အိမ်စောင့်အစိုးရဖွဲ့မှုအပေါ် နိုင်ငံရေးသုံးသပ်သူများ ဝေဖန်
2021.08.02
အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီရဲ့ စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တာဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရဖို့နဲ့ အာဏာကို ရေရှည်ဆက်ထိန်းချုပ်လိုတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကော်မတီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး အဲဒီ အိမ်စောင့်အစိုးရအဖွဲ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့အပေါ် နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
စစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းလိုက်တာဟာ အာဏာကို ဆက်ပြီးချုပ်ကိုင်လိုတဲ့ ရည်ရွယ် ချက်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကျော်သီဟ က ပြောပါတယ်။
"သူက ပွဲစကတည်းကိုက ဝန်ကြီးချုပ်ပဲပြောပြော သမ္မတပဲပြောပြော နိုင်ငံ့ဦးဆောင်တဲ့နေရာမှာ တပ်က သူက ဦးစီးချုပ်ဖြစ်နေတဲ့အတွက် သူက အဲဒီနေရာကို သူပဲရရမယ်။ သူပဲယူမယ်ဆိုတဲ့ ပုံစံမျိုးကပါနေတာ။ အဲတော့ သမ္မတဖြစ်ဖို့ပဲဖြစ်ဖြစ် ဝန်ကြီးချုပ်ဖြစ်ဖို့ပဲဖြစ်ဖြစ် ဘယ်နည်းနဲ့ဖြစ်ဖြစ် သူတိုင်းပြည်မှာ နံပါတ် တစ်နေရာ ဖြစ်ကိုဖြစ်ရမယ်ဆိုတာ ရှိထားပြီးသားဖြစ်တယ်။ တိုင်းပြည်က ဘယ်လောက်မွဲချာချာ၊ စုတ် ပြတ်ပြတ် လူတွေ ဘယ်လောက်သေသေ သူက နံပါတ်တစ်နေရာမှာ ဆက်နေဖို့ ဆက်ရဖို့အတွက်ပဲ ဦးတည်နေတာ။ ကျန်တာတွေ ဘာမှမစဉ်းစားနိုင်ဘူး။"
အိမ်စောင့်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စု ရှေ့နေချုပ်နဲ့ အမြဲတမ်းအတွင်းဝန်တွေ ပါဝင်ပါတယ်။
အိမ်စောင့်အစိုးရဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်လိုက်တဲ့ သြဂုတ်လ ၁ ရက် အာဏာသိမ်း ခြောက်လ ပြည့်တဲ့ မနက်ပိုင်းမှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောခဲ့ပြီး၊ မိန့်ခွန်းကို အရင်ကလို စစ်ယူနီဖောင်းနဲ့မဟုတ်ဘဲ အရပ်ဝတ်နဲ့ပြောတာကို ရုပ်မြင်သံကြားကထုတ်လွှင့်ခဲ့ပါတယ်။
သူ့ရဲ့မိန့်ခွန်းထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်ကောင်စီက အာဏာကို နှစ်နှစ်ပဲ ထိန်းထားလို့ရကြောင်း၊ အဲဒီ နှစ်နှစ်အတွင်း ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ့်အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
"တိုင်းပြည် ဘယ်လောက်မွဲချာချာ၊ စုတ်ပြတ်ပြတ် လူတွေ ဘယ်လောက်သေသေ သူက နံပါတ်တစ်နေရာမှာ ဆက်နေဖို့အတွက်ပဲ ဦးတည်နေတာ"
အာဏာသိမ်းချိန်က တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ပြောခဲ့ပြီး၊ အခု ခြောက်လပြည့်ချိန်မှာ နှစ်နှစ်အတွင်းကျင်းပမယ်လို့ ပြောလာတာကြောင့် နောက်ထပ်အချိန်ဆွဲမှာကို စိုးရိမ်မိတယ်လို့ ရခိုင်အမျိုး သားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
"၆ လပြည့်အနေနဲ့ ပြည်သူကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချပြတဲ့အခါမှာ ၆ လ ၆ လ နှစ်ခါပြည့်ရင် နောက်ထပ် ၆ လ ထပ်ပေါင်းပြီးရင် ၂၀၂၃ သြဂုတ်လအထိလို့ ပြောတဲ့အတွက် စကားပြောတာက သုံးကြိမ် ထုတ်ပြန်တာမှာ သုံးမျိုးဖြစ်နေတဲ့ သဘောထားရှိတဲ့အတွက် ဒါကိုနောက်ထပ်ရေရှည် ဘယ်လိုပုံစံမျိုးနဲ့ ဆက်ပြီး အချိန်ဆွဲယူထားမလဲဆိုတာမျိုးကို ကျွန်တော်တို့ စိုးရိမ်တယ်။ စိုးရိမ်ချက်လည်းရှိတယ်။ ဘာလို့ လဲဆိုတော့ သဘောထားက မကြာမကြာ ပြောင်းလဲတဲ့ပုံစံမျိုး ထွက်နေတယ်လို့ ထင်မြင်တယ်။"
စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အာဏာထိန်းတာလို့ ပြောဆိုပြီးမှ အခုလို အိမ်စောင့် အစိုးရဖွဲ့တာဟာ ဖွဲ့စည်းပုံဥပဒေနဲ့ ညီမညီ မေးခွန်းထုတ်စရာဖြစ်တယ်လို့လည်း ဦးသာထွန်းလှ က ထောက်ပြဝေဖန်ပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦး ကတော့ စစ်ကောင်စီက အုပ်ချုပ်ရေးပိုင်းမှာ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်းလိုက်တာလို့ သုံးသပ်ပါတယ်။
"ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ့် ဒိတ်တွေလည်း ပေးထားတယ်။ ရှေ့လုပ်သွားမယ့် လုပ်ငန်းစဉ်တွေ ကို အစိုးရတစ်ရပ်အနေနဲ့ သွားတဲ့အခါကျတော့ ပိုပြီးတော့ မြန်ဆန်မယ့် သဘောမျိုးရှိတယ်။ ကိုဗစ် ကြောင့် စီးပွားရေးနှေးသွားတာရှိတယ်။ နောက်တစ်ချက်က ကိုဗစ်ကြောင့်ပဲ ကျန်းမာရေးဆိုင်ရာကိစ္စရပ် တွေကို ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်မယ်ဆိုရင် အစိုးရအဖွဲ့အစည်းတစ်ရပ်အနေနဲ့ သွားတာက ပိုပြီးတော့ အားပြည့်အင်ပြည့်ဖြစ်မယ်လို့ ယူဆပါတယ်။ ကျန်တဲ့အမြင်လည်း မျိုးစုံရှိနိုင်ပါတယ်။ သို့သော် လည်းပဲ Legitimate ဖြစ်ခြင်း မဖြစ်ခြင်းဆိုတာသည် အာဏာတစ်ရပ်ကို ထိန်းပြီးတော့ နိုင်ငံတစ်ခုရဲ့ တာဝန်ယူပြီးနောက်မှာ Legitimate က သူ့ဘာသာသူဖြစ်သွားပါလိမ့်မယ်။"
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကလည်း အခုဖွဲ့တဲ့ အိမ်စောင့်အစိုးရက ယာယီအစိုးရအဖွဲ့ပဲဖြစ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေကို အစိုးရတစ်ရပ်အနေနဲ့လုပ်တာ အဆင်ပြေဖို့နဲ့ နိုင်ငံတကာနဲ့ဆက်ဆံရေး အဆင်ပြေစေဖို့ အခုလို အိမ်စောင့်အစိုးရဖွဲ့တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
"ဒီအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေက အစိုးရတစ်ရပ်အနေနဲ့လုပ်တာက ပိုပြီးတော့ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာလည်း ပိုပြီးတော့အဆင်ပြေမယ်။ နောက် ပြည်တွင်းမှာဆိုလို့ရှိရင်လည်း အောက်မှာ ဖွဲ့တဲ့အဖွဲ့တွေက အစိုးရအဖွဲ့တွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေကလည်း အစိုးရအဖွဲ့တွေ ဖြစ်နေတော့ အဲဒီဟာကို လိုက်လျောညီထွေဖြစ်အောင် နာမည်ပြောင်းလိုက်တာပါပဲ။ ယာယီအစိုးရပါပဲ"
စစ်ကောင်စီဟာ နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ ကြိုးစားနေပြီး လာမယ့်စက်တင်ဘာမှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အရပ်သားအစိုးရပုံစံမျိုးဖြစ်ဖို့ အိမ်စောင့်အစိုးရဆိုတဲ့ နာမည်နဲ့ အသွင် ပြောင်းလိုက်တာလို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ပြောဆိုပါတယ်။
စစ်တပ်ခေါင်းဆောင်အဖြစ်နဲ့ နိုင်ငံတကာအသိမှတ်ပြုမှုရဖို့ မလွယ်တာကြောင့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဟာ အရပ်ဝတ်အသွင်နဲ့ ဝန်ကြီးချုပ်တာဝန်ယူပြီး အိမ်စောင့်အစိုးရဖွဲ့လိုက်တာလို့ နိုင်ငံရေး၊ လူ့အခွင့်အရေး သုတေသီတစ်ဦးဖြစ်တဲ့ ဒေါက်တာစိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။
"တပ်ကနေ အရပ်ဝတ်လဲပြီးတော့ သူကိုယ်တိုင် ဝန်ကြီးချုပ်လုပ်တယ်ပေါ့နော်။ ဆိုတော့ အဲဒီအသွင်ကို ပြန်ပြောင်းတယ်လို့မြင်တယ်။ ပြီးရင် သူ့ရဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုပေါ့။ အဲဒီဟာက တပ်အနေနဲ့ တပ်ခေါင်းဆောင်အနေနဲ့ အသိအမှတ်ပြုဖို့မလွယ်သလိုမျိုး အခုလိုမျိုးပုံစံပေါ့ အရပ်ဘက်ခေါင်းဆောင် အနေနဲ့ သူအသွင်ပြောင်းလိုက်တဲ့အချိန်မှာ အာဆီယံလမ်းကြောင်း တစ်ခြားလမ်းကြောင်းကနေပြီးတော့ အဲဒီလို အသိအမှတ်ပြုမှုကို ပိုပြီးတော့ ရဖို့အတွက် ကြိုးစားမယ်ဆိုတဲ့ သဘောမျိုးရှိတယ်လို့ ကျနော့် အနေနဲ့ မြင်ပါတယ်”
နိုင်ငံတကာက အသိအမှတ်ပြုခံရဖို့ စစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်းလိုက်ပေမယ့်လည်း ပြည်သူထောက်ခံမှုမရှိရင် ရပ်တည်ဖို့ မလွယ်ဘူးလို့လည်း နိုင်ငံရေးသုံးသပ်သူအချို့က မြင်ပါတယ်။စစ်တပ်က အာဏာသိမ်းထားတာ ၆ လကျော်လာပြီဖြစ်ပေမယ့် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင် တော်လှန်မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာဟာ အခုအချိန်ထိ အသက်မဝင်နိုင်သေးဘူးလို့ နိုင်ငံရေး လေ့လာသူတွေအကြား သုံးသပ်မှုတွေရှိနေပါတယ်။