မြို့ကြီးတွေမှာ နေ့စဉ်ပစ်ခတ်သတ်ဖြတ်နေလို့ ကျေးလက်တွေဆီ ပြောင်းရွှေ့နေကြ
2021.03.23
ရန်ကုန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ သြဇာခံတပ်တွေက နေ့စဉ် သေနတ်တွေနဲ့ပစ်ခတ်တာ၊ မီးရှို့ တာ၊ တွေ့ရာလူ ရိုက်နှက်ဖမ်းဆီးတာ၊ ပြည်သူတွေရဲ့ပစ္စည်းတွေ ဖျက်ဆီးတာ၊ တချို့ကို သိမ်းယူသွားတာတွေ ကြောင့် စစ်မြေပြင်လိုဖြစ်လာတဲ့အတွက် နယ်မြို့နဲ့ ကျေးလက်တွေမှာ မိသားစုရှိတဲ့သူတွေက ရန်ကုန်ကို စွန့်ခွာတိမ်းရှောင်နေကြတာ ဒီနေ့ဆိုရင် သိန်းနဲ့ချီ ရှိလာနေပြီလို့ ခန့်မှန်းပြောဆိုကြပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေဟာ စက်မှုဇုန်နယ်မြေတွေဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီ နေထိုင်ကြပါတယ်။
အခုတော့ ပြီးခဲ့တဲ့ တစ်နှစ်လုံးနီးပါး တရုတ်ပြည်ကနေ ပြန့်သွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံတွေ ပုံမှန်မလည်ပတ်နိုင်သေးတဲ့အချိန်မှာပဲ၊ စစ်တပ်က အာဏာသိမ်းလိုက်လို့ တိုင်းပြည် တစ်ခုလုံး ကမောက်ကမဖြစ်ပြီး စက်ရုံတွေအကုန်လုံး ရပ်နားသွားရတဲ့အခါမှာတော့ အလုပ်သမားတွေဟာ အသက်အန္တရာယ်ရော စားဝတ်နေရေး အခက်အခဲပါ ရှိလာပါတယ်။
ဒါကြောင့် အလုံးအရင်းနဲ့ နယ်တွေကို ပြန်ကြတာလို့ ဧရာဝတီတိုင်းကို ပြန်သွားတဲ့အလုပ်သမား တစ်ယောက်က ပြောပါတယ်။
"နိုင်ငံရေးအခြေအနေက မတည်ငြိမ်မှုတွေဖြစ်နေတော့ အလုပ်တွေလည်း အဆင်မပြေတာကြောင့် နယ်ကိုပြန်သွားတာ။ အလုံးအရင်းပြန်တာက အဓိကတော့ စက်ရုံတွေပိတ်တာကြောင့်။ စက်ရုံတွေ ပိတ်လို့ အလုံးအရင်းတွေ ပြန်ကုန်ကြတာ။ စားစရာလည်းမရှိ။ လှိုင်သာယာ စက်ရုံတွေမှာက နယ်က အလုပ်သမား တွေ များတယ်လေ။ အခု ဒီလိုနိုင်ငံရေးအခြေအနေကြောင့် သူတို့လည်း အိမ်လခတွေ ပေးရမှာတွေ ရှိတယ်။ အလုပ်တွေက ပိတ်ထားတဲ့အခါကျတော့ နယ်ကို ပြန်လာကြတာ။"
အသက်အိုးအိမ်ကို အာမခံချက် မပေးနိုင်တော့တဲ့ အခြေအနေကြောင့် ပြန်ရတာလို့ လှိုင်သာယာ စက်မှုဇုန် ကနေ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ကို ပြန်သွားတဲ့သူတစ်ယောက်ကလည်း RFA ကိုပြောပါတယ်။
"ပုံမှန်ဆိုရင်တော့ မပြန်ကြဘူး။ အလုပ်အကိုင်တွေလည်း အဆင်ပြေတယ်။ အခုဟာက ဘယ်သူမှ မလုံခြုံတော့ဘူး။ ပုံမှန်အားဖြင့် လူတွေက ဆန္ဒထွက်ပြမှ အသက်အိုးအိမ်တွေက ထိခိုက်တယ်ဆိုပေမယ့် အခုအနေအထားကတော့ အိမ်မှာနေလည်း မလုံခြုံတော့ဘူး။ ညရေးညတာဆိုရင်လည်း ဒီအတိုင်းပဲ ဘယ်သူမှ အိပ်ကောင်းခြင်း မအိပ်တော့ဘူး။ ခြံနဲ့ဝန်းနဲ့ နေရင်လည်း အချိန်မရွေး သူတို့က ဝင်ချင်တဲ့ အချိန် ဝင်လာ၊ သတ်ချင်တဲ့အချိန်သတ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဒါကြောင့် ပြန်ကြရ တာ။ အသေအပျောက်တွေလည်း များလာတဲ့အခါကျတော့ မိဘတွေကလည်း စိတ်မချတော့ဘူး။ နယ်ပြန်ရင်ရော အသက်ဘေးက ကင်းလွတ်ခွင့်ရလားဆိုတော့လည်း ဒီလိုတော့ မဟုတ်ဘူးပေါ့။ သူတို့တွေ က ဘယ်နားလိုက်လာလိုက်လာ ပြည်သူတွေကတော့ အသက်အန္တရာယ်ရှိတာပေါ့။ ဒါပေမဲ့ ရန်ကုန်ထက် စာရင်တော့ နယ်ကတော့ နည်းနည်းတော်သေးတာပေါ့။"
ရန်ကုန်မြို့က အထည်ချုပ်စက်ရုံမှာ အလုပ်နေတဲ့ မသန်းသန်းစိုး ကလည်း ပစ်ခတ်မှုတွေနဲ့ ဆန္ဒပြမှု တွေကြား မနေရဲတော့သလို စက်ရုံတွေ ပိတ်ထားတဲ့အတွက် စားဝတ်နေရေးအဆင်မပြေတော့တာကြောင့် နေရပ်ကို ပြန်ခဲ့ရပြီလို့ RFA ကိုပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ လူဦးရေ ၁၀ သိန်းကျော် ရှိတဲ့ တစ်ပြည်လုံးရဲ့ လူဦးရေအများဆုံး မြို့နယ် တစ်ခု ဖြစ်ပါတယ်။ အဲဒီမှာ မတ်လ ၁၄ ရက်နေ့က ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက ပစ်ခတ်လို့ အနည်းဆုံး လူ ၅၀ ကျော် သေဆုံးရသလို၊ နောက်တစ်ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာ ပြတ်လပ်တာတွေဖြစ်လာပါတယ်။
လှိုင်သာယာအပြင် တခြားမြို့နယ်တွေက ပြည်သူတွေလည်း နယ်ဘက်တွေကို ထွက်ခွာတာတွေရှိ ပါတယ်။ တာမွေ၊ ကျောက်မြောင်းရပ်ကွက်မှာလည်း ရွှေ့ပြောင်းရောက်ရှိနေထိုင်သူများပြီး၊ အာဏာသိမ်းပြီးနောက်မှာ စစ်တပ်နဲ့ ရဲက လမ်းတွေထဲထိ ပစ်ခတ်လို့ သေကြေ ဒဏ်ရာရတာတွေ ရှိပါတယ်။ ဒါကြောင့် ဇာတိကိုပြန်ဖို့ ဆုံးဖြတ်ရတာလို့ ကျောက်မြောင်းရပ်ကွက်မှာနေထိုင်တဲ့ ရခိုင်ပြည်နယ်ထဲ ပြန်မယ့်သူတစ်ဦးက ပြောပါတယ်။
"အခုက ရန်ကုန်မှာက လုံံးဝမတည်ငြိမ်ဘူးလေ။ အရင်နဲ့လည်း မတူတော့ဘူး။ ကျွန်တော်တို့ ရပ်တည်ဖို့ က လုံးဝခက်ခဲသွားပြီ အလုပ်တွေလည်း မရှိဘူး။ ကိုဗစ်နဲ့လည်း တစ်နှစ်ကျော်ကျော်လောက်။ ဒီမှာလည်း အခြေအနေက မတည်ငြိမ်ဘူး။ ကျွန်တော်တို့ လက်လုပ်လက်စားတွေက ရန်ကုန်မှာ ရပ်တည်ဖို့ အရမ်း ခက်ခဲသွားပြီ။ အခြေအနေပြန်ငြိမ်မှပဲ ပြန်လာဖို့ စိတ်ကူးထားတယ်။ တချို့တွေက ရခိုင်ဘက်မှာပဲ ပြန်ပြီး အခြေချဖို့ စိတ်ကူးကြတယ်။ ရခိုင်ကို ပြန်သွားပြီး ရခိုင်မှာပဲ အခြေချသွားတာတွေရှိတယ်။ အများကြီးပဲ။"
ဆန္ဒပြပွဲတွေ နေ့စဉ်မပြတ်ရှိနေတဲ့ တာမွေ၊ ကျောက်မြောင်း၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ သာကေ တ၊ ဒေါပုံ၊ လှိုင်၊ ကမာရွတ်၊ စတဲ့ မြို့နယ်တွေမှာ စစ်ကား၊ ရဲကားတွေနဲ့ အင်အား အလုံးအရင်းပြကာ လမ်းသွယ်တွေထဲ အထိ နေ့စဉ် နေ့ရောညပါ ဝင်ရောက်ပစ်ခတ်တာတွေ ရှိနေတာဖြစ်ပါတယ်။
ရပ်ကွက်နေပြည်သူတွေကို ဖမ်းဆီးပြီး လမ်းသွယ်တွေထဲ တားဆီးထားတဲ့ အကာအရံတွေကို အဓမ္မ ဖယ်ရှား ခိုင်းတာတွေအပြင်၊ ဆန္ဒပြပွဲဦးဆောင်သူလို့ ယူဆရသူတွေကို နေအိမ်တွေထဲထိ အကြမ်းဖက် ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ ရှိနေပါတယ်။
ရခိုင်သဟာရအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်ကျော်ကတော့ နေရပ်ပြန်ဖို့ အခက်အခဲရှိသူတွေကို တစ်ရက်ကို အယောက် ၁၅၀ နှုန်းနဲ့ အခမဲ့ ကူညီပေးနေတယ်လို့ ပြောပါတယ်။
အလားတူ မန္တလေးမြို့မှာလည်း နေ့စဉ်ဆန္ဒပြတာတွေရှိနေပြီး စစ်တပ်နဲ့ ရဲက နေ့ရောညပါ လူနေ ရပ်ကွက်တွေထဲ ပစ်ခတ်တာ၊ မြို့သစ်ဘက်တွေမှာဆိုရင် အိမ်တွေထဲထိဝင်ပြီး ဖမ်းဆီးတာ၊ ဆိုင်တွေ ပစ္စည်းတွေ ဖျက်စီးတာ၊ ကားတွေ ဖျက်စီးတာတွေရှိနေတဲ့အတွက် မလုံခြုံတော့တာကြောင့် စိုးရိမ်ပြီး ကျေးလက်ဒေသရွာတွေကို ပြန်ကြတာတွေလည်း ရှိနေပါတယ်။
အခုရက်ပိုင်းအတွင်းမှာ မန္တလေးမြို့မှာ နေ့စဉ်သေနတ်သံတွေ တရစပ်ကြားနေရပြီး ကြောက်လန့်လို့ မိသားစုလိုက် ရွာကို ပြောင်းလိုက်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက RFA ကို အခုလိုပြောပါတယ်၊၊
အစိုးရရုံးစိုက်ရာ နေပြည်တော်မှာလည်း CRPH နဲ့ CDM ကိုထောက်ခံတာ၊ ဆက်သွယ်တာ၊ ပံ့ပိုးတဲ့သူတွေကို နေ့စဉ်ဖမ်းဆီးမှုတွေရှိနေပြီး ဝန်ထမ်းတွေဟာ အာမခံချက်မရှိတော့တဲ့ အခြေအနေနဲ့ ကြုံတွေ့ နေရပါတယ်။
CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးတာ ဝန်ထမ်းလိုင်းခန်းကနေ ဖယ်ရှားခိုင်းတာတွေကြောင့် နေရပ် စွန့်ခွာရသူတွေ အများအပြားရှိနေပါတယ်။
ဒီအတောအတွင်းမှာပဲ သြစတြေးလျနိုင်ငံသား နှစ်ယောက် အိမ်အပြန်မှာ စစ်ကောင်စီက ဖမ်းလိုက်တဲ့အပြင်၊ ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးအရ အကြံပေးနေတဲ့ ပါမောက္ခ ရှောင်တားနဲလ်ကိုလည်း ဖမ်းထားတဲ့ အတွက် မြန်မာပြည်မှာရှိနေတဲ့ သြစတြေးလျနိုင်ငံသားတွေ ပြင်ဆင်ထားရမယ့် အကြံပြုချက် (၅) ချက်ကို ရန်ကုန်အခြေစိုက်သံရုံးက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
အဲဒီအချက်တွေကတော့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်အောင်နေဖို့၊ ကိုယ်ရောက်နေတဲ့ အိမ်၊ ဟိုတယ်စသဖြင့် နေရာထဲမှာ အနည်းဆုံး နှစ်ပတ်စာလောက် ဖူလုံမယ့် အစားအသောက်၊ ငွေကြေး၊ တခြားလိုအပ်တာကို စုဆောင်းထားဖို့၊ မရှိမဖြစ်လိုအပ်တဲ့ အရေးပေါ်ပစ္စည်းတွေ အသင့်ပြင်ထားဖို့၊ တခြားနိုင်ငံတွေကိုထွက်ရရင်လည်း အဲဒီနိုင်ငံထဲ ဝင်ခွင့် အဆင်ပြေအောင် နိုင်ငံကူးလက်မှတ်ကို သက်တမ်း ၆ လထက်မနည်း ကျန်နေအောင် သတိထားဖို့၊ ကိုယ်နဲ့ပတ်သက်လို့ အရေးပေါ်ဆက်သွယ်ရမယ့် တယ်လီဖုန်းနံပါတ်တွေကို အမြဲဆောင်ထားဖို့ဖြစ်ပါတယ်။