ကာကွယ်ရေးဦးစီးချုပ်ဟာ ဒု-သမ္မတအဆင့်ရှိသူလို့ တပ်မတော် တုံ့ပြန်ချက်အပေါ် သဘောထားအမြင်များ
2020.11.05
နိုဝင်ဘာ ၄ ရက်နေ့ အစိုးရသတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ကာကွယ်ရေးဦစီးချုပ် ကို ရည်ညွန်းကာ နိုင်ငံ့ဝန်ထမ်းတွေဟာပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး တပ်မတော်က ကြေညာချက်တစောင် နိုဝင်ဘာ ၅ ရက် မနေ့ကထုတ်ပြန်ခဲ့ရာမှာ ဖွဲ့စည်းပုံရေးဆွဲရမှာ အခြေခံတဲ့ အမျိုးသားညီလာခံ အစည်းအဝေးတွေကို ကိုးကားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အစိုးရအဖွဲ့မှာ ဒုတိယ သမ္မတ အဆင့်ရှိသူဖြစ်တယ်၊ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍမှာ ရှိသူဖြစ်တဲ့အတွက် လေးစားရမယ်လို့ ဖော်ပြခဲ့ပါတယ်။
တပ်မတော်ရဲ့ နိုဝင်ဘာ ၅ ရက် ထုတ်ပြန်ချက်မှာ အခြေခံဥပဒေအရ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံနဲ့ မကိုက်ညီသော ဒို့တာဝန်အရေး ၃ ပါးကိုထိခိုက်သော မည်သည့်အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်မဆို အသိပေးရန် တာဝန်ရှိတယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပြောဆိုချက်တွေဟာ အခြေခံဥပဒေနဲ့ ကိုက်ညီတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အစိုးရက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံဝန်ထမ်းတဦးအဖြစ် သဘောထား ပြောကြားခဲ့ကြောင်း၊ တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံက ချမှတ်တဲ့ အခြေခံမူတွေအရ ကာကွယ်ရေးဦးစီးချုပ်ကို ဒု သမ္မတအဆင့် သတ်မှတ်ထားကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပါတီနိုင်ငံရေးလုပ်နေတာ မဟုတ်ပဲ အမျိုးသား နိုင်ငံရေးတာဝန်ကို ထမ်းနေခြင်းသာ ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။
ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က နိုင်ငံတော်က တရားဝင်ထုတ်ထားတဲ့ အင်္ဂါစဉ်များအရ ကာကွယ်ရေးဦးစီးချုပ်ဟာ ဒု သမ္မတ မဟုတ်ပါဘူးလို့ RFA ကို ပြောပါတယ်။
“ဝါစဉ်အရ ၁ က နိုင်ငံတော်သမ္မတ၊ ၂ က နိုင်ငံတော်အတိုင်ပင်ခံ၊ ပြီးရင် ဒု သမ္မတ ၂ ယောက်၊ ပြီးရင် အမျိုးသားလွှတ်တော်ဥက္ကဌ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်လာတယ်။ အဲဒီအောက်ကမှ ကာကွယ်ရေးဦးစီးချုပ်က ပါတာ။ အဲဒီ ဝါစဉ်အရဆိုရင် မကိုက်ဘူး။ နောက်တချက်က သူဟာ ကာကွယ်ရေးဦးစီးချုပ် ရာထူးနဲ့ လစာထုတ်နေတာလေ။ သူထုတ်နေတာက ဒု သမ္မတ လစာထုတ်တာမဟုတ်ဘူး ဒု သမ္မတ အဆောင်အယောင်နဲ့ နေတာမဟုတ်ဘူး။ ကာကွယ်ရေးဦးစီးချုပ် ဝန်ထမ်းရာထူးနဲ့ နေတာလေ။”
ဒါ့အပြင် တည်ဆဲနိုင်ငံဝန်ထမ်းဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ကို အရေးယူလို့ရတယ်လို့ ဦးကြီးမြင့် ကပြောပါတယ်။
“ဝန်ထမ်းတယောက်ကို ဘယ်အခါမှာ ရာထူးကထုတ်ပစ်နိုင်လဲဆိုရင် disobedient အမိန့်မနာခံဘူး၊ နောက် misconduct ဝန်ထမ်းနဲ့ မလျော်ညီတဲ့အလုပ်တွေလုပ်တယ်၊ နောက် disqualify အရည်အချင်းမမီဘူးဆိုရင် သူ့ကို ရာထူးက ထုတ်ပစ်ရမယ်။ အခုက disobedient ဖြစ်တာပေါ့။ အစိုးရတရပ်အပေါ်မှာ သူက ပြန်ပြီး အစိုးရတာဝန်ပဲတို့ ဘာတို့့ အောက်က ကာကွယ်ရေးဦးစီးချုပ်အဆင့်ရှိတဲ့သူက ပြန်ပြီးပြောတာ disobedient ဖြစ်နေတယ်။”
ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကတော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တည်ဆောက်နိုင်ခြင်း မရှိတာဟာ အဓိက ပြဿနာပဲလို့ ပြောပါတယ်။
“အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမတည်ဆောက်နိုင်ရင် ငြိမ်းချမ်းရေးကိစ္စရော ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရော ရှေ့ကိုမတိုးနိုင်ဘူး။ ပြောရရင် ၅၉ (စ) မပြင်ရင် သမ္မတ အထက်မှာနေမယ်ဆိုတာကနေစပြီး နိုင်ငံရေးအကျပ်အတည်းတွေ တောက်လျှောက်ဖြစ်လာတယ်လို့ ကျနော်တော့ မြင်တယ်။ တကယ့်တကယ်မှာ ကျနော်တို့က တပ်ကို အပြတ်အသတ်ဖယ်ရှားနိုင်လားဆိုတော့လည်း မဖယ်ရှားနိုင်ဘူး။ အဲလိုပြောလို့ ကျနော်တို့က စစ်တပ်ကို ဘယ်တုန်းကမှ မထောက်ခံဘူး ၊ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ကိစ္စကိုလည်း ဘယ်တုန်းကမှ လက်ခံဆွေးနွေးတာမရှိဘူးပေါ့နော် ဒါပေမယ့် တကယ့်နိုင်ငံရေးမှာတော့ အဲဒီလိုမျိုး အကြပ်အတည်းတွေဖြစ်ကုန်တယ်လို့ ကျနော်ထင်တယ်။ ဒီအချိန်မှာ အတ္တတွေ မာနတွေ အသီးအသီး အတတ်နိုင်ဆုံးလျှော့ချပြီး နိုင်ငံရေးမျှခြေတခုကို အမြန်ဆုံးတည်ဆောက်သင့်တယ်လို့ ကျနော်မြင်ပါတယ်။”
နိုင်ငံရေးအကဲခတ်သူ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် က အစိုးရကို တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန် ပုဒ်မ ၂ဝ အရ သတိပေးနေတာဖြစ်တယ်လို့ ထောက်ပြပါတယ်။
“အခြေခံဥပဒေပုဒ်မ ၃၈၄ ထဲမှာ နိုင်ငံသားတိုင်းဟာ ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိတယ်။ အဲဒီ ဥပဒေစိုးမိုးရေးမရှိပဲနဲ့ ရွေးကောက်ပွဲကော်မရှင် UEC က လုပ်တဲ့ ရွေးကောက်ပွဲဆိုတာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ထွက်လာတဲ့ ရလာဒ်ဟာလည်း မမှန်နိုင်ဘူး။ UEC က တချို့ဟာတွေက တရားဥပဒေနဲ့ မညီပေမယ့် သူကမျက်စေ့မှိတ်ပြီးတော့ ရွေးကောက်ပွဲမဖြစ် ဖြစ်အောင်လုပ်ဖို့ လုပ်နေတယ်။ အဲဒါကို တပ်မတော်က UEC နဲ့ အစိုးရ ၂ ဖွဲ့လုံးကို ခင်ဗျားတို့ ဒါ မှားနေပြီနော်ဆိုပြီး သတိပေးတာ။ ပုဒ်မ ၃၈၄ ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးကို မဖော်ဆောင်ပဲနဲ့ ဒီရွေးကောက်ပွဲကို ဆက်သွားမယ်ဆိုရင် တို့တာဝန်အရေး ၃ ပါးကို သွားထိမယ်။ တို့တာဝန်အရေး ၃ ပါးကို သွားထိမယ်ဆိုလို့ရှိရင် သူ့အနေနဲ့ အခြေခံဥပဒေကို ကာကွယ်ဖို့ တာဝန်ရှိတဲ့အတွက် ဒီစကားတွေကို တပ်ကစတင်ပြီးတော့ ပြောနေတာဖြစ်တယ်။”
အစိုးရနဲ့ တပ်မတော်အကြား တင်းမာမှုတွေကြောင့် အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့လည်း ဦးကိုကိုကြီးနဲ့ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်တို့က ပြောပါတယ်။