ဖားကန့်မှာ လေးလအတွင်း လူပေါင်း ၇၀၀ ကျော် ဖမ်းဆီးခံရ

RFA Burmese
2023.05.09
ဖားကန့်မှာ လေးလအတွင်း လူပေါင်း ၇၀၀ ကျော် ဖမ်းဆီးခံရ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ) မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းဆီးခဲ့စဉ်။
Citizen Journalist

၂၀၂၃ နှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီဟာ ဖားကန့်မြို့နယ်မှာ ပြည်သူတွေကို ဖမ်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနှစ်ဆန်းပိုင်းကနေ မေလ ၃ ရက်နေ့အထိ ဖားကန့်မှာ ပစ်သတ်ခံရတဲ့သူ အယောက် ၂၀ ကျော်ရှိပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦး၊ KIA တပ်ဖွဲ့ဝင်နှစ်ဦးပါဝင်ပြီး ကျန်တဲ့သူတွေကတော့ အရပ်သားတွေ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလကစလို့ ဖားကန့်မြို့နယ်က မှော်စီဇာ၊ ရှရော်ခ၊ စဗျစ်ခူး၊ မှော်ဘုံ၊ မဆွပ်ယန်၊ မလန်၊ ဆိုင်းဖရာ ၊ လဝါး စတဲ့ ရွာတွေကို စစ်ကောင်စီတပ်တွေဝင်ပြီး အရပ်သား ၇၀၀ ကျော်ကို ဖမ်းခဲ့ပါတယ်။ အဲဒီထဲက လူ ၅၀၀ ကျော် ပြန်လွတ်လာခဲ့ပေမယ့် ၁၀၀ ကျော်က တော့အခုထိ မလွတ်သေးဘူးလို့ ပြောကြပါတယ်။ ကချင်လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (KHRW) ရဲ့ မေ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ဖားကန့်မြို့နယ်မှာ ၂၀၂၃ ဧပြီလအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ၃၇၃ ယောက်ထိရှိတယ်လို့ သိရပါတယ်။

တချို့ကို လူသားဒိုင်းအဖြစ်သုံးဖို့ ဖမ်းတာဖြစ်ပြီး တချို့ကိုတော့ KIA - PDF တွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတာဖြစ်ပါတယ်။ အဲဒီလိုဖမ်းထားတာ ၂၀၂၂ အောက်တိုဘာလကနေ အခုချိန်ထိ ၁၀၀ ဝန်းကျင်ရှိနေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

“စကစက မည်းမည်းမြင်ရာ အကုန်ပစ်၊ အကုန်သတ်၊ အကုန်ဖမ်းဆိုတဲ့မူ ပေါ်လစီကိုချုပ်ကိုင်ပြီးတော့ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်တဲ့အနေအထား ကျွန်တော်တို့ တွေ့ရပါတယ်"

သတင်းပေးကြောင့် အဖမ်းဆီးခံရတဲ့သူတွေ ပုဒ်မတပ်တရားစွဲခံရတယ်လို့ အမည်မဖော် လိုတဲ့ ဖားကန့် ဒေသခံတစ်ဦးက ပြောပါတယ်။

“ဘာလုပ်လဲဆိုတော့ ဓားစာခံပေါ့။ လူသားဒိုင်းအဖြစ်သုံးဖို့ဆိုပြီးဖမ်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အများစု ၇၅ ရာခိုင်နှုန်း ပြန်လည်လွတ်မြောက်လာတယ်။ အဲလိုမဟုတ်ပဲနဲ့ တချို့ကျတော့ တိတိကျကျ နေအိမ်ထဲမှာ လာဖမ်းတာမျိုး၊ နေအိမ်တွေမှာ မစ်ရှင်လို ဝင်ဖမ်းတဲ့ဟာတွေကျတော့ တစ်ယောက်မှ ပြန်လွတ်လာတာမရှိဘူး။ သူတို့ကို ကျတော့ ပုဒ်မတစ်ခုခုနဲ့ စွပ်စွဲပြီး ထောင်ချတာမျိုးတွေလုပ်တာ ရှိတယ်”

ပြီးခဲ့တဲ့မတ်လထဲမှာ ဖားကန့်မြို့က ရှုထောင့်သစ် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိတစ်ဦးနဲ့ ပြည်သူအယောက် ၃၀ ကို စစ်ကောင်စီတပ် က ဖမ်းဆီးခဲ့ပါတယ်။ တစ်ခါ KIO အရာရှိတစ်ဦးရဲ့ အိမ်ထဲ ဝင်ရောက်ရှာဖွေခဲ့ပြီး အိမ်မှာ ရှိနေတဲ့ သူ လေးဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။ မေ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဖားကန့် မှော်ဝမ်းရပ်ကွက်က အရပ်သား ၁၇ ဦးကို အိမ်တွေမှာ ဖမ်းဆီးလိုက်ပါတယ်။

ဒီနှစ်ဆန်းပိုင်းကနေ မေ ၃ ရက်နေ့အထိ ဖားကန့်မြို့နယ်မှာ ပစ်သတ်ခံရတဲ့သူ အယောက် ၂၀ ကျော် ရှိပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦး၊ လူဝင်ကြီးကြပ်ရေး ဦးစီးဌာန ဒုဦးစီးမှူး တစ်ဦး၊ KIA ရဲဘော် နှစ်ဦး၊ PDF ရဲဘော်တစ်ဦး တို့ပါဝင်ပြီး ကျန်တာ တွေက ပြည်သူတွေ ဖြစ်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ် မှော်ဘုံရွာက ဒေသခံ ၂၀၀ နီးပါးကို KIA နဲ့ PDF ကို ထောက်ခံတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းခေါ်သွားပြီး ၁၅၀ လောက်ကို အခုချိန်ထိ မလွှတ်သေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“သူတို့ ၅၀ လောက်တော့ လွှတ်ပေးတယ်ပေါ့၊ ဖမ်းတာက အကုန်လုံး ၂၀၀ လောက်ဆို တော့ ၁၅၀ ဝန်းကျင် လောက် ကျန်ဦးမယ်ပေါ့။ သူတို့ ဘယ်လိုပြောလဲဆိုတော့ သူတို့ ပုဒ်မကတော့ ရေရေရာရာလည်း မဟုတ်ပါဘူး။ ဒီ KIA ကိုထောက်ပံ့တယ်၊ PDF ကိုထောက်ပံ့တယ်ဆိုပြီး အဲစကားလေး နှစ်လုံးတည်းနဲ့ အကုန်လုံးကို ထိန်းချုပ် ထားတာ”

ဖမ်းထားတဲ့သူတွေကို ဖားကန့်မြို့နယ် မဆွပ်ယန်ရဲစခန်းအချုပ်ထောင်မှာ ချုပ်ထားတယ် လို့ ပြောပါတယ်။ အဖမ်းခံရသူတွေထဲက ဦးထွယ်အောင် ဆိုတဲ့သူကတော့ စစ်ဆေး မေးမြန်းတဲ့အချိန်မှာ ရိုက်နှက်ခံရပြီး သေဆုံးသွားတယ်လို့ ပြောပါတယ်။

ဖားကန့်မြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: RFA)
ဖားကန့်မြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: RFA)

ဧပြီ ၁၈ ရက်နေ့ကလည်း ဆိုင်းဖရာရွာကို စစ်ကောင်စီတပ်ဝင်လာပြီး အရပ်သား ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ပြန်လွတ်လာတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

“ခေါ်သွားတာ လူ ၈၀ လောက်ဟုတ်တယ်။ သူတို့ ရှေ့မှာ လျှောက်ခိုင်းတာ။ လမ်းလျှောက်တဲ့အချိန်မှာ ခေါင်းငုံ့ခိုင်းထားတယ်၊ သူတို့ကိုမကြည့်ခိုင်းဘူး။ ကားလမ်း ရောက်တော့ နန့်ယားက ကားကြီးနှစ်စီးမှာ စစ်သားတွေက ကျွန်တော်တို့ကိုလူခွဲပြီး သူတို့နဲ့အတူ စီးခိုင်းပြီး ဖားကန့်ဘက်ကို တက်လာတယ်။ ရှေ့ကကားမှာက အမျိုးသား တွေနဲ့စစ်သားတွေ။ နောက်ကားမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ပြီးတော့ စစ်သား တွေလည်း ပါတယ်။ နန့်တိန်းမရောက်ခင် ပျားအုံမှာ အပစ်ခံရတယ်။ ရှေ့ကားတော့ မထိဘူး။ နောက်ကားထိတာ။ အဲမှာ ပြည်သူ ၇ ယောက်ထိတာ တစ်ယောက် သေသွား တယ်"

သေဆုံးတဲ့သူရော၊ ဒဏ်ရာရာတဲ့သူတွေပါ အားလုံးက အမျိုးသမီးတွေဖြစ်ပါတယ်။

အသက် ၂၀ အရွယ် မဆိုင်းမွန်မိုင် သေဆုံးပြီး၊ မဘောက်မိုင်၊ ဒေါ်လဘန်ခေါန်ရှောင်၊ မအင်ခွမ် ဘောက်ဆန့်၊ မမရန်ဆိုင်းမိုင်၊ ဒေါ်ဇာဇာမျိုးနဲ့ မလဗျခေါန်နန် တို့က ဒဏ်ရာရတာလို့ ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေရဲ့ လူ့အခွင့်အရေးလုံးဝမရှိတော့ဘူးလို့ ကချင်ပြည်နယ်က လုံခြုံရေးအရ အမည်မဖော် လိုတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

“စကစက မည်းမည်းမြင်ရာအကုန်ပစ်၊ အကုန်သတ်၊ အကုန်ဖမ်းဆိုတဲ့မူ ပေါ်လစီကိုချုပ်ကိုင်ပြီးတော့ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ အနေအထား ကျွန်တော်တို့တွေ့ရပါတယ်။ ဒါလိုလုပ်ခြင်း အားဖြင့် ကျွန်တော်တို့ လူ့အခွင့်အရေးတစ်ခုမှ မရှိတော့ပါဘူး”

ဧပြီ ၂၃ ရက်နေ့ကလည်း ဖားကန့် မရှီကထောင်ရပ်ကွက် KTV တစ်ခုမှာ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးအပါ လုပ်ငန်းရှင် ၅ ဦး အသတ်ခံရပြီး၊ နောက်နေ့မနက်မှာ စစ်ကောင်စီ တပ်က သူတို့ဖမ်းမိတဲ့ ကေအိုင်အိုတပ်ဖွဲ့ဝင်တစ်ဦးနဲ့ PDF အဖွဲ့ဝင်တစ်ဦးကို ပစ်သတ် ခဲ့ပါတယ်။

ဖားကန့်မြို့မှာ သတ်ဖြတ်ခံထားရတဲ့ အမည်မသိအလောင်းတွေကိုလည်း မကြာမကြာ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက သတင်းတွေ ကြားနေပေမယ့် လုံခြုံရေးကိစ္စဖြစ်လို့ သူ့အနေနဲ့ အတည်ပြုနိုင်ဖို့ ခက်နေ တယ်လို့ပြောပါတယ်။

“ဒါကျတော့ သူ့လုံခြုံရေးဆိုက်က ဖြစ်သွားတာပေါ့။ ကျွန်တော့်လူမှုရေးဆိုက်ကတော့ အဲဒါတွေ သိပ်ပြီးတော့ ဟိုဟာမဖြစ်ပါဘူး။ တချို့ကိစ္စတွေလည်း ကြားတာတွေရှိပါတယ်။ ဒါပေမဲ့ အတည်ပြုလို့ မရတာတွေ ရှိပါတယ် ကျွန်တော့်ဆိုက်က။ ဟိုလုံခြုံရေးတို့တော့ ကြားမှာပေါ့။ ဒါပေမဲ့ ဒီအစိုးရက ဥပဒေအတိုင်းပဲ အရေးယူလို့ရအောင် ဒါပဲကျွန်တော်တို့ လုပ်တာပဲ”

အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက သူတို့နေရတာလုံခြုံမှုမရှိတော့ဘူး လို့ ပြောပါတယ်။

“အခုကပေါ့နော့ အရာရာတိုင်းမှာ ကြောက်နေရတယ်။ အပြင်လည်းမထွက်ရဲကြဘူး။ အဓိက ကိုယ့်အသက် အန္တရာယ်အကုန်လုံးက ကြောက်စရာတွေနဲ့ပဲ ရင်ဆိုင်နေရတာ ပေါ့နော်”

တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့အတွက် အခုလို ဖြစ်ပျက်နေတာလို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် က သုံးသပ်ပါတယ်။

“တိုင်းပြည်က ပျက်သွားပြီပေါ့။ ပျက်သွားတဲ့အခါကတော့ တရားဥပဒေစိုးမိုးမှုကလည်း မရှိတော့ဘူး။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့အခါကျတော့ ဘယ်သူက တရားဝင်အုပ်စိုး နေလဲ၊ အာဏာသုံးရပ်ကို ကိုင်နေလဲဆိုတာမှာ မေးခွန်းထုတ်စရာဖြစ်သွားပြီပေါ့။ အဲတော့ ဒီစစ်ကောင်စီကတော့ တရားဥပဒေ စိုးမိုးမှုကို လုံးဝမထိန်းသိမ်းနိုင်တော့ဘူး ”

ကချင်နိုင်ငံရေး သုံးသပ်လေ့လာသူတစ်ဦးကလည်း ဖားကန့်ဒေသမှာ အခုလို ဖမ်းဆီး သတ်ဖြတ်မှုတွေ များလာတာက အဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ဆုံးရှုံးလိုက် ရတဲ့ နယ်မြေစိုးမိုးမှုကို ပြန်ရအောင် စစ်ကောင်စီဘက်က လုပ်ဆောင်နေတာလို့ သုံးသပ် ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။