ကိုယ်တိုင်လုပ် လက်နက်တွေနဲ့ ခုခံလာတဲ့ စစ်ကိုင်းတိုင်း PDF များ

2022.01.20
ကိုယ်တိုင်လုပ် လက်နက်တွေနဲ့ ခုခံလာတဲ့ စစ်ကိုင်းတိုင်း PDF များ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အခြေစိုက် YOMA Fighter PDFအဖွဲ့ရဲ့ လက်လုပ်သေနတ်များကို တွေ့ရစဥ်
Photo: YOMA Fighter PDF -Yinmabin

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အလှမ်းဝေးတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း တိုင်းက ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အခုနောက်ပိုင်း စစ်တပ်ရဲ့ အင်အားသုံးဖြိုခွင်းမှု တွေကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်နက်ရအောင် ကြိုးစားလာကြ ပါတယ်။

တော်လှန်ရေးကာလ တစ်နှစ်နီးပါးကြာချိန်မှာ စစ်ကောင်စီဘက်က လေကြောင်း ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး အင်အားအလုံးအရင်းနဲ့ ချေမှုန်းလာတဲ့အတွက် အရင်လို ယမ်းထောင်းပြီးပစ်ရတဲ့ တူမီးသေနတ်နဲ့ ဓါတ်ငွေ့သုံး သေနတ်တွေအစား ကျည်ဆန် အစစ်နဲ့ ပစ်လို့ရတဲ့ သေနတ်မျိုးအထိ ကိုယ်တိုင်ထုတ်လုပ်ပြီး တိုက်ပွဲဝင်နေပြီလို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

တူမီးသေနတ်ကိုအခြေခံပြီး ထုတ်လုပ်တာတွေရှိသလို ဆိုရှယ်မီဒီယာ Youtube ကနေ နည်းလမ်းတွေကြည့်ပြီး ကျည်အစစ်နဲ့ ပစ်လို့ရတဲ့ သေနတ်တွေ ထုတ်လုပ်နိုင်ပြီလို့ ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရသူက RFA ကို ပြောပါတယ်။

ကနီမှာက တောတောင်တွေပေါတဲ့အခါကျတော့ အဲမှာ ကနီမုဆိုးအဖွဲ့ဆိုတာရှိတယ်၊ မုဆိုးတွေက တူမီးဆိုတာ ရိုးရာပဲ ရှေးတုန်းကတည်းကရှိတာပေါ့အဲမှာ ယမ်းချက်တာ တို့ ဘာတို့ဆို သူတို့ကကျွမ်းတယ်အဲဒီမုဆိုးတွေကနေ ဦးဆောင်ပြီးတော့ တူမီးတွေ လုပ်တာပေါ့ပထမကတော့ လေသေနတ်တွေလုပ်ကြတာပေါ့၊ ဂက်စ်သေနတ်တွေ အမျိုးမျိုးထွင်ပြီးလုပ်ကြတာပေါ့အခုနောက်ပိုင်းကျတော့ ကျည်ဆန်အစစ်နဲ့ပစ်တဲ့ ရိုင်ဖယ်တွေဖြစ်လာတယ်အလွယ်ကူဆုံးပစ္စည်းတွေနဲ့ အနီးအနားမှာ ရတာတွေနဲ့ စဉ်းစားပြီးတော့ ထွင်ပြီးတော့ အဲလိုလုပ်ကြတာပေါ့ CDM စစ်သားတွေမပါဘူး Youtube ကနေရှာတယ်သူတို့ရဲ့ ဒီဇိုင်းအတိုင်းတော့ မဟုတ်ဘူးပေါ့စာအုပ်ထဲ ကလည်း သင်ထားတာလည်း မဟုတ်ဘူး၊ စမ်းရင်း စမ်းရင်းနဲ့ အောင်မြင်တာတွေပေါ့

အလှူရှင်တွေရဲ့ ငွေကြေးနဲ့ ရပ်တည်ပြီး တိုက်နေရတာမို့ အလှူငွေမရှိတဲ့အခါ ကိုယ့်ရန်ပုံငွေကိုယ်ရှာပြီး ခုခံစစ်ဆင်နွှဲနေရတယ်လို့လည်း သူက ဆိုပါတယ်။

စိန်ပြောင်းလို အဝေးပစ်လက်နက်ကြီးနဲ့ ကျည်ဆန်တစ်တောင့်ကို မြန်မာငွေ ကျပ် နှစ်သောင်းကျော်ကုန်ကျပြီး၊  ကျည်ဆန်အစစ်နဲ့ ပစ်လို့ရတဲ့ လက်လုပ်သေနတ်တစ်လက် အတွက် ကျပ် ငါးသောင်းဝန်းကျင်သာ ကုန်ကျတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြော ပါတယ်။ တစ်ချက်ချင်းပစ်တဲ့ လက်လုပ်သေနတ်တွေထက် အဆင့်မြင့်ပြီး အနည်းဆုံး ငါးချက်လောက်ထိ ပစ်လို့ရတဲ့ သေနတ်တွေကတော့ ကျပ် သုံးသိန်းဝန်းကျင်လောက် ကုန်ကျတယ်လို့ ဆိုပါတယ်။



တစ်ရက်လောက်အချိန်ပေးရင်ကို လက်နက်ကောင်းတစ်လက် ထုတ်လုပ်နိုင်ပေမယ့် ဘာလက်နက်တွေလဲဆိုတာကို လုံခြုံရေးအရ ပြောလို့မရသေးဘူးလို့ ယင်းမာပင်မြို့မှာ လှုပ်ရှားနေတဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ကျနော်တို့ မြောက်ယမားအနေနဲ့ ပြောရရင်တော့ လက်နက်မျိုးစုံထုတ်လုပ်တာ တွေရှိပါတယ်အခုနောက်ပိုင်းဆိုရင် အဆင့်မြင့်တဲ့နည်းပညာပိုင်းအထိ သွားနေ တာရှိပါတယ် ကျနော်တို့ တစ်နေကုန် အချိန်ပေးလို့ရှိရင် လက်နက်ကောင်းကောင်း တစ်လက်ရပါတယ် အဲ့တော့ ဘာလက်နက်တွေထုတ်လုပ်နေလဲဆိုတဲ့ အပေါ်မှာပေါ့ စစ်ရေးအရ ပြောလို့တော့ အဆင်မပြေဘူး ပြည်တွင်းမှာက လက်နက်အစစ် တစ်လက် ရဖို့ဆိုတာ လုံး၀ကို မလွယ်တဲ့ အခြေအနေ ဖြစ်နေတာပေါ့မဝယ်နိုင်တဲ့အခါ ကျနော်တို့ ထုတ်လုပ်ရေးကိုပဲ ဦးစားပေးပြီး ကြိုးစားပြီးထုတ်ခဲ့တယ်အဲမှာ အောင်မြင်တဲ့အပိုင်း တွေ အများကြီးရှိပါတယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီက ထောက်ပံ့တဲ့ လက်နက်တွေလည်း ကျနော်တို့မှာ မရခဲ့ပါဘူးကျနော်တို့က ရှင်းရှင်းပြောရရင် သူတို့ (စစ်ကောင်စီတပ်) လို လက်နက်ကောင်းကောင်းတွေ မရှိလို့ အခုလိုမျိုးနေနေတာလက်နက်ကောင်းတွေရှိရင် အားလုံးပေါ့နော် တစ်နိုင်ငံလုံး တစ်လတောင် မကြာဘူး သိမ်းလို့ရတယ်

လက်ရှိမှာ ဘယ်အဖွဲ့အစည်းထံကမှ အထောက်အပံ့မရသလို ကုန်ကြမ်းအလွယ်တကူ ဝယ်လို့မရတဲ့ အခက်အခဲတွေရှိနေတယ်လို့လည်း သူက ဆိုပါတယ်။ ယမ်းနဲ့ မြေဩဇာတွေ ဝယ်လို့မရတဲ့ပြဿနာအပြင် စတီးနဲ့ သံထည်ပစ္စည်းတွေပါ ရှားပါးလာတာကြောင့် စက်ဘီး ပါမကျန် ရှိတဲ့ပစ္စည်းအကုန်ဖြတ်ပြီး အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း PDF တွေဟာ ငွေကြေးအခက်အခဲကြောင့် အော်တိုမောင်းပြန်ရိုင်ဖယ် တွေအထိ မထုတ်လုပ်နိုင်သေးပေမယ့် ဒေသအခေါ် မီးကျိုးမောင်းပျက် သေနတ်တွေ မဟုတ်ကြတော့ဘဲ အဆင့်မြင့်လာတဲ့ လက်လုပ်သေနတ်မျိုးစုံ ထုတ်လုပ်ပြီး တိုက်ပွဲ ဝင်နေကြတာလို့ စစ်ကိုင်းတိုင်း PDF တွေက ပြောပါတယ်။

လက်နက်အမျိုးအစားတွေနဲ့ ပတ်သက်လို့တော့ လုံခြုံရေးနဲ့ စစ်ရေး လျှို့ဝှက်ချက်အရ အသေးစိတ်မပြောနိုင်ဘူးလို့လည်း စစ်ကိုင်းတိုင်း PDF တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

CDM အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး လင်းထက်အောင် ကတော့ အဆင့်မြင့်တဲ့ လက်နက်တွေ ထုတ်လိုက်နိုင်ဖို့အတွက် လက်နက်ကျွမ်းကျင်သူတွေနဲ့ တိုင်ပင် ထုတ်လုပ်နိုင်ရင် ပိုပြီးအဆင်ပြေမယ်လို့ အကြံပေးပါတယ်။

လက်နက်တွေထုတ်နိုင်ဖို့ဆိုတဲ့ဟာက တကယ့်ကို လက်နက်ထုတ်လုပ်ရေးနဲ့ အကျွမ်း တဝင်ရှိတဲ့သူတွေနဲ့လုပ်မှ အဆင်ပြေမှာဗျတချို့သေနတ်တွေကိုတော့ အမြင်နဲ့ ဆုံး ဖြတ်လို့မရဘူးပေါ့တကယ် လက်တွေ့ကိုင်ဆောင်ပြီးတော့မှ ပစ်ခတ်ကြည့်ပြီးတော့မှ ဒီသေနတ်က ဘယ်လောက်အထိ ဘယ်လောက်အတိုင်းအတာအထိ စွမ်းအားထိရောက် တယ်ဆိုတာ ပြောလို့ရမှာပေါ့နော်အမြင်နဲ့က ကျနော်တို့ သုံးသပ်ဖို့ဆိုတာ တော်တော် ကြီး ခဲယဉ်းပါတယ် ဒါကတော့ ဘာနဲ့လုပ်ထားလို့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ပြောတာ ထက် တကယ်လက်တွေ့ မြေပြင်မှာ အသုံးချနေတဲ့သူတွေဆီက စကားက ပိုပြီးတော့ ကောင်းမယ်လို့ ထင်ပါတယ်ဗျလက်နက်ကြီးတွေကစ လုပ်လာနိုင်တာကတော့ ဒီထက်ပိုပြီးဖြစ်ဖို့အတွက်ကတော့ နည်းပညာပေါင်းစပ်မှုတွေကတော့ လိုသေးတယ်လို့ပဲ ကျနော်ပြောချင်တယ်ဗျ

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ နောက်ပိုင်းမှာ ဆန္ဒပြပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်မှု၊ ပိုက်စိပ်တိုက် ဖမ်းဆီးမှုတွေကြောင့် စစ်အာဏာ ရှင်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံဆန့်ကျင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က နှိုးဆော်ခဲ့တာပါ။

"ပြည်တွင်းမှာက လက်နက်အစစ် တစ်လက် ရဖို့ဆိုတာ လုံး၀ကို မလွယ်တဲ့ အခြေအနေ ဖြစ်နေတာပေါ့"

အဲဒီနောက်ပိုင်း စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကယားပြည်နယ်လို ဒေသတွေမှာ PDF တပ်ဖွဲ့ တွေရဲ့ လက်နက်ကိုင်တော်လှန်မှုတွေ အရှိန်မြင့်တက်လာသလို စစ်ကောင်စီဘက်ကလည်း PDF တွေကို အင်အားသုံးဖြိုခွင်းတာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ အစုအပြုံလိုက်သတ်ဖြတ်တာ တွေ ကျူးလွန်လာပါတယ်။

ဒီလိုအခြေအနေမျိုးမှာတောင် NUG ဘက်က ကာကွယ်ရေးတပ်တွေကို လက်နက်အပြည့် အစုံ မထောက်ပံ့နိုင်တဲ့အပေါ် ဝေဖန်သံတွေ အများအပြားရှိလာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးနိုင်ထူးအောင် ကတော့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေ တယ်လို့ ပြောပါတယ်။

“လက်နက်ရရှိရေးဆိုတာက နံပါတ်တစ်က ငွေရေးကြေးရေး အမြောက်အများ လိုအပ် တယ်။ ဒါကို ချက်ချင်းဖြည့်ဆည်းဖို့ခက်တယ်။ နောက်တစ်ခုက ငွေရေးကြေးရေးရှိလာ ရင်တောင်မှ လိုအပ်တဲ့ပစ္စည်းရရှိဖို့ ရရှိရင်တောင်မှ လိုအပ်တဲ့နေရာကိုရောက်ဖို့ဆိုတာ အချိန်တစ်ခုယူရပါတယ်။ ဒါပေမဲ့ တိုက်ပွဲအနေထားကတော့ အချိန်တစ်ခုယူလို့မရတဲ့ အနေအထားမျိုးမှာ ကိုယ့်မှာရှိတဲ့ ထုတ်လုပ်နိုင်စွမ်းအားနဲ့ စစ်အာဏာရှင်ကို တော်လှန် ဖို့ဆိုပြီး ထုတ်လုပ်သုံးစွဲနေတဲ့ အနေအထားပါ၊ နောက်တစ်ခုက PDF တွေက တော်တော် ကိုများပါတယ်ဗျ၊ ဒီလိုမျိုးထုတ်လုပ်ရေးတွေ ထုတ်လုပ်လာနိုင်တဲ့အတွက်လည်း တော် လှန်ရေးကို များစွာအထောက်အပံ့ဖြစ်စေတာမှန်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်ပိုင် လက်လုပ်ထုတ်လုပ်တဲ့ပစ္စည်းနဲ့တင်ပဲ အားပြုလို့မရဘူးဆိုတာလည်း ကျနော်တို့ သိ ပါတယ်။ ဒါကြောင့် ဒီပစ္စည်းတွေထက် တကယ့်ကို အဆင့်အတန်းမီတဲ့ လက်နက်တွေနဲ့ တွဲပြီးတော့ လုပ်ဆောင်နိုင်ဖို့ ကျနော်တို့အနေနဲ့ ကြိုးစားပြီးတော့ စီစဉ်နေပါတယ်၊ လက်လုပ်တွေနဲ့ တိုက်ခိုက်နေရတဲ့ ကာကွယ်ရေးအဖွဲ့အစည်းတွေရော အခြားသော ကာကွယ်ရေးအဖွဲ့အစည်းတွေရော ကျနော်တို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကူညီထောက်ပံ့မှုတွေလုပ်ဆောင်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်”

ဒီလိုအခြေအနေမျိုးမှာ စစ်ကိုင်းတိုင်းအတွင်းက ကျေးလက်နေပြည်သူတွေဟာ PDF တွေ လက်နက်ထုတ်လုပ်နိုင်ရေးအတွက် ရှိတဲ့ငွေကြေးနဲ့ လက်ဝတ်ရတနာတွေကို လှူဒါန်းတာ တွေလည်း ရှိလာပါတယ်။

လက်လုပ်သေနတ်တွေဟာ သုံးစွဲသူကိုလည်း အန္တရာယ်ပေးနိုင်တာမို့ စိတ်ချရတဲ့ ပိုကောင်းတဲ့လက်နက်တွေ ဝယ်စေချင်ပေမယ့်  ကောက်ပဲသီးနှံပေါ်တဲ့အချိန်မျိုးကျမှပဲ များများစားစား ထောက်ပံ့လှူဒါန်းနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီပဲယင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်လုပ်သေနတ်တွေက အတတ်ပညာနဲ့ လုပ်ထားတာ မဟုတ်ဘူးလေဗျာဟိုကစုံစမ်း ဒီကစုံစမ်းနဲ့ လုပ်ထားတာဆိုတော့ Save မဖြစ်တဲ့ဟာတွေပါသလို Save ဖြစ်တဲ့ဟာလည်းပါတာပေါ့ဗျာအခုနောက်ပိုင်းတော့ ကျည်အစစ်နဲ့ တစ်တောင့်ထိုး ထည့်ပစ်တဲ့ဟာတွေလုပ်ကြတယ်လုပ်တဲ့အလက်တိုင်းဟာ Save မဖြစ်ဘူး၊ ထိရောက် မှု အားချင်းကလည်း မတူတဲ့အခါကျတော့ အဲဒီတော့ ကျနော့်အထင်ကတော့ လက်နက် ကောင်းကောင်းလိုတယ်ဗျာဒီဘက်မှာလည်း ကျနော်တို့ ဒီပဲယင်းနယ်မှာကလည်း တောင်သူလယ်သမားကများတာလေ အခုလို စပါးပေါ်တဲ့ ကောက်ပဲသီးနှံပေါ်တဲ့အချိန် လောက်ပဲ ငွေကြေးအင်အား များများထောက်ပံ့နိုင်တာပေါ့။ တခြားအချိန်တော့ အလုပ် မရှိဘူးလေအခုချိန်စပါးပေါ်တဲ့အချိန်တော့ တော်တော်လေးထောက်ပံ့မှု အားကောင်း ပါတယ်

(မေတီတာ လက်နက်ထုတ်လုပ်ရေး ပြည်သူ့တပ်ဖွဲ့ကထုတ်တဲ့ လက်နက်ကြီးကျည်တွေကို တွေ့ရစဥ်) Photo:MTT Production
(မေတီတာ လက်နက်ထုတ်လုပ်ရေး ပြည်သူ့တပ်ဖွဲ့ကထုတ်တဲ့ လက်နက်ကြီးကျည်တွေကို တွေ့ရစဥ်) Photo:MTT Production

နည်းပညာနဲ့ ငွေကြေးအထောက်အပံ့မရတာကြောင့် လက်နက်လုပ်ဖို့ ကိုယ်တိုင်တီထွင် စမ်းသပ်ရင်း ခြေလက်ပြတ်သွားသူတွေ အသက်ပေးလိုက်ရသူတွေလည်းရှိခဲ့တယ်လို့ ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရသူက RFA ကို ပြောပါတယ်။

စမ်းသပ်တီထွင်တဲ့အခါမှာလည်း ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိတာပေါ့၊ စမ်းသပ် တီထွင်ရင်းနဲ့ လက်တစ်ဖက်ပြတ်သွားတဲ့သူနဲ့ ခြေထောက်တစ်ဖက်ပြတ်သွားတဲ့သူနဲ့ တစ်ကိုယ်လုံးပျောက်သွားတဲ့သူနဲ့ အဲလိုလူတွေကလည်း ဆယ်ဂဏန်းကျော်လောက် ရှိတာပေါ့အောင်မြင်တဲ့အဖွဲ့တွေကတော့ အဲလိုဖြစ်ခဲပါတယ်သူများလုပ်တာကြည့် ပြီးတော့ အများကြီး အကြာကြီး မစဉ်းစားမိတဲ့ကလေးတွေပေါ့အဲလိုကလေးတွေတော့ တချို့ဆိုရင် ပီနံအိတ်နဲ့ ကောက်ထည့်ရတဲ့ လူငယ်လေးတွေလည်း အများကြီးရှိတယ်

ဒါပေမဲ့ ကိုယ်တိုင်ဖန်တီးနိုင်တဲ့ လက်နက်ငယ်နဲ့ အဝေးပစ်လက်နက်ကြီးတွေရဲ့ ထိရောက်မှုအပြင် နယ်ခံ PDF တွေရဲ့ နယ်မြေကျွမ်းကျင်မှုကြောင့် ချေမှုန်းခံရမှု အပြင်းထန်ဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းရဲ့ တော်လှန်ရေးဟာ အတိုင်းအတာတစ်ခု အထိတော့ ထိရောက်မှုရှိတယ်လို့ သူက ဆိုပါတယ်။

NUG အစိုးရရဲ့ အထောက်အပံ့လည်းမရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဝေးကွာလှတဲ့ စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့တွေဟာ အခုချိန်မှာ တူမီးသေနတ်အပြင် ၅.၅၆ ၊ ၇.၆၂ နဲ့ ၉ မီလီမီတာ ကျည်ဆန်အစစ်တွေ ထည့်ပစ်လို့ရတဲ့ တစ်တောင့်ထိုး လက်လုပ် သေနတ်တွေနဲ့ အနည်းဆုံး ငါးတောင့် ထည့်ပစ်လို့ရတဲ့ သေနတ်တွေအထိ ထုတ်လုပ်ပြီး စစ်တပ်ကို ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့လည်း ကြည်း၊ ရေ၊ လေ စစ်သည် သုံးသိန်းကျော်နဲ့ ခေတ်မီလက်နက်တွေ အပြည့် တပ်ဆင်ပြီး နှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ စစ်ကောင်စီတပ်ကို ကိုယ်တိုင်လုပ် သေနတ် လေးတွေနဲ့ ခုခံတိုက်ခိုက်နေရတဲ့ စစ်ကိုင်းတိုင်းက PDF တပ်တွေဟာ အသက်ပေါင်း ဘဝပေါင်းများစွာ ပေးဆပ်မှုအပြင် အခြားအခက်အခဲ စိန်ခေါ်မှုမျိုးစုံကိုလည်း ရင်ဆိုင်နေ ကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။