၂၀၂၂ နှစ်သစ်မှာ စစ်အာဏာရှင်စနစ် ကျဆုံးရေး ပြည်သူတွေ မျှော်လင့်

2022.01.03
၂၀၂၂ နှစ်သစ်မှာ စစ်အာဏာရှင်စနစ် ကျဆုံးရေး ပြည်သူတွေ မျှော်လင့် ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ၂၀၂၁၊ ဒီဇင်ဘာ ၃၀ ရက်နေ့က ဆန္ဒပြကြစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတဲ့ ဖမ်းဆီး သတ်ဖြတ်ခံရမှုနဲ့ ဖိနှိပ်ခံရမှု ဒုက္ခမျိုးစုံကနေ လွတ်မြောက်နိုင်ဖို့ လူထုလူတန်းစား အလွှာအသီးသီးက အခု နှစ်သစ်မှာ မျှော်လင့်နေကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုနှစ်သစ်မှာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် အုတ်မြစ်ချနိုင်ဖို့အတွက် စစ်အာဏာရှင်ကို ဆက်တော်လှန်သွားကြဖို့ နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပြောပါတယ်။

"မြန်မာပြည်သူများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး အကြမ်းဖက်စစ်တပ်ရဲ့ အန္တရာယ်က အမြန်ဆုံး လွတ်မြောက်ဖို့၊ လက်နက်အုပ်မိုးပြီး အုပ်ချုပ်တဲ့စနစ်ကနေ အပြီးတိုင် လွတ်မြောက်ဖို့၊ မတရား မှု မှန်သမျှ အမိမြန်မာပြည်မှ အပြီးတိုင် ချုပ်ငြိမ်းသွားဖို့၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှရေး တို့အတွက် ခေတ်အဆက်ဆက် အသက်ပေးသွားရတဲ့ သူရဲကောင်းတွေရဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်လာ ဖို့ ဆက်လက်အတူတကွ အားထုတ်ရင်း နှစ်သစ်ကို ကြိုဆိုကြပါစို့"

CDM မှာ ပါဝင်ခဲ့လို့ အလုပ်ဖြုတ်ခံထားရတဲ့ လှိုင်သာယာမြို့နယ်က အလယ်တန်းပြ ကျောင်းဆရာ ဒေါ်ယုဝါ ကတော့ ဒီမိုကရေစီ မရမချင်း အလုပ်ဝင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

"ကိုယ့်အလုပ်လည်း ကိုယ်ပြန်လုပ်ချင်တာပေါ့။ ဒါပေမဲ့ တိုင်းပြည်အတွက် အလုပ်ကို စွန့်လွှတ်ထားရတော့ မလုပ်ရဘူးပေါ့။ ဒီမိုကရေစီ မရမချင်းကတော့ လုပ်မှာမဟုတ်ဘူး။ ဘယ်လောက်ဒုက္ခရောက်ရောက်"

RFA က ကောက်ယူထားတဲ့စာရင်းတွေအရ အာဏာသိမ်း ၁၁ လအတွင်း စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရသူ ၁၂၄၅ ယောက် ရှိခဲ့ပါတယ်။

ဟားခါး CDF ရဲ့ ဥက္ကဋ္ဌဟောင်း ကိုဂျွန်ကတော့ အခုနှစ်သစ်မှာ စစ်အာဏာရှင်ကို အပြီးပြတ်ဆက်လက် တိုက်ခိုက်မယ်လို့ ပြောပါတယ်။

"၂၀၂၁ ကတော့ ပြင်ဆင်ရင်းနဲ့ တိုက်ပွဲ အကြိမ်ပေါင်းများစွာတော့ ဆင်နွဲထားတာ ရှိတာပေါ့။ အခု ၂၀၂၂ ကတော့ ဒီနှစ်မှာ ကျွန်တော်တို့ အပြီးအပြတ်ပေါ့နော်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ အင်အားတွေ၊ လက်နက်တွေ၊ ငွေအင်အားတွေ၊ လူအင်အားတွေ၊ ၂၀၂၁ မှာ လုပ်ထားတဲ့ဟာထက် ပိုပြီးတော့ တိုက်ပွဲတွေ အတွက် ပြင်ဆင်နေပါတယ်"

ဒီးမော့ဆို မြို့ပေါ်ကနေ တောထဲက စစ်ရှောင်တစ်ခုကို ရောက်နေတဲ့ စစ်ဘေးဒုက္ခသည် မောမြာက ၂၀၂၁ ခုနှစ် တစ်ခုလုံး ထွက်ပြေးနေရတာကြောင့် ၂၀၂၂ ခုနှစ်မှာ မိသားစုတွေနဲ့အတူ အိမ်ပြန်ချင်တယ်လို့ ပြောပါတယ်။

"ဒီ ၂၀၂၂ ကတော့ ကျမတို့ နိုင်ငံရေး တိုင်းပြည်အေးချမ်းဖို့ ကျမ မျှော်လင့်တယ်။ ကျမနဲ့ ကျမမိသားစု ကျမကလေးတွေနဲ့ အိမ်ပြန်ချင်တယ်။ အိမ်ပြန်ပြီးတော့ မိသားစု ပျော်ပျော်ရွှင်ရွှင် ဝဝလင်လင် ကောင်းကောင်းမွန်မွန် ပြန်အိပ်စက်ချင်တယ်။ ပြန်ပြီးတော့ စားသောက် အိပ်စက် အနားယူချင်တာ ပေါ့နော်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ရင်း အိမ်ခြေ ၁၀၀ နီးပါး မီးလောင်ကျွမ်း ခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကဲဘာရွာက လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ဒေသခံကတော့ ၂၀၂၁ ခုနှစ်မှာလို ဆုံးရှုံးမှုတွေ ထပ်မရှိစေချင်ဘူးလို့ ပြောပါတယ်။

"စားဝတ်နေရေးကတော့ ကျွန်တော်တို့က တောင်သူလယ်သမားတွေဆိုတော့ စားဝတ်နေရေးက အဆင်ပြေနေသေးတယ်။ ဒီပုံစံအတိုင်းအထိတော့ အဆင်ပြေသေးတယ်။ အခုဆို စပါးတွေဘာတွေ ရိတ်သိမ်းနေကြပြီပေါ့။ ရိတ်သိမ်းမှုကလည်း ပြီးသလောက် ဖြစ်နေပြီ။ ဒီအချိန်မှာ (တိုက်ပွဲ) နည်းနည်း ငြိမ်နေကြတယ်။ လက်ရှိ ရှိနေတာလေးတွေ ထပ်ပြီး ဆုံးရှုံးမသွားချင်ဘူး။ ဝတ်ရေးကတော့ တစ်နိုင်ငံလုံး က လူတွေ လှူဒါန်းထားတာကြောင့် အဝတ်အထည်တွေ လုံလောက်မှုရှိတယ်။ နေရေးအတွက် ပြန်လည် နေရာချထားဖို့အတွက်က အခက်အခဲရှိသေးတယ်"

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေမှာ ငွေထုတ်လို့ မရတာကစလို့ ကုန်ဈေးနှုန်း၊ စက်သုံးဆီ ဈေးနှုန်း၊ ရွှေနဲ့ အမေရိကန်ဒေါ်လာ ဈေးနှုန်းတွေ မြင့်တက်ပြီး စီးပွားရေးကဏ္ဍမှာ ရုန်းကန်ရတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

အခုနှစ်သစ်မှာ စီးပွားရေးတွေကောင်းမွန်လာဖို့ မျှော်လင့်ပေမယ့် အဆိုးဆုံးအတွက်ကိုလည်း ပြင်ဆင် ထားရမယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

"တစ်ချက်ရှိတာက နိုင်ငံရေးအနေအထားရယ်၊ ကိုဗစ်အနေအထားရယ် ရှိတာပေါ့နော်။ ကိုဗစ်က ငြိမ်သွား ပြီလား၊ ပြန်လာမလား၊ ဒါလည်း ကျွန်တော်တို့ ကြည့်နေရတာပေါ့။ အဲဒီတော့ ကြိုပြီးခန့်မှန်းဖို့ ခက်သေး ပါတယ်။ လောလောဆယ် ၂၀၂၂ အနေအထားကတော့ သတိထားပြီး သွားရမယ့်အနေအထားလို့ မြင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်း လုပ်တဲ့သူတွေအနေနဲ့ကတော့ သူတို့မှာ ဝန်ထမ်းတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတေ့ ဘာပဲပြောပြော စီးပွားရေးအမြန်ဆုံး ပြန်လည်ကောင်းမွန်ဖို့ မျှော်လင့်တာ ပေါ့နော်။ သို့သော်လည်းပဲ ဘယ်လိုပဲဖြစ်ဖြစ် အဆိုးဆုံးလည်း ရင်ဆိုင်ဖို့ ပြင်ဆင်ထားဖို့ လိုလိမ့်မယ်"

knla-soldier.jpg
(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်) Photo: KNLA

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၁ ခုဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတာ၊ ယာယီနဲ့ အပြီးရပ်နားထားတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ISP Myanmar ရဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ နိုင်ငံတော်အချုပ်အခြာ အာဏာ ဖွံ့ဖြိုး တိုးတက်အောင်နဲ့ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းတွေကို စတင်မှာဖြစ်တယ်လို့ သူရဲ့နှစ်သစ်မိန့်ခွန်းမှာ ပြောထားပါတယ်။

ငြိမ်းချမ်းရေးဟာ EAO တွေနဲ့ နိုင်ငံရေးပါတီတွေသာပါပြီး အကြမ်းဖက်အဖွဲ့လို့ ကြေညာထားသူတွေနဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"တပ်မတော်ရဲ့ ရပ်တည်ချက်ကတော့ NCA ဘောင်ထဲကအတိုင်းပဲ သွားမယ်။ NCA မတိုင်ခင်မှာ ကြိုတင် ဖြစ်ပေါ်လာရမယ့် အခြေအနေတွေ ပိုမို ပြည့်စုံလာရမယ့် အခြေအနေကို ကျနော် ဆောင်ရွက်သွားမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီအထဲမှာ သက်ဆိုင်သူ အဖွဲ့အစည်း အားလုံးဆိုတာသည် EAO များ ပါတယ်။ နိုင်ငံရေးပါတီများ ပါတယ်။ အခြားသော အဖွဲ့အစည်းများ ပါတယ်လို့ ပြောချင်ပါတယ်။ အဓိက ကတော့ အကြမ်းဖက် အဖွဲ့လို့ ကြေညာထားတဲ့ သူတွေနဲ့ကတော့ ဆွေးနွေးနိုင်ဖို့ မဖြစ်နိုင်ပါဘူး"

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးလုပ်မယ်လို့ ပြောထား ပေမယ့် NCA ထိုးထားတဲ့ အဖွဲ့ထဲက အင်အားကြီးအဖွဲ့ဖြစ်တဲ့ KNU ကပါ လက်မခံတာကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

"၂၀၂၁ ခုနှစ် အစပိုင်းထက်တောင် လူထုက ပိုပြီး တက်ကြွတယ်။ လူထုက စစ်ကောင်စီကို မြေမြှုပ် သင်္ဂြိုဟ်ပစ်မယ်၊ စစ်အာဏာရှင်ကို ဖြတ်သိမ်းပစ်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေဟာ အချိန်ကြာလာတာ နဲ့အမျှ လျော့ဆင်း နိမ့်ကျမသွားဘဲ ပိုပြီးတော့ မြင့်မားလာတဲ့အတွက် ဒီအခြေအနေက ၂၀၂၂ ခုနှစ်ထဲမှာ အဲဒီထက် ပိုပြီးတော့ ဆိုးရွားတဲ့ လှုပ်ရှားမှုတွေ ရှိလာရင် ကျွန်တော်ထင်တာ နောက်ဇွန်လလောက်အတွင်း ဖြစ်လာမယ့် စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေနဲ့ ပြည်သူတွေရဲ့ ခုခံရေးတွေက အခုလက်ရှိ စစ်မြေပြင် အခြေအနေကို အချိုးအစား ပြောင်းပေးလိမ့်မယ်လို့ မြင်ပါတယ်"

ဗမာလူထုထောက်ခံမှု မရဘဲ ကျွန်တော်တို့လိုချင်တဲ့ ရည်မှန်းချက်ကို ဘယ်လိုမှ မရနိုင်ဘူး

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရ ပဒိုစောတောနီးကတော့ ၂၀၂၂ အတွင်း တော်လှန်ရေးအောင်ပွဲရရှိအောင် ဆောင်ရွက်မယ်လို့လည်း သူက ပြောပါတယ်။

"စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ဖို့ ကျွန်တော်တို့ ကရင်တစ်ဖွဲ့တည်းနဲ့ ဘယ်လိုမှ အလုပ်မဖြစ်ဘူးဆိုတာ ကျွန်တော်တို့ သိထားပြီးသား။ ဗမာလူထုထောက်ခံမှု လိုအပ်တယ်ဆိုတာ ရှင်းတယ်။ ကျွန်တော်တို့ ခေါင်းဆောင် စောဘဦးကြီးကလည်း ပြောထားပြီးသား။ ဗမာလူထုထောက်ခံမှု မရဘဲ ကျွန်တော်တို့လိုချင်တဲ့ ရည်မှန်းချက်ကို ဘယ်လိုမှ မရနိုင်ဘူး။ သို့သော်ငြားလည်း ဒီဟာက ၂၀၂၁ မှာ ကျွန်တော်တို့ဆီကို ရောက်လာတယ်။ ၂၀၂၁ ဟာ ကျွန်တော်တို့ တော်လှန်ရေးအောင်ပွဲခံဖို့အတွက် လိုအပ်တဲ့ အခြေခံ အချက်အလက်အားလုံး ၂၀၂၁ ထဲမှာ စုနေပြီ။ သို့သော်လည်း အောင်ပွဲမခံနိုင်သေးဘူး။ ဒီ ၂၀၂၂ ထဲမှာ တော်လှန်ရေးအောင်ပွဲကို ရရှိဖို့အတွက်ဆိုရင်တော့ ပြည်စုံနေတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ၂၀၂၂ ထဲမှာ ပုံအောပြီး အသုံးချလိုက်မယ်ဆိုရင် ၂၀၂၂ မှာ မတရားမှုအားလုံးကို အလဲထိုးနိုင် လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆတယ်"

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးဟာ ၂၀၂၁ ခုနှစ်မှာ အစပျိုးခဲ့တာဖြစ်တဲ့အတွက် အခု ၂၀၂၂ နှစ်သစ် မှာတော့ အောင်မြင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။