တပ်ကို ဝေဖန်သူများ ဆက်တိုက်တရားစွဲခံနေရ

2019.11.07
peacoke-generation-jail-622.jpg ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို မရမ်းကုန်းမြို့နယ် တရားရုံးမှာ ၂၀၁၉၊ အောက်တိုဘာ ၃၀ ရက်နေ့က ရုံးထုတ်စဉ်
Photo: Aung Thain Kha/RFA

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲတွေ လုပ်ခဲ့တဲ့၊ တပ်မတော်ကို ဝေဖန်ခဲ့တဲ့ စာရေးဆရာ၊ ရှေ့နေ၊ ကျောင်းသားနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို တပ်မတော်က တရားစွဲနေတာဟာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မပြောရဲအောင် လုပ်နေသလို ဖြစ်နေတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး စာရေးဆရာ မာန် (တောင်လုံးပြန်)၊ ကဗျာဆရာ စောဝေ၊ ရှေ့နေ ဦးကြီးမြင့်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ရဲ့ ဟောပြောချက်တွေဟာ တပ်မတော် ဂုဏ်သိက္ခာကို ထိပါးလို့ဆိုပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားပါတယ်။

သံချပ်ထိုးဝေဖန်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့လည်း အမှုတွေ ရင်ဆိုင်နေရပါတယ်။

ဒီလိုတရား တရားစွဲဆိုတာက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာနဲ့တူတယ်လို့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးလှုပ်ရှားတဲ့ ရန်ကုန်မြို့အခြေစိုက် အသံအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။အသံအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်းခ

“တပ်မတော်ကနေပြီးတော့  ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အဓိကထား ပြောတဲ့သူတွေကို ပစ်မှတ်ထား တရားစွဲဆိုတာတွေ လုပ်လာတယ်လို့ ကျနော်တို့မြင်ရတယ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ရင် တပ်မတော်ဘက်က သူအနေနဲ့ ယနေ့အချိန်ထိ သဘောထားမပြောင်းလဲသေး၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးစားတဲ့ သူဟာ၊ တိုက်တွန်းတဲ့သူဟာ သူတို့ဘက်ကနေပြီးတော့ တစ်ခုခု တုံ့ပြန်တာမျိုး ဖြစ်လာနိုင်တယ်၊ ဒါကို မပြင်ကြနဲ့ဆိုတဲ့ မတ်ဆေ့ချ်မျိုး လူထုကိုခြိမ်းခြောက်မှုမျိုး၊ ဒီလိုမျိုးတရားစွဲဆို တာမျိုးတွေနဲ့ ခြိမ်းခြောက်တယ်လို့ ကျနော်တို့မြင်တယ်”

ဒီနှစ် သြဂုတ်လအထိ တပ်မတော်က တိုက်ရိုက်တရားစွဲဆိုတာ ဝေဖန်သူ ၇၇  ယောက်၊ အမှု ၂၄ မှု ရှိကြောင်း၊  တပ်မတော်ထောက်ခဲ့သူတချို့ရဲ့ လုပ်ရပ်ဟာ တပ်ဂုဏ်သိက္ခာကို ထိပါးလို့ဆိုပြီး စွဲဆိုထားတာလည်း ကိုးဦးနဲ့ အမှု ခြောက်မှုရှိတယ်လို့ အသံ - Athan အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ်လ နောက်ပိုင်း တပ်က စွဲထားတဲ့ အမှုတွေဟာ အထက်ပါစာရင်းမှာ မပါသေးပါဘူး။

ဧပြီလတုန်းက ကော့သောင်းမြို့မှာ ပြုလုပ်တဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထောက်ခံပွဲမှာ ပါဝင်ဟောပြောခဲ့သူ ဦးနေမျိုးဇင်၊ ကဗျာဆရာ စောဝေနဲ့ ရှေ့နေဦးကြီးမြင့်တို့ကိုလည်း တပ်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ တရားစွဲထားပါတယ်။

စာရေးဆရာ မာန်  (တောင်လုံးပြန်) ဟာ မေလတုန်းက မြိတ်မြို့မှာပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ ပါဝင်ခဲ့ပြီးနောက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်မျိုးက အလားတူပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။

စာ‌ရေးဆရာမာန်ကတော့ တပ်မတော်က ရွေးကောက်ပွဲမပြိုင်ဘဲနဲ့ အခြေခံဥပဒေအရ လွှတ်တော်ထဲမှာ ထိုင်ခုံ ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ အခွင့်ထူးခံကိစ္စတွေကို ပြည်သူတွေကိုသိအောင် ဟောပြောခဲ့တာကြောင့် တရားစွဲခံရတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

“သူတို့ယူထားတဲ့ အခန်းကဏ္ဍဟာ အရမ်းကြီးမားလွန်းတာကြောင့် လုပ်ချင်တိုင်းလုပ်လို့ မရအောင်၊ ပြင်ချင်တိုင်းပြင်လို့ မရအောင်ဖြစ်တဲ့အတွက် အစ်ကိုတို့ကတော့ အများပြည်သူသိအောင် ၂၀၀၈ဖွဲ့စည်းပုံရဲ့ အားနည်းချက်တွေကို ပြောရတဲ့အခါမှာ တပ်မတော်ကို ထိခိုက်စရာတွေဖြစ်တယ်ဆိုပြီး သူတို့ကစွပ်စွဲ တာပေါ့၊ ဒါကတော့ သူတို့စွပ်စွဲတဲ့ သူတို့ဘက်ကအပိုင်းပေါ့  အစ်ကိုတို့ကတော့ ပြောသင့်ပြောထိုက်တဲ့ အချိန်မှာပြောတာပဲ၊ အဲအပေါ်မှာ တရားစွဲတယ်ဆိုတော့လည်း ရင်ဆိုင်ရတာပေါ့ ဒါပါပဲ”

ဟောပြောပွဲပြီးစီးလို့ လပေါင်းများစွာကြာမှ တရားစွဲတဲ့ အမှုကို မြိတ်မြို့တရားရုံး ရုံးချိန်းတိုင်း ရန်ကုန်ကနေ သွားရောက်ရင်ဆိုင်ဖို့ မိုင်ပေါင်း ၅၀၀ ကျော်၊ နာရီ ၂၀ ဝန်းကျင် ကားစီးရတာကြောင့်  သွားလာရေး အဆင်မပြေကြောင်း စာရေးဆရာမာန်က ရှင်းပြပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောလို့  တရားစွဲတာမဟုတ်ဘဲ၊ တပ်မတော်ကို မဟုတ်မမှန်တာတွေ ပြောနေတာကြောင့် စွဲရတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

“အကုန်လုံးက ရောချနေတဲ့သဘောဖြစ်တယ်၊ ဖွဲ့စည်းပုံပြင် ဆင်ရေးနဲ့ ပတ်သက်လို့ဆိုပြီး ရောချနေတာ၊ ဖွဲ့စည်းပုံပြင် ဆင်ရေးနဲ့ ပတ်သက်ပြီး တရားစွဲတာမရှိပါဘူး၊ စွဲစရာလည်း အကြောင်းမရှိပါဘူး၊ သူတို့ဟောပြောတဲ့အထဲမှာ ခေါင်းစဉ်ထဲမှာ တပ်မတော်ကို ထိခိုက်စေတဲ့စကားလုံး၊ တပ်မတော်ကို ဂုဏ်သိက္ခာထိခိုက်စေတဲ့စကားလုံး၊ တပ်မတော်ကို မဟုတ်တာတွေ စွပ်စွဲတာတွေကို တရားစွဲဆိုတာဖြစ်ပါတယ်”

တပ်မတော်က အခြေခံဥပဒေ မပြင်ဘူးလို့ ငြင်းဆိုနေတာ မရှိကြောင်း၊ လုပ်ထုံးလုပ်နည်းနဲ့အညီ  ပြင်ဆင်ဖို့ ပြောဆိုတာပဲရှိကြောင်း သူက ဆိုပါတယ်။

မကြာသေးခင်ကပဲ ရန်ကုန် တရားရုံးတချို့က ဦးနေမျိုးဇင်၊ သံချပ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနဲ့ မကေခိုင်ထွန်း တို့ကို ပုဒ်မ ၅၀၅(က)အရ  ထောင်တစ်နှစ်စီ စီရင်ခဲ့ပါတယ်။

သင်္ကြန်ကာလမှာ ဒေါင်းတို့မျိုးဆက်အဖွဲ့ သံချပ်ထိုး တင်ဆက်ခဲ့တဲ့ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်နဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တို့မှာလည်း ၂ နှစ်ထက် မပိုတဲ့ ထောင်ဒဏ် ချမှတ်ခံရနိုင်တဲ့ အလားတူပုဒ်မနဲ့ တရားစွဲဆိုထားတဲ့အတွက် အမှုတွေ ဆက်လက်ရင်ဆိုင်နေရပါတယ်။

ဒီလိုဆက်တိုက် တရားစွဲဆိုနေတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတယ်လို့ အသံ-Athanအဖွဲ့ ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။

“ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြင်ရမယ်ဆိုတာ လူတိုင်းသိပြီးသား၊ လက်ခံပြီးသား အဲလို အခြေအနေမှာ ဒီဟာကို ပြင်ဆင်ရမယ်ဆိုတာကို ထပ်မံတိုက်တွန်းနှိုးဆော် ပြောဆိုတဲ့သူတွေကို ဒီလိုမျိုး တပ်မတော်က ဆက်ဆက်ထိမခံ တရားစွဲဆိုတာတွေဟာ လူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ် ချိုးဖောက်နေတယ်လို့ မြင်ပါတယ်၊ ဒီအမှုတွေအားလုံးကို တပ်မတော်အနေနဲ့ အမြန်ဆုံးရုပ်သိမ်းပေးဖို့လိုတယ်လို့ ပြောချင်ပါတယ်”

ဒီတရားစီရင်မှုတွေကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း အပြင်းအထန် ကန့်ကွက်နေကြတာပါ။

တပ်မတော်ကို အွန်လိုင်းလူမှုကွန်ရက်မှာ ဝေဖန်ရေးသားတဲ့ လူ့အခွင့်ရေးမှတ်တမ်းရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အထက်ပါ ပုဒ်မှနဲ့ သြဂုတ်လမှာ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရပါတယ်။

မဘသအဖွဲ့ကို အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို တပ်မတော်က ငွေလှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ မြဝတီမင်းကြီး ဆရာတော် အရှင်အရိယာဝံသာဘိဝံသကို အရေးယူပေးဖို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သော်တာထွေးက မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အမှုဖွင့်ထားပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။