ကလေးမြို့နယ် ရွာပေါင်း ၂၀ ခန့်က လူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေး PDF အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း နှစ်ဆယ်လောက်က ဒေသခံ ငါးထောင် ကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ထွက်ပြေးနေရတဲ့ရွာတွေကတော့ ကလေးမြို့တောင်ပိုင်းမှာဆိုရင် မြစ်သာမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ဥယျာဉ်၊ အူဒူ၊ အင်းကျော်၊ ကင်းမွန်းခြုံ၊ အင်းဒင်၊ ပေါက်တော၊ စီးစံ စတဲ့ရွာတွေဖြစ်ပါတယ်။ ကျန်ရွာတွေ ကတော့ ကလေး -ဂန့်ဂေါလမ်းမကြီးဘေးတွေမှာရှိတဲ့ ချင်းဆိုင်၊ ဇင်းကလင်း၊ နတ်ချောင်း၊ နတ်မြောင်း၊ အင်းကျွန်း၊ ကျောက်ပြုတ်၊ လယ်ခြား၊ ရွာသစ်၊ စံသာ၊ စက္ကန့်၊ သုံးအိမ်စု၊ လေးအိမ်စု စတဲ့ကျေးရွာတွေဖြစ် ပါတယ်။
အဲဒီရွာတွေက ဒေသခံငါးထောင်ကျော်ဟာ အခြားကျေးရွာတွေ၊ ဘုရားကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ မှာ ထွက်ပြေးခိုလှုံနေကြရတာလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော် လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့က တောထဲတွေမှာလည်း အိပ်ခဲ့ရတော့ ဖျားနာနေတဲ့သူတွေလည်းရှိတယ်ဗျ။ တစ်ကိုယ်ရေ တစ်ကာရ ပြေးခဲ့ရတော့ စောင်တွေ၊ အဝတ်အစားတွေလည်း မပါကြဘူးဗျ။ အဲဒါဆိုတော့ ကျွန်တော်တို့က ပြည်တွင်းပြည်ပရဲ့ အချိတ်အဆက်နဲ့ရော ရွာထဲဒေသခံတွေရဲ့ အချိတ်အဆက်နဲ့ရော လှူဒါန်းထားတယ် ဗျ။ အကျွေးအမွေးကအစ ရွာထဲကဒေသခံတွေနဲ့ ချိတ်ဆက်ပြီး လှူဒါန်းထားတယ်ဗျ။ စစ်ကောင်စီက ရွာထဲတွေကို ဝင်ရောက်တဲ့အချိန်မှာ ပြည်သူတွေကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ကြတာ။ ရွာ တွေမှာဝင်ပြီး မီးရှို့တာတွေ၊ အိမ်တွေကို ဝင်ရောက်ပြီးတော့ ပစ္စည်းတွေဝင်ယူတာတွေ လုပ်တဲ့အခါတွေ ကျတော့ ရွာမှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်ကြတာဗျ”
စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒေသခံတွေထဲက စီးစံရွာက ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးဟာဆိုရင် ပြေးလွှားရင်းနဲ့ပဲ လမ်းမှာ ကလေးမွေးဖွားခဲ့ရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ စီးစံရွာခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော့် အိမ်နီးနားချင်းဆိုရင် အမျိုးအိမ်မှာ သွားပြီးပြေးရတာလေ။ အဲဒါပြေးရင်းနဲ့ ကလေးမွေး ရတယ်။ ခွဲမွေးရတာ။ ကျွန်တော်တို့က အင်္ဂါနေ့မနက်မှာ ပြေးရတယ်လေ။ သူက ကြာသပတေးမှာ ကလေးမွေးတယ်။ သူများအိမ်မှာ ပြေးလွှားရင်းပေါ့။ အခု ကျွန်တော်တို့ စိုးရိမ်တာကတော့ ကျွန်တော်တို့ အခြေအနေက ဘယ်လောက်ထိကြာမယ်ဆိုတာ မပြောနိုင်သေးဘူး။ ကျွန်တော်တို့မှာလည်း စပါးတွေ ကလည်း တအားမှည့်နေပြီ။ တချို့ဆို နည်းနည်းလွန်ခါနီးနေပြီ။ စပါးရိတ်သိမ်းဖို့လည်း လူအရမ်းလို နေတယ်။ နောက်ပြီး ရိတ်ချွေစက်ကလည်း တိုက်ပွဲမဖြစ်ခင် ရွာထဲမှာ လေးစီး၊ ငါးစီးလောက်ဝင်လာတယ်။ ဒါပေမဲ့ အခု စက်ပိုင်ရှင်တွေက ရွာထဲမှာ မထားရဲတော့ဘူး။ စက်တွေလည်း အားလုံးက ပြန်သိမ်းသွား ကြပြီ။ အဲဒီတော့ စပါးလည်း ရိတ်သိမ်းခါနီးဆိုတော့ စိုးရိမ်တာတွေ အများကြီးပဲ”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေထဲမှာ တပ်စခန်းချတာ၊ ကျေးရွာသားတွေ ထွက်ပြေးနေကြချိန် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေရှိသလို ဒေသခံကျေးရွာသားတွေရဲ့ ကြက်၊ ဝက် အိမ်မွေးတိရစ္ဆာန်တွေ ကိုပါ သတ်စားတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ကဆိုရင် ဥယျာဉ်ကျေးရွာက နေအိမ် လေးလုံး၊ နိုဝင်ဘာ ၁၈ ရက် နေ့က ချင်းဆိုင်ကျေးရွာမှာ နေအိမ် ရှစ်လုံးနဲ့ ကြက်ခြံ ခြောက်ခြံ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်မီးရှို့ခံခဲ့ရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ လယ်တောထဲမှာဖြစ်သလို တိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ ပြောပါတယ်။
“အိမ်ခြေယာမဲ့ဆိုရင်တော့ ရှစ်အိမ်ကတော့ အိမ်ခြေယာမဲ့ဖြစ်သွားတာပေါ့။ အခုသူတို့ လောလောဆယ် ကတော့ သူတို့တွေပေါင်နှံထားတဲ့ လယ်တောတွေထဲမှာ တဲလေးတွေဆောက်ပြီးနေရတယ်ဗျ။ ဝါးတဲ လေးတွေပေါ့ဗျာ အဲလိုဆောက်ပြီးနေနေရတယ်။ မနေ့က တစ်ရက်လုံးကတော့ ရွာကလူတွေက တောထဲတွေ၊ လယ်တောထဲတွေကို သွားပြီးရှောင်ပြီးနေကြတယ်။ သက်ကြီးပိုင်းတွေကျတော့ ဘုန်းကြီးကျောင်းတွေမှာ သွားပြီးနေကြတယ်”
စစ်ကိုင်း ကလေးမြို့တောင်ပိုင်း ကျောက်ပြုတ်ကျေးရွာနားမှာ နိုဝင်ဘာ ၂၁ ရက် မနေ့က စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
"စစ်ကောင်စီက ရွာတွေဝင်ပြီး မီးရှို့တာ၊ အိမ်တွေကိုဝင်ပြီး ပစ္စည်းယူတာတွေ လုပ်တဲ့အခါကျတော့ ရွာမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်ကြတာဗျ”
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦး သေဆုံးပြီး ကလေးမြို့ဒေသကာကွယ်ရေး PDF အဖွဲ့ဘက်ကတော့ နှစ်ဦး သေဆုံးခဲ့တယ်လို့ ကလေး PDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“တောင်ပိုင်းမှာဖြစ်နေတယ်။ စစ်ကြောင်းတွေ ခွဲထားတယ်လို့ကြားတယ်။ တောင်ပိုင်းမှာဆိုလည်း မနေ့က ညနေပိုင်းမှာ တောက်လျှောက်ပစ်နေတယ် လက်နက်ကြီးတွေနဲ့ လေးငါးချက်လောက်ပစ်တယ်။ လှမ်းပစ် တယ်။ information တွေ ပေါက်သွားမှာဆိုလို့ စစ်ကြောင်းတွေ ခွဲထားတယ်လို့ပဲ ပြောနိုင်တယ်”
တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မနေ့က တိုက်ပွဲဖြစ်စဉ်အပါအဝင် စစ်တပ်က ကျေးရွာတွေထဲမှာ တပ်စခန်းချတာ၊ အရပ်သားတွေပိုင်ဆိုင်တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာ၊ အိမ်တွေကို မီးရှို့တာ စတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက် တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ ဒီနေ့ညနေ ၃ နာရီခွဲအချိန်အထိ အကြောင်းမပြန်သေးပါဘူး။
ကလေးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားတဲ့တိုက်ပွဲပေါင်းဟာ ဒီနေ့အထိ ၃၀ ခန့်ရှိတယ်လို့ စစ်ရေးအခြေအနေကို စောင့်ကြည့်နေတဲ့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးသူပေါင်း ၆၀ ကျော်နဲ့ ဖမ်းဆီးခံရသူပေါင်း ၃၀၀ ကျော်ရှိနေပြီလို့လည်း ဆိုကြပါတယ်။