သံချပ်ထိုးသူတို့ကို ထောင်ဒဏ်စီရင်မှု ပြန်ရုပ်သိမ်းဖို့ HRW တောင်းဆို
2019.11.01

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တာကို အမြန်ဆုံးပြန်လည် ရုပ်သိမ်း သင့်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က တောင်းဆိုလိုက်ပါတယ်။
တက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုထောင်ချနေတာဟာ တပ်မတော်အနေနဲ့ ဝေဖန်ပြောဆိုမှုတွေကို လက်မခံကြောင်း ပြသရာရောက်နေတယ်လို့ HRW အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဖီလ်ရောဘတ်ဆန် Phil Robertson က ပြောပါတယ်။
အလားတူ အမေရိကန်အခြေစိုက် နောက်ထပ်အဖွဲ့တစ်ခုဖြစ်တဲ့ Pen America အဖွဲ့ကလည်း ဒီလို ထောင်ဒဏ် ချမှတ်တာဟာ လွတ်လပ်စွာ ဖန်တီးပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန် ထားပါတယ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ သြင်္ကန်ကာလ ဧပြီလ ၁၀ ရက်နေ့က မရမ်းကုန်းမြို့နယ်မှာ ဖျော်ဖြေခဲ့တဲ့ သရုပ်ဖော်မှုနဲ့ သံချပ်စာသားတွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခဲ့တာပါ။
လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားဖို့၊ တပ်မတော်ကို ICC အမြန်ဆုံးတင်ဖို့နဲ့ မြန်မာ့နိုင်ငံရေးကနေ တပ်မတော် အပြီးအပိုင် ထွက်သွားဖို့ စတဲ့အချက်တွေကို သံချပ်ထိုးဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။
သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနဲ့ မကေခိုင်ထွန်း တို့ကို မရမ်းကုန်းမြို့နယ် တရားရုံးက အောက်တိုဘာလ ၃၀ ရက်နေ့မှာ စီရင်ချက်ချခဲ့ပါတယ်။
မရမ်းကုန်းမြို့နယ်အပြင် သံချပ်အဖွဲ့က သံချပ်ထိုး တင်ဆက်ခဲ့တဲ့ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်နဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တို့မှာလည်း ၂ နှစ်ထက် မပိုတဲ့ ထောင်ဒဏ် ချမှတ်ခံရနိုင်တဲ့ အလားတူ ပုဒ်မနဲ့ တရားစွဲဆိုထားတဲ့အတွက် အမှုတွေ ဆက်လက်ရင်ဆိုင်နေရပါတယ်။