စစ်ကောင်စီကို ပြည်သူတွေ ရရာလက်နက်နဲ့ ပြန်တော်လှန်
2021.05.13
စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေနဲ့ ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီလက်နက်ကိုင်တွေက အကြမ်းဖက် ရက်ရက်စက်စက် နှိမ်နှင်းလာတဲ့အခါ ပြည်သူတွေဟာ ရရာလက်နက်ကိုင်စွဲပြီး ခုခံတော်လှန်နေကြပါပြီ။
ဒီထဲမှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့ဟာ သူတို့ရိုးရာ တူမီးသေနတ်တွေနဲ့ စတင်တော်လှန်ခဲ့တဲ့ မြို့တမြို့ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ပြည်သူတွေကို စစ်တပ်က လက်နက်ကြီးတွေ အသုံးပြုနှိမ်နှင်းလာတဲ့အခါ ကလေးမြို့ခံလူငယ်တွေဟာ ကလေးဒေသ ခုခံကာကွယ်ရေးအဖွဲ့ KRDA ကို ဖွဲ့စည်းပြီး စစ်တပ်ကို ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်လာခဲ့ကြပါတယ်။ ကလေးမြို့တာဟန်းရပ်ကွက်ဟာ ချင်းလူမျိုးတွေအများစုနေထိုင်ရာ အရပ်ဖြစ်ပြီး တာဟန်းလူငယ်တွေ ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာကို KRDA အဖွဲ့သားတဦးက ရှင်းပြပါတယ်။
“အဓိက ကလေးမြို့ တာဟန်းသပိတ် ဖြိုခွင်းခံရတဲ့အချိန်ကစပြီး ဖွဲ့ဖြစ်သွားတာ။ လက်နက်ကိုင်တွေက အုပ်စုလေးတွေ ကွဲနေတာရှိတယ်။ တချို့ဆို သူ့အစုနဲ့သူ စစ်ကောင်စီတပ်တွေကို တိုက်တဲ့အခါမှာ အင်အားမမျှဘူး။ ကျနော်တို့အခု အဖွဲ့အစည်းကြီးဖွဲ့လိုက်တော့ လူအင်အား၊ လက်နက်အင်အား၊ လမ်းကြောင်းကိစ္စတွေ ပိုပြီးအဆင်ပြေလာတယ်ဗျ"
စစ်ရေးအတွေ့အကြုံလဲမရှိ လက်နက်အပြည့်အစုံလဲမရှိဘဲနဲ့ စစ်ကောင်စီတပ်တွေကို ပြန်လည်ခုခံခဲ့ရတာကတော့ မတရားအကြမ်းဖက်ခံရတာကို မကျေနပ်တာကြောင့်ပါပဲ။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေအတွင်း KRDA ဘက်က ဒဏ်ရာရသူ ၁ ဦးသာရှိခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၉ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရခဲ့တယိလို့ ဆိုပါတယ်။
" ကျနော်တို့ဆီမှာ တူမီးရယ် ဒီ့ထက်နည်းနည်းပိုကောင်းတာက လေသေနတ်ရယ်၊ ဒါတောင်မှ ကျနော်တို့မှာ လက်နက်က မပြည့်စုံဘူး။ ၁၀ ယောက်မှာ ၆ ယောက်ဘဲရှိတယ်၊ တချို ၁ဝ ယောက်အဖွဲ့မှာ ၂ လက်ဘဲရှိတယ်။ ကျနော်တို့မှာ စစ်သင်တန်းတက်ထားတာ အနည်းအကျဉ်းဘဲရှိတယ်။ အဲဒီတိုက်ပွဲမှာ အတွေ့အကြုံအရ ကျနော်တို့က အရမ်းနည်းတယ် စစ်ရေးမှာ။ ဒါပေမဲ့ အောင်မြင်အောင်တိုက်နိုင်ခဲ့ပါတယ်"
စစ်ကိုင်းတိုင်းအတွင်းမှာပဲ ယင်းမာပင်မြို့နယ် ကနီဒေသကလည်း စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့ ဒေသတခုဖြစ်ပါတယ်။ သပိတ်တွေကို ဦးဆောင်တဲ့ သပြေအေးဆရာတော်ကို စစ်ကောင်စီက ဖမ်းဆီးဖို့ကြိုးစားတာကြောင့် ယင်းမာပင်ဒေသခံတွေ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများစွာနဲ့ ဆုတ်ခွာခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ယင်းမာပင်ဒေသခံတွေ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး နီးစပ်ရာ ကနီမြို့က သွားရောက်ကူညီခဲ့ရာကနေ ကနီဒေသမှာလည်း တိုက်ပွဲတွေပြင်းထန်လာခဲ့ပါတယ်။ ကနီဒေသခံတွေစုပေါင်းပြီး ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ စစ်ကောင်စီတပ်တွေကို ရရာလက်နက်တွေနဲ့ ခုခံနေကြတယ်လို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။
“ ဒီလိုပဲ သပြေအေးမှာ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ ကျေးရွာတွေကလဲ စစ်ကောင်စီကို တော်လှန်ဖို့ဆို တအားတက်ကြွတယ်။ တချို့ဆိုရင် လေသေနတ်လေးတွေပဲ ပါတယ်။ ကျနော်ဆို လက်ထဲမှာ ဓါးပဲ ပါတယ်။ သူတို့ဘက်မှာ အဲဒီနေ့က အင်အား ၆၀ ဝန်းကျင် လောက်ပဲ ရှိတယ်။ ကျနော်တို့က ၂ နယ် ဆုံလိုက်တော့ တစ်ထောင်လောက်ရှိတယ်။ လေသေနတ်လဲပါတယ်။ လေးခွလဲပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က လက်နက်မကောင်းဘူး။ တချက်ပစ်တယ်။ ပြီးရင် ၃ မိနစ်လောက် အချိန်ပြန်ယူပြီး နောက်တချက်ပစ်ရတယ်။ အဲဒီအချိန်မှာ ဘာအားသာသလဲဆိုတော့ ကျည်ပြန်ဖြည့်တဲ့အချိန်မှာ လေးခွသမားတွေ လေသေနတ်သမားတွေက တောက်လျှောက်ပစ်နေတာ။ အဲဒီနေ့မှာ စစ်တပ်ဘက်က ၄၀ လောက် ကျသွားတယ်”
အခုဆိုရင် ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ အင်အား ၇၀၀၀ ကျော်ရှိနေတယ်လို့ဆိုပါတယ်။ ဒီအင်အားအတွက် လိုအပ်တဲ့တူမီးသေနတ်တွေကို ဒေသခံမုဆိုးတွေက ကူညီတပ်ဆင်ပေးနေတဲ့အပြင် တခြားမြို့နယ်တွေက ထွက်ပြေးလာတဲ့သူတွေကိုလည်း ကနီဒေသခံတွေက ကူညီစောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူတွေ နောက်ထပ် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတာကတော့ ချင်းတောင်တန်းမှာပါ။ မင်းတပ်နဲ့ ဟားခါးမြို့တွေမှာ အဓိက ဖြစ်နေတာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်နေတာတွေကနေ ကာကွယ်ဖို့ ချင်းပြည်နယ် ၉ မြို့နယ်အပြင် ပြည်နယ်ပြင်ပမှာရှိနေတဲ့ ချင်းအမျိုးသားတွေကိုပါ စုစည်းပြီး Chinland Defense Force (CDF) ကို ဧပြီလ ၄ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပါတယ်။ မင်းတပ်မှာ ဆန္ဒပြလို့ ဖမ်းဆီးသွားတဲ့လူငယ် ၇ ဦးကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီနဲ့ တောင်းဆိုညှိနိုှုင်းမှု မပြေလည်ခဲ့တာက စပြီး ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ CDFအဖွဲ့ဝင်တဦးက ပြောပါတယ်။
"မင်းတပ်မှာ မတ်လ ၂၃ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို စစ်ကောင်စီက ဖမ်းသွားတယ် ၇ ယောက်။ ကျနော်တို့က ၄ နာရီမတိုင်ခင် ပြန်လွှတ်ပေးဖို့ ပြောတယ်။ သူတို့က မလွှတ်လို့ သူတို့စခန်းတွေကို ကျနော်တို့ သွားပစ်တယ်။ အဲဒီက စဖြစ်တာ။ ကျနော်တို့ ချင်းလူမျိုးတွေက ငယ်ငယ်ထဲက သေနတ်နဲ့နေတာ၊ သေနတ်နဲ့ အမဲလိုက်ကြတာ၊ ယောက်ကျားတိုင်းလိုလို သေနတ်ပစ်တတ်ကြတယ်။ အိမ်တိုင်းမှာ တူမီးသေနတ်တွေရှိကြတယ်။ ဘုရားသခင်ရဲ့တန်ခိုးတော်ကြောင့် CDF မှာ တယောက်မှ ကျဆုံးထိခိုက်မရှိဘူး၊ စစ်ကောင်စီဘက်က မင်းတပ် နဲ့ ဟားခါးမှာ စုစုပေါင်း ၄၀ လောက်ကျဆုံးပြီး ဒဏ်ရာရတာ ၃၀ လောက်ရှိတယ်”
မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပြင် မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံမြို့၊ ဝမ်းတွင်းမြို့၊ မကွေးတိုင်း ချောက်မြို့၊ တနင်္သာရီတိုင်း ထားဝယ် စတဲ့ မြို့တွေမှာလည်း အခုရက်ပိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တခုပြီးတခု ဖွဲ့စည်းလာနေပါတယ်။ ဒီအချိန်မှာပဲ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကလည်း မေလ ၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် People Defence Force ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့မှာ ဖက်ဒရယ်ဒီမိုကရေစီလိုလားတဲ့ လူငယ်တွေ ပါဝင်မှာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်တွေ နဲ့ မဟာမိတ်ဖွဲ့ကာ ပြည်သူကိုစောင့်ရှောက်သွားဖို့ ရည်ရွယ်တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောထားပါတယ်။
NUG အစိုးရအနေနဲ့ တိုင်းနဲ့ပြည်နယ်တွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စုစည်းပြီး ဒီအဖွဲ့တွေအတွက် လိုအပ်တဲ့ ငွေကြေး စစ်လက်နက် ထောက်ပံံ့ရေးကို အဓိကထား လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ တကယ်လုပ်ရမဲ့အလုပ်က ဒီကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန်အားပြုနိုင်အောင် ဆက်စပ်စုစည်းတဲ့အလုပ်ကို ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ရမယ်လို့ ထင်တယ်။ အခု ချင်းမှာအဖွဲ့တွေက လှုပ်ရှားမှုဟာ တော်တော်အရှိန်ပြင်းတယ်ဆိုတာ သူတို့ပူးပေါင်းဆောင်ရွက်မှု တော်တော်လေးကောင်းတာကိုး။ သူတို့က အခုအချိန်မှာလုပ်ရမှာက ၂ ခုဘဲ။ ဒီလှုပ်ရှားမှုကို ဖြစ်နိင်တဲ့နည်းနဲ့ ငွေကြေး နဲ့ စစ်လက်နက်ပစ္စည်းတွေ အကူညီရနိုင်ဖို့ ဒေါက်တာဆာဆာ အနေနဲ့ နိုင်ငံတကာက နည်းလမ်းပေါင်းစုံ ကျင့်သုံးပြီး ပံ့ပိုးကူညီနိုင်ဖို့၊ နောက်တခုက မြို့နယ်ကရှိနေတာတွေကို တိုင်းအလိုက် စုစည်းဖို့၊ အပြန်အလှန် အကူညီပေးဖို့အတွက် ဘယ်လိုနည်းနာတွေ စနစ်တွေကို လမ်းညွှန်မှှုပေးဖို့၊ ဒီလိုမှမဟုတ်ရင် နေရာတကွက်တကွင်းချင်းကတော့ စစ်တပ်က ပိုမိုကြီးမားတဲ့ အင်အားတွေ စုစည်းပြီး သူတို့က နှိမ်နှင်းမှာပဲ”
ပြည်သူတွေပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အရှိန်အဟုန်မြင့်လာတာနဲ့ အမျှ ဒီအဖွဲ့တွေကို ပံ့ပိုးကူညီမှုတွေ ပိုမိုရလာခဲ့မယ်ဆိုရင် စစ်အာဏာရှင်ကို အပြီးတိုင် တိုက်ထုတ်နိုင်ရေးက သိပ်မကြာခင်မှာပဲ ဖြစ်လာလိမ့်မယ်လို့လဲ ဒီအဖွဲ့တွေက ယုံကြည်နေကြပါတယ်။