္ဂိုလ်မျိုးတွေ ရှိတယ် အဲလိုမျိုးပဲ နိုင်ငံခြားရေး ဝန်ကြီးဌာနဆိုရင်လည်းပဲ ဒီအချက်အလက်တွေ ရောက်မယ်ပေါ့ အဲကနေတဆင့် ပို့သင့်ပို့ထိုက်တဲ့ အဖွဲ့အစည်းတွေ အကုန်လုံးကိုပို့တယ် အဲလိုပဲ နိုင်ငံတကာ တရားစွဲအဖွဲ့အစည်းဆီကိုလည်း ဒီအချက်အလက်တွေက ကျွန်တော်တို့ ပြဿနာပေါ်တိုင်းပေါ်တိုင်းမှာ သေချာစာရင်းပြုစုပြီးတော့မှ အမြဲတမ်း ပို့ဆောင်နေတာ ရှိပါတယ်။ အာဆီယံနဲ့ ပတ်သက်ရင်လည်းပဲ ကျွန်တော်တို့ဘက်ကတော့ ဒီဟာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်လည်း ပြောခဲ့ပြီးပါပြီ တွေ့ဆုံသင့်တွေ့ဆုံထိုက်တဲ့သူတွေနဲ့ တွေ့ပြီးတော့ ကျွန်တော်တို့ NUG ရဲ့ ရပ်တည်မှု မြန်မာနိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတဲ့ လက်ရှိအခြေအနေ တော်လှန်ရေး အင်အားစုတွေ အားလုံးရဲ့ လက်ရှိအခြေအနေ ဒါတွေအကုန်လုံးကိုတော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောပြတာတွေ လုပ်ကိုင်ဆောင်ရွက်နေပါတယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တာဝန်ရှိသူတစ်ဦးက အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံ အနေနဲ့ ဖမ်းဆီးပြီး အခုလို သတ်ဖြတ်နေတဲ့ ပုံစံဟာ နာဇီတွေ ဂျူးတွေကို သတ်တဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

“လက်ရှိအချိန်မှာလည်း မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်အုပ်စုက နိုင်ငံရေး အကျဉ်းသားတွေကို ဓားစာခံလိုမျိုး သူတို့ဖမ်းထားတယ် အခုလိုသတ်ပြစ်တာလည်း ကျွန်တော်တို့ ဘာကိုသွားပြေးမြင်လည်းဆိုတော့ နာဇီလက်ထက်က ဂျူးတွေကို မထင်ရင် မထင်သလို အပြင်ခေါ်ထုတ်ပြီးတော့ သတ်တယ် ပြီးတဲ့အခါကျတော့ အခန်းတစ်ခန်းမှာ စုပြုံထည့်ပြီးတော့ အဆိပ်ငွေ့လွှတ်ပြီးတော့ သတ်တယ်ဆိုတဲ့ဟာမျိုး ဒါမျိုးတွေကို ကျွန်တော်တို့ သွားမြင်တယ် အဲခေတ်ကိုပြန်ရောက်သွားသလိုမျိုး ကျွန်တော်တို့ ခံစားရတယ်”

ပဲခူးမြို့က အမျိုးသမီးတစ်ဦး ကလည်း သူ့ခင်ပွန်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာကတည်းက ဖမ်းဆီးသွားတာ အခုအချိန်အထိ သတင်းအစအန မရသေးဘူးလို့ RFA ကိုပြောပါတယ်။

“ညီမကကျတော့ ညီမယောင်္ကျားကို ခေါ်သွားတာပဲ သိတော့တာလေ သုံးယောက်ပါသွားတယ် သုံးယောက်ထဲမှာ နှစ်ယောက်ကျတော့ တောင်ငူက အကျဉ်းထောင်ထဲမှာ ရှိနေတယ်လို့ပြောတယ် ညီမယောင်္ကျားကျတော့ ပါမလာတော့တာ ကျန်တဲ့နှစ်ယောက်ဆီက သိရတာက ခေါ်လာတာတော့ သုံးယောက် ကျန်တဲ့ တစ်ယောက်ကတော့ ဘယ်ရောက်သလဲဆိုတာ မသိဘူး နောက်ပိုင်းကျတော့ ရှေ့နေက ရုံးထုတ်တဲ့ရဲတွေကို မေးတော့ ကျွန်တော်တို့ကို ပို့တဲ့အချိန်မှာလည်း နှစ်ယောက်ကိုပဲပို့တယ် ကျန်တဲ့တစ်ယောက်က ဘယ်ရောက်သွားတာလဲ အတန်တန်မေးတော့မှ သူကတော့ဒီထဲမှာပဲ ဆုံးပါးသွားတယ်လို့ အဲဒီထဲက တစ်ယောက်ကထွက်တော့မှ ဒါပဲသိရတာ”

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇူလိုင် ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းမှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှု၊ စစ်ကြောရေးစခန်းတွေမှာ ညှင်းပန်းနှိပ်စက်တာတွေကြောင့် သေဆုံးရသူ ၁၅၀ ဦး ရှိနေတယ်လို့ ဆိုပါတယ်။

ဒါဟာ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး အဲ့ထက်မက များနိုင်တယ်လို့ AAPP တာဝန်ရှိသူက ပြောပါတယ်။

ဒီအတောအတွင်း ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြင်ပမှာရှိတဲ့ PDF တွေနဲ့ ဆက်သွယ်ဖို့ ကူညီပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒိုက်ဦးထောင်ပိုင် အပါအဝင် အကျဉ်းထောင်ဝန်ထမ်း ရှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေရာမှာ အကျဉ်းထောင် အဆောင်မှူးတစ်ဦး အသက်ဆုံးပါးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက ဇူလိုင်လ ၁၁ ရက်နေ့မှာ RFA ကို ပြောဆိုပါတယ်။

မေလ ၂၅ ရက်ကလည်း ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၄ ဦး သီးခြားခေါ်ထုတ် ရိုက်နှက်စစ်ဆေးခံရပြီး အဲဒီအထဲက နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်ဝင်း သေဆုံးခဲ့တယ်လို့ သတင်းရပါတယ်။

အခုလို သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းနဲ့ စစ်ကောင်စီ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။