လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေ တိုက်ခိုက်ခံနေရသလား
2019.11.18
စစ်တပ် ကို ဝေဖန်ထောက်ပြတဲ့ သံချပ်တွေကြောင့် တပ်မတော်အရာရှိတွေက တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (က)နဲ့ တရားစွဲလို့ ပြီးခဲ့တဲ့လက အလုပ်ကြမ်းနဲ့ ထောင်တနှစ်စီ ချခံထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ဦးဆောင်လူငယ် ၅ ယောက်နဲ့ နောက်ထပ် မိန်းကလေး တယောက်၊ စုစုပေါင်းခြောက်ယောက်ကို ဒီနေ့မှာတခါ အဲဒီပုဒ်မနဲ့ပဲ အလုပ်ကြမ်းနဲ့ ထောင်တနှစ်စီ ထပ်ချလိုက်ပါတယ်။
ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား ၊ မကေခိုင်ထွန်း ကို အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ပြီး၊ ဒီနေ့မှာတော့ မဆုရတနာမြင့်ဆိုတဲ့ ကျောင်းသူပါ အမှုထဲမှာပါလာပြီး စုစုပေါင်း ခြောက်ယောက်ကို ဗိုလ်တထောင်မြို့နယ်တရားရုံးက ထောင်ဒဏ်စီရင်လိုက်တာပါ။
ဒါကြောင့် ပထမထောင်ချခံထားရတဲ့ လူငယ် ၅ ယောက်က ထောင် ၂ နှစ်စီဖြစ်သွားပြီး၊ ဒီနေ့မှာထပ်တိုးလာတဲ့မိန်းကလေးက ထောင် ၁ နှစ် ဖြစ်သွားပါပြီ။ နောက်ထပ်လဲ ၆၆ (ဃ) နဲ့ရော ၅၀၅ (က) နဲ့ပါ တရားစွဲခံထားရတဲ့အမှု (၆) မှုရှိသေးတယ်လို့ တရားစွဲထောင်ချခံနေရတဲ့ လူငယ်တွေထဲက ကိုပိုင်ရဲသူက ဒီနေ့ တရားရုံးအချုပ်ရောက်နေချိန်က RFA ကို ပြောပါတယ်။
မဆလ တပါတီအာဏာရှင်ခေတ်ကဆိုရင် သံချပ်မှာ အစိုးရနဲ့အာဏာပိုင်တွေကို ဝေဖန်တာပါရင် ဆင်ဆာဖြတ်တာ၊ ဆက်ပြီး သံချပ်ထိုးခွင့်မပြုတာ၊ ဒါမှမဟုတ် သင်္ကြန်တွင်း ခဏဖမ်းချုပ်ထားလိုက်တာမျိုးသာ ရှိခဲ့ပါတယ်။ အခုတော့ သံချပ်နဲ့ဝေဖန်တာကို အမှုပေါင်းများစွာစွဲပြီး တမှုချင်းအလိုက် သီးခြား ထောင်ဒဏ်တွေချမှတ်နေတာတွေ့ရပါတယ်။ လုပ်ရပ်တခုတည်းအတွက်ကို နေရာအမျိုးမျိုးကနေ ပုဒ်မအမျိုးမျိုးနဲ့ အလီလီထောင်ချတဲ့လုပ်ရပ် မဖြစ်သင့်ဘူးလို့ ကိုပိုင်ရဲသူက ပြောပါတယ်။
" ပြစ်မှုတခုကို ပြစ်ဒဏ်နှစ်ခု ပေးခွင့်မရှိဘူး။ ဒါပေမယ့် ကျနော့်ကို ပုဒ်မ ၅၀၅ (က)နဲ့ ပြစ်ဒဏ်တခုချပြီးသွားပြီ။ အဲဒီဟာကို ၆၆ (ဃ) နဲ့ ထပ်ပြီး ထပ်စွဲထားတယ်။ ဒါက တရားဥပဒေအရ မဖြစ်သင့်ဘူး။ ဒါ လက်ရှိစစ်တပ်ရဲ့ နိုင်ငံရေးအရ ဥပဒေကို အသုံးချပြီး ကျနော်တို့ကို ဖိနှိပ်နေတဲ့ဟာတွေ လက်ရှိ ကြုံနေရတယ်"
ဒါကြောင့် အာဏာရှိအဖွဲ့အစည်းတွေကို သံချပ်ထိုးပြီးဝေဖန်ထောက်ပြလို့ နှစ်ရှည် ထောင်ချခံရတာဟာ ဒီဖြစ်ရပ်က ပထမဆုံးလိုဖြစ်နေပါပြီ။
“သံချပ်အဖွဲ့တွေဟာ မဖြစ်နိုင်တဲ့တရားစွဲတာမျိုးတွေ ခံနေရတယ်။ ဒီလုပ်ရပ်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို သဲကြီးမဲကြီး တိုက်ခိုက်နေတဲ့လက္ခဏာဖြစ်တယ်။ စစ်တပ်ဟာ အခုလိုပါရမီရှိတဲ့ လူငယ်တွေကို စံပြအနေနဲ့အရေးယူပြနေတယ်" လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး နီကိုလပ်စ်ဘက်ကလင်းက ဒီနေ့ပြောလိုက်ပါတယ်။
အခုလို စစ်တပ်က တရားစွဲနေတဲ့အချိန်မှာ၊ တဘက်မှာ လွှတ်တော်ထဲ နေရာအများဆုံးရထားတဲ့ NLD ပါတီအနေနဲ့ အဲဒီလို တရားစွဲဖို့ အသုံးပြုခွင့်ရနေတဲ့ ဖိနှိပ်တဲ့ဥပဒေတွေကို မဖျက်သိမ်းနိုင်သေးဘူးလို့ AI အဖွဲ့က ထောက်ပြလိုက်သလို၊ လွှတ်တော်အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဘက်က ရပ်တည်ဖို့ အချိန်ရောက်ပြီလို့ ပြောလိုက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်လဲဖြစ် ဝါရင့်ရှေ့နေတဦးလဲဖြစ်တဲ့ ဦးအောင်သိန်းကတော့ အခုအမိန့်တွေကို အယူခံရုံးတွေမှာ ပြင်ဆင်ခွင့်ရှိသေးတာကြောင့် အပြီးသတ်ဖြစ်တယ်လို့ မှတ်ယူလို့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။
အဲဒီအပြင် AI အဖွဲ့ကပြောတဲ့ ဥပဒေတွေပြင်ဖို့ ဖျက်ဖို့ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း ဦးအောင်သိန်းက .....
“ဖျက်သင့်ဖျက်ထိုက်တဲ့ ဥပဒေတွေဆိုလည်း ကျနော်တို့ဖျက်လိုက်တာရှိပါတယ်။ နည်းတာမှမဟုတ်ပဲနဲ့။ ဒါပေမယ့် ကျနော်တို့ပြောတာက သဘောသဘာဝမတူတဲ့ ကိစ္စရပ်တွေရှိတဲ့အခါကျတော့ ဥပဒေတခုက ပြဌာန်းဖို့ခက်ပေမယ့် ပယ်ဖျက်ဖို့လွယ်တယ်ပေါ့နော်။ အဲတော့ တစုံတဦးကို ထောင်ချလိုက်ရုံနဲ့ ဥပဒေတခုလုံးကို ဖျက်ပစ်ရမယ်ဆိုပြီး သတ်မှတ်ရရင်တော့ ကျနော်တို့က တရားဥပဒစိုးမိုးရေးလမ်းကြောင်းပေါ် သွားနိုင်ဖို့က အခက်အခဲတွေတွေ့မှာပဲ” လို့ တုံ့ပြန်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Freedom of Expression ဆိုတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို နိုင်ငံသားတိုင်း ရပိုင်ခွင့်ရှိတယ်လို့ အခြေခံဥပဒေမှာ ထည့်ထားပေမယ့် တည်ဆဲဥပဒေတချို့က အဲဒီရပိုင်ခွင့်ကို ပြန်ဖျက်သလို ဖြစ်နေတာတွေရှိနေတယ်လို့ ဥပဒေပညာရှင်တွေ ထောက်ပြနေတာလဲရှိပါတယ်။
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့မြန်မာပြည်မှာ အခုလို အငြင်းပွားစရာ ဥပဒေတွေ ဘယ်တော့ဖျက်သိမ်းနိုင်မလဲဆိုတာ ဘယ်သူမှ တိတိကျကျမပြောနိုင်သေးတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။