အခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်လို့ ရကြောင်း ကာကွယ်ရေးဦးစီးချုပ်ပြော

သက်စုအောင်၊ သီဟထွန်း
2021.01.28

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာရင် ဒီဥပဒေကို ဖျက်သိမ်းပစ်ရမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အရာရှိတွေကို မနေ့က အွန်လိုင်းကတဆင့် အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

"ဖွဲ့စည်းပုံအခြေခံဥပဒေကတော့  ဥပဒေရဲ့  Mother Law ပဲ၊ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစားလိုက် နာဖို့ လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေ ကို ဖျက်ပစ်ရမယ်၊ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။"

ပြဌာန်းထားတဲ့ဥပဒေတွေကို ကိုယ်လိုရာဆွဲပြောနေမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကို ဦးတည်သွားနိုင် ကြောင်း၊ ဥပဒေကို မလေးစားမလိုက်နာရင် အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ့်အကြောင်း တော်လှန် ရေးကောင်စီခေတ်တုန်းက ၁၉၄၇ ဥပဒေကို ဖျက်ခဲ့ကြောင်း၊ နဝတခေတ် တပ်မတော်တက်လာတဲ့အခါမှာ လည်း ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို ဖျက်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ တပ်မတော်ကို တိုက်ရိုက်အာဏာသိမ်းခွင့်ပေးမထားဘဲ၊ နိုင်ငံမှာ အရေးပေါ်အခြေအနေတွေ ပေါ်ပေါက်လာတဲ့အခါ နိုင်ငံတော်သမ္မတရဲ့  ခွင့်ပြုချက်နဲ့သာ ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံ့အာဏာကို အချိန်အပိုင်းအခြားနဲ့ ရယူကျင့်သုံးနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဒါကြောင့် ဒီဖွဲ့စည်းပုံကို ဖျက်သိမ်းပစ်မှပဲ တပ်မတော်အနေနဲ့ တိုင်းပြည်အာဏာကို သိမ်းယူနိုင်မှာဖြစ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဒီလိုပြောကြားတာဖြစ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က သုံးသပ်ပါတယ်။

"၆၂ ၊ ၇၄ ကို ဖျက်သလို လုပ်မယ်လို့ ပြောတာဟာ ၂၀၀၈ အတွင်းက ဘယ်လိုမှသိမ်းမရဘူး ပိတ်နေပြီ၊ ကျနော်တို့ကလည်း ပြောတယ် ခင်ဗျားတို့မရဘူး ၂၀၀၈ အတွင်းက ဘယ်လိုမှ အာဏာသိမ်းလို့မရဘူးလို့ ပြောတဲ့အခါမှာ ထွက်ပေါက်က ပိတ်သွားပြီ၊ ပိတ်သွားတဲ့အခါမှာ သူတို့က သမိုင်းတရားခံတွေဖြစ်တော့ မယ်၊ ၂၀၀၈ မှာ သိမ်းမရတာကြီးနဲ့ သိမ်းမယ်ဆိုတဲ့အခါကတော့ သူတို့က ဥပဒေအရ သမိုင်းတရားခံတွေ ဖြစ်သွားမယ်၊ အဲဒီလိုဟာမျိုးကို ဖောက်ထွက်ဖို့က တစ်လမ်းပဲရှိတော့တယ် အဲဒါက ဘာလဲဆိုတော့ ၂၀၀၈ ကို ဘေးဖယ်လိုက်ပြီးတော့ သိမ်းဖို့ပဲ ရှိတော့တယ်ဆိုတာကို သူတို့က အဲလို ပြောလိုက်တာ။"

တပ်မတော်ဘက်က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွင်း၊ အငြင်းပွားဖွယ် မဲစာရင်းမှားယွင်းမှူပေါင်း ၈.၆ သန်းကျော် ရှိခဲ့တယ်လို့ ပြောဆိုထားပြီး၊ မဲစာရင်းမှားယွင်းနိုင်ခြေတွေနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားပါတယ်။

အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်ကနေ တစ်စုံတစ်ရာ ဖြေရှင်းမပေးတဲ့အတွက် အထူးလွှတ်တော် အစည်းအဝေးခေါပြီး မေးမြန်းဖို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက တောင်းဆိုခဲ့ပေမယ့် ဒီတောင်းဆိုချက်ကို ပြည်ထောင်စုလွှတ်တော်ရုံးက ပယ်ချခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်တွေနောက်ပိုင်းမှာ တပ်မတော်ဘက်က ကန့်ကွက်ထားတဲ့ ရွေးကောက်ပွဲ မဲအငြင်းပွားဖွယ် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လက်ရှိအာဏာရ NLD ပါတီ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပြည်ထောင်စု လွှတ်တော်ရုံးတို့ဟာ ဥပဒေပြဌာန်းချက်တွေကို ကိုယ်လိုရာဆွဲသုံးနေတယ်လို့ တပ်မတော် ဘက်က စွပ်စွဲပြောဆိုလာတာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း ရွေးကောက်ပွဲအငြင်းပွား နေတဲ့ကိစ္စရပ်တွေကို NLD အစိုးရက ဖြေရှင်းမပေးဘူးဆိုရင်၊ တပ်မတော်ဘက်က အာဏာမသိမ်းနိုင်ဘူးလို့ မမှတ်ယူနိုင်ကြောင်း ပြီးခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

အခုလို တပ်မတော်ဘက်က ပြောဆိုချက်တွေ ပြင်းပြင်းထန်ထန်ရှိလာတဲ့အပေါ် ရွေးကောက်ပွဲမှာ မဲအများ ဆုံးနဲ့ အနိုင်ရခဲ့တဲ့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကတော့ “ဒီမိုကရေစီယဉ်ကျေးမှုကို အာဏာသိမ်း ဖော်ဆောင်မယ်ဆိုရင်တော့ ဒါဟာ မှားယွင်းတဲ့ရွေးချယ်မှုဖြစ်တယ်” လို့ တုံ့ပြန်ပါတယ်။

"ဖွဲ့စည်းပုံကိုမလိုက်နာရင် ဖျက်သိမ်းပစ်ရမယ်ဆိုတာက ဘယ်သူက ဖွဲ့စည်းပုံကို မလိုက်နာတာလဲ၊ ဖျက်သိမ်းမှာကလည်း ဘယ်လိုပုံစံနဲ့ ဖျက်သိမ်းမှာလည်း ဒါကိုကျနော်တို့ ပြောဖို့လိုပါတယ်။ လက်ရှိ ကျနော်တို့ဖြစ်နေတဲ့ အကျပ်အတည်းဟာ သတင်းမှန်ပြန်ကြားရေးရဲ့  သတင်းစာရှင်းလင်းပွဲအရဆိုရင် ဒီမိုကရေစီယဉ်ကျေးမှုဖော်ဆောင်ဖို့လို့ သိရတယ်။ ဒီမိုကရေစီယဉ်ကျေးမှုကို အာဏာသိမ်းပြီး ဖော်ဆောင် မယ်ဆိုရင်တော့ မှားယွင်းတဲ့ရွေးချယ်မှုဖြစ်တယ်လို့တော့ ပြောချင်ပါတယ်။"

တပ်မတော်ရဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာတွေရှိခဲ့ပေမယ့် တပ်မတော်ဘက်က စွပ်စွဲထားသလို မဲမသမာ မှုတွေ မရှိခဲ့ဘူးလို့ ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တပ်မတော်က ထောက်ပြထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိတဲ့သူတွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရ ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ရွေးကောက်ပွဲကော်မရှင်ဘက်က မြန်မာနိုင်ငံမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိတဲ့သူ အများအပြားရှိကြောင်း၊ ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသား ဖြစ်ကြောင်း တစ်စုံတစ်ရာပြနိုင်ရင် မဲပေးခွင့်ရှိတယ်လို့ ဥပဒေမှာပြဌာန်းထားပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိလည်း မဲပေးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ တုံ့ပြန်ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်က တောင်းဆိုထားသလို ကော်မရှင်နဲ့ အစိုးရတို့ အမြန်ညှိနှိုင်း အဖြေရှာကြဖို့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာကုန် ပေးအပ်ခံထားရတဲ့အဖွဲ့ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကို လက်ရှိအာဏာရ အစိုးရနဲ့ ညှိနှိုင်းရမယ်လို့ ဥပဒေမှာပြဌာန်းထားတာမရှိဘူးလို့လည်း ကော်မရှင်က ပြောပါတယ်။

တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ယူခဲ့ဖူးတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ တပ်မတော်ဘက်က ဖွဲ့စည်းပုံကို ကိုးကားပြီး အဆုံးစွန်ဖြစ်လာနိုင်တဲ့အခြေအနေကို ရည်ညွှန်းနေပေမယ့် အာဏာသိမ်းဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ သုံးသပ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁) နိုင်ငံတော်အခြေခံမူများရဲ့ ၄၀(ဂ)မှာ ဘယ်လိုပြဌာန်းထားလဲ ဆိုတော့ နိုင်ငံတော်မှာ ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာနိုင်တဲ့ အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့လာရင်တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံတော်အာဏာကို အခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့အညီ ရယူသုံးစွဲခွင့်ရှိသည်လို့ ပြဌာန်းထားတာရှိတယ်။ ဆိုလိုတာက နိုင်ငံတော်အာဏာကို သူ့မှာ လွဲပြောင်း ယူခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုးရေးထားတာပေါ့နော်၊ ဒါကြောင့်မို့ ပထမဆုံး ဗိုလ်ချုပ် ဇော်မင်းထွန်း တို့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခန်း ၁ ကို ကျန်တဲ့အခန်းတွေကို လွှမ်းမိုးတယ်ပေါ့နော်။ အရေးပေါ် ကာလ ဆိုင်ရာပြဌာန်းချက်များအပါအဝင် ကျန်တဲ့အခန်းတွေကို လွှမ်းမိုးတယ်လို့ ပြောတာက အဆုံး အစွန်ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုကို ရည်ညွှန်းပြီးပြောတယ်လို့ မြင်ပါတယ်၊ အာဏာသိမ်း မလားလို့ မေးရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပက နည်းလမ်းတွေနဲ့သုံးပြီးတော့ အာဏာသိမ်းဖို့ ဆိုတာကတော့ ဖြစ်နိုင်ခြေ အလွန့်အလွန်နည်းတယ်လို့ မြင်ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) “နိုင်ငံတော်အခြေခံမူများ” အခန်း၊ ပုဒ်မ ၄၀(ဂ)မှာ နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း၊ သို့မ ဟုတ် ကြိုပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ် ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော် အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်တွေနဲ့အညီ ရယူသုံးစွဲခွင့်ရှိသည်လို့ ဖော်ပြထား ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကတော့ တာဝန်ရှိတဲ့ခေါင်းဆောင်တွေအနေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမလား၊ အလုံးစုံပျက်သုဉ်းရေးကိုသွားမလား ဆိုတဲ့မေးခွန်းကို ကိုယ်တိုင်ဖြေရမယ့်အချိန်ရောက်ပြီလို့ မှတ်ချက်ပေးပါတယ်။

“၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မလိုက်နာတဲ့သူတွေ ရှိတယ်ဆိုတဲ့ဟာမျိုးကို ညွှန်းဆိုချင်ပုံရ တယ်၊ အဲဒါလည်း NLD အစိုးရကို ညွှန်းဆိုချင်ပုံရပါတယ်၊အဲတော့ မလိုက်နာဘူးဆိုလို့ရှိရင် ဖျက်သိမ်းပစ် ဖို့ပဲ ဆိုလာတော့ လိုက်နာမယ်ဆိုရင်တော့ ဖြေရှင်းလို့ရနိုင်မယ်ဆိုတဲ့ဘက်လည်း ရှိတာပေါ့၊ လောလော ဆယ်မှာတော့ ဖြစ်နိုင်ခြေတွေ အားလုံးကတော့ ၅၀ ရာခိုင်နှုန်းဆီပဲ ဖြစ်ပါလိမ့်မယ်၊ ၂၀၂၀ မတိုင်ခင် မြန်မာ့ နိုင်ငံရေးလောကမှာ ပြောလေ့ရှိတာရှိပါတယ်၊ အဲဒါကတော့ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးလား သို့မဟုတ် အလုံးစုံပျက်သုဉ်းရေးလား ပြောတာရှိပါတယ်၊ အဲတော့ အခုလည်း အဲဒီအခြေအနေ ပြန်ဆိုက် ရောက်နေတယ်၊ အဲတော့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာမှာလား၊ သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ကြ ပြီးတော့ ပျက်သုဉ်းတဲ့ဘက်ကို သွားမှာလားဆိုတဲ့ မေးခွန်းကို တာဝန်ရှိတဲ့ခေါင်းဆောင်တွေ ကိုယ်တိုင်က ဖြေရတော့ မယ်ထင်ပါတယ်"

တပ်မတော်အကြီးအကဲရဲ့ မနေ့က ပြောဆိုချက်နဲ့ပတ်သက်လို့ အစိုးရအဖွဲ့ရဲ့ သဘောထားသိနိုင်ဖို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကို အွန်လိုင်းကတဆင့် စာရေးမေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

စစ်အုပ်ချုပ်ရေးဒဏ်ကို ခံစားခဲ့ဖူးတဲ့ ပြည်သူတွေကြားမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆို ချက်နဲ့ပတ်သက်လို့ အာဏာသိမ်းတာမျိုး ထပ်ဖြစ်လာမလားဆိုပြီး စိုးရိမ်ပူပန်နေပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေကို စိတ်ဝင်တစားစောင့်ကြည့်နေသူ သာမန်ပြည်သူတစ်ဦးဖြစ်တဲ့ မန္တလေးမြို့က ဦးခင်မောင်မြင့် ကတော့ တပ်မတော်နဲ့အစိုးရ အတူလက်တွဲပြီးတော့ နိုင်ငံရဲ့ကောင်းကျိုးကို ဆောင်ရွက်သွားဖို့ လိုလားနေပြီး၊ အခုလို တင်းမာနေတာကို မဖြစ်စေချင်ဘူးလို့ RFA ကို ပြောပါတယ်။

ပြည်သူတွေအနေနဲ့ကတော့ လက်ရှိတပ်မတော်နဲ့ အစိုးရနဲ့ လက်တွဲပြီးတော့ နိုင်ငံရဲ့ ကောင်းကျိုးတွေကို ဆောင်ရွက်စေချင်တဲ့ဆန္ဒရှိတယ်၊ တင်းမာနေတာကို မလိုချင်ပါဘူး၊ တပ်မတော်အနေနဲ့လည်း အာဏာ သိမ်းတယ်ဆိုတဲ့စကားကို ပြုမူဆောင်ရွက်ဖို့မပြောပါနဲ့ စကားအဖြစ်နဲ့တောင် မပြောသင့်ဘူးလို့ အကြံပြု လိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ မြန်မာ့သမိုင်းမှာဆိုရင် အာဏာသိမ်းဖူးတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်၊ ဒါပေမဲ့ သူတို့ကို သမိုင်းမှာကျနော်တို့ ဘယ်လို မှတ်တမ်းတင်ခဲ့သလဲပေါ့နော်၊ အဲဒါလေးပြန်ပြီးတော့ စဉ်းစားစေချင်ပါတယ်။ နောက် တပ်မတော်က တပ်မတော်ရဲ့ကဏ္ဍဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးကို ပီပီပြင် ပြင် ဆောင်ရွက်ရင်းနဲ့ ပြည်သူ့မေတ္တာကို ပြည်သူ့ရဲ့ ချစ်ခင်မြတ်နိုးခြင်းကို ပြန်ပြီးတော့ ရစေ ချင်တယ်၊ နိုင်ငံရဲ့ တိုးတက်ရေးကို တပ်မတော်ရော အစိုးရရော ပြည်သူလူထုရော ထောင့်သုံးထောင့်ကနေ ဝိုင်း ပြီးတော့ စီးပွားရေးတိုးတက်ဖို့ ကျန်းမာရေး တိုးတက်ဖို့ ပညာရေးတွေတိုးတက်ဖို့ကို အတူလက်တွဲပြီး ဆောင်ရွက်တာကို ကျနော်တို့ ပြည်သူလူထုက အခုလတ်တလောမှာကို အထူးလိုလားနေပါတယ်”

လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာဆိုရင် တတိယအကြိမ် လွှတ်တော်အစည်းအဝေးသစ်တွေ စတင်တော့မှာမို့ ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီ အသီးသီးက ကိုယ်စားလှယ်တွေဟာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို အဆင်သင့် ရောက်ရှိနေကြပါပြီ။

ဒီလွှတ်တော်အစည်းအဝေးကို ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေနဲ့ ၂၅ ရာခိုင် နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေ တက် မတက်ဆိုတာကို ခုချိန်ထိ တာဝန်ရှိသူတွေဘက်က အတိအကျ ထုတ်မပြောသေးပါဘူး။

နိုင်ငံရေးအကဲခတ်တွေကတော့ အခုချိန်ဟာ တစ်ဘက်နဲ့တစ်ဘက် တင်းမာတဲ့ နိုင်ငံရေးအကျပ်အတည်းကို ရောက်ရှိနေသလို အစိုးရသစ်ဖွဲ့စည်းရေး၊ လွှတ်တော်သစ်ခေါ်ယူရေးကလည်း ရက်ပိုင်းသာလိုတော့မို့ တာဝန်ရှိသူ တွေတွေ့ဆုံဆွေးနွေးတာတွေလုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ထောက်ပြပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။