ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေ ထောင်တစ်နှစ် ထပ်ချခံရ

အောင်သိင်္ခ
2019.11.18

တပ်မတော်က ပုဒ်မ ၅၀၅(က) တရားစွဲထားတဲ့ အမှု စစ်ဆေးပြီးခါနီးအချိန်မှ ဆက်သွယ်ရေး ဥပဒေနဲ့ ထပ်မံ တရားစွဲဆိုတာတွေ၊ ပုံစံတူအမှုတွေကို နေရာအနှံ့တရားရုံးတွေမှာ ပုဒ်မ တစ်ခုတည်းနဲ့ တရားစွဲဆိုတာတွေဟာ တရားမျှတမှု မရှိသလို၊ တရားရုံးတွေရဲ့ စစ်ဆေးမှုတွေဟာ တရားလိုဘက်ကိုသာ ဇောင်းပေးစဉ်းစားတာ တွေများနေတဲ့အတွက် တရားဥပဒေနဲ့ မညီညွတ်ဘူးလို့ သံချပ်အဖွဲ့ဝင်တွေရဲ့ ရှေ့နေဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

၂၀၁၈ ခုနှစ် သင်္ကြန်ကာလမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ သံချပ်ထိုးဖျော်ဖြေမှုတွေက သံချပ်စာသားတွေ၊ တေးသရုပ်ဖော်မှုတွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ခုနှစ်ဦးဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဖိုးသား၊ ကိုပိုင်ဖြိုးမင်း၊ ကိုချစ်ယုံ၊ မဆုရတနာမြင့်နဲ့ မကေခိုင်ထွန်းတို့ဖြစ်ပြီး ကိုချစ်ယုံကိုတော့ အမှုနဲ့သက်ဆိုင်မှု မရှိလို့ဆိုပြီး တရားသေလွတ်ပေမယ့် ပုဒ်မ ၆၆(ဃ) အမှုကိုတော့ အာမခံယူပြီး အမှုဆက်လက်ရင်ဆိုင်ရအုံးမှာ ဖြစ်ပါတယ်။

ဒီနေ့ ဗိုလ်တထောင်တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်အပေါ်အသိအမှတ်မပြုကြောင်း သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က ပြောပါတယ်။

သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုပိုင်ရဲသူက တပ်နယ်တွေခွဲပြီး သံချပ်အဖွဲ့ဝင်တွေကို တရားစွဲဆိုထားတဲ့ အပေါ် ကျေနပ်မှုမရှိကြောင်း ပြောပါတယ်။

သံချပ်အဖွဲ့ဝင် နောက်တစ်ဦးဖြစ်တဲ့ ကိုဖိုးသားက အခုလို သံချပ်အဖွဲ့ဝင်တွေကို ထောင်ချလိုက်တာဟာ မြန်မာနိုင်ငံမှာလွတ်လပ်စွာ ပြောဆိုခွင့်ကို ထောင်ချလိုက်တာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်ပြောဆိုခွင့် ကျဆုံးသွားပြီလို့ပြောပါတယ်။

ဒီနေ့အမိန့်ချမှတ်တာနဲ့ ပတ်သက်ပြီး ဒုတိယဗို လ်မှူးကြီး မျိုးမင်းဦးကတော့ သတင်းမီဒီယာတွေကို ပြောဆို ဖြေကြားတာမျိုးမရှိခဲ့ပါဘူး။ မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားစွဲတဲ့ ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့် ကတော့ ဒေါင်းတို့မျိုးဆက်အဖွဲ့ကို တရားစွဲဆိုတာဟာ တရားမျှတမှုကိုလိုချင်လို့ စွဲဆိုတာဖြစ်ကြောင်း၊ တပ်မတော်သားတွေဟာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေကို ပုတ်ခတ်စောကားတာမျိုး လုပ်လို့မရဘူးလို့ မရမ်းကုန်းတရားရုံးထုတ်မှာ ပြောခဲ့ဖူးပါတယ်။

တရားဥပဒေနဲ့ ပတ်သက်ပြီး အခွင့်အရေး ချိုးဖောက်ခံရတာတွေကို နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ စာရေးသားပေးပို့သွားမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းက ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို တပ်မတော် ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆိုပြီး ပုဒ်မ ၅၀၅(က) ပုဒ်မ ၆၆(ဃ) တို့နဲ့ မရမ်းကုန်းတရားရုံး၊ ဗိုလ်တထောင် တရားရုံးအပါအဝင် ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်၊ ဒေးဒရဲ၊ မအူပင်နဲ့ ဖျာပုံ မြို့တွေမှာလည်း တရားစွဲဆိုထားကြောင်း သိရပါတယ်။

တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ၅၀၅(က)၊ ပုဒ်မ ၆၆(ဃ)တို့နဲ့ တရားစွဲဆိုခံရသူတွေထဲမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ အပါအဝင်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ သံဃာတော်တွေလည်း ပါဝင်ခဲ့ပြီး ကချင်နှစ်ခြင်း ခရစ်ယန်အဖွဲ့ KBC ဥက္ကဋ္ဌ ဒေါက်တာ ခလန်ဆမ်ဆွန်ကိုတော့ အမှုကိုရုပ်သိမ်းပေးခဲ့ပါတယ်။

ဒေါက်တာ ခလန်ဆမ်ဆွန်ဟာ အမေရိကန်သမ္မတနဲ့ တွေ့ဆုံပြီး တပ်မတော်ရဲ့ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုခဲ့တဲ့အတွက် တပ်မတော်က တရားစွဲဆိုခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။