ဒေါင်းတို့မျိုးဆက် ထောင်ချခံရမှု လူ့အခွင့်အရေးလှုပ်ရှားသူတွေ မကျေနပ်
2020.06.10
တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) နဲ့ တရားစွဲခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က လူငယ် ၃ ဦးကို ဖျာပုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ်စီ မနေ့က ချမှတ်ခဲ့တဲ့အတွက် မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဝေဖန်ချက်တွေ ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။
မနေ့က ထောင်ဒဏ် ၁ နှစ်စီထပ်မံ ချမှတ်ခံရတဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ နဲ့ ကိုပိုင်ဖြိုးမင်းတို့ဟာ တခြား ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေနဲ့အတူ ၂ဝ၁၉ ခုနှစ် သင်္ကြန်မှာ ဧရာဝတီတိုင်းအတွင်း ဖျော်ဖြေခဲ့ကြစဉ်က အဲဒီ သံချပ်တွေထဲမှာ လက်ရှိစစ်တပ်ကို အကြည်ညိုပျက်စေတဲ့ စကားတွေ ပါဝင်ခဲ့တယ်ဆိုပြီး တပ်မတော်အရာရှိတွေရဲ့ တရားစွဲခံခဲ့ရတာပါ။
ဒေါင်းတို့မျိုးဆက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနန်းလင်းက သူတို့အဖွဲ့အနေနဲ့ လက်ရှိ တရားစီရင်ရေးစနစ်ကို ယုံကြည်မှုမရှိတဲ့အတွက် အကျိုးဆောင်ရှေ့နေတွေလည်း မထားတော့ဘဲ မိမိတို့ကိုယ်တိုင် လျှောက်လဲချက်ပေးနေတယ်လို့ ပြောပါတယ်။
လွတ််လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ရန်ကုန်အခြေစိုက် အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကလည်း ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတာဖြစ်ပြီး လက်ရှိအစိုးရအနေနဲ့ စစ်တပ်နဲ့ ညှိနှိုင်းဆွေးနွေးမှု သို့မဟုတ် တခြားနည်းလမ်းတခုခုနဲ့ ဝင်ရောက်ကူညီ ဖြေရှင်းပေးသင့်ပါတယ်လို့ RFA ကို ပြောပါတယ်။
၈၈ မျိုးဆက်က ဦးမြအေးကတော့ ဒီမိုကရေစီနိုင်ငံတခုမှာလွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်မှုအတွက် အခုလို တရားစွဲခံရသူ မရှိသင့်တော့ဖူးလို့ ဝေဖန်ပါတယ်။ တဆက်တည်းမှာပဲ တချိန်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရှေ့တန်းကပါဝင်ခဲ့တဲ့ လက်ရှိ လွှတ်တော်အမတ်တွေအနေနဲ့ ဒီကိစ္စမှာ ထိထိရောက်ရောက် ပြောဆိုဆောင်ရွက်ခြင်း မရှိတာဟာ ဝမ်းနည်းစရာဖြစ်တယ်လို့ ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ကတော့ ဒေါင်းတို့မျိုးဆက်က လူငယ်တွေ ဒီကနေ့ ထောင်ဒဏ် ၁ နှစ်စီထပ်မံချမှတ်ခံရတာနဲ့ ပတ်သက်ပြီး အတူခံပြင်းကြောင်းနဲ့ သူမ အနေနဲ့ ဘာမှ လုပ်မပေးနိုင်တဲ့အတွက် မကျေမနပ်ဖြစ်ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
မြန်မာ့နိုင်ငံရေးမှာ အထင်ကရ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားလူငယ်တွေ ဒီမိုကရေစီစနစ်ကျင့်သုံးနေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်အတွက် ဖမ်းဆီးအရေးယူခံနေရတာကို ပြည်တွင်းပြည်ပ အာရုံစိုက်ဝေဖန်မှုတွေ တိုးပွားလာနေပြီး အရင်သမ္မတဦးသိန်းစိန် အစိုးရကာလထက် အခု NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာပြောဆိုခွင့်တွေ ပိုပြီးထိခိုက်လာနေတယ်လို့ အခုနှစ်ဆန်းပိုင်းက အသံအဖွဲ့ရဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။