ပလက်ဝမှာ စစ်ဘေးဒုက္ခသည် တစ်ထောင်ခန့် အခက်အခဲဖြစ်နေ
2023.01.13

ချင်းပြည်နယ်တောင်ပိုင်းကရွာတွေမှာ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်ကို ထွက်ပြေးလာခဲ့ရတဲ့ ဒုက္ခသည်တစ်ထောင်လောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်မှာ စစ်ကောင်စီတပ်က ဘာအကူအညီမှမပေးဘဲ အတင်းအဓမ္မ နေရပ်ပြန်ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူတို့ဟာ ပလက်ဝမြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် မြို့ပေါ်ကို ထွက်ပြေးလာ ခဲ့ရတဲ့သူတွေ ဖြစ်ပါတယ်။
အဘောင်သား၊ ရီးမဝ၊ ရှုမဝ၊ သုမဝနဲ့ တင်းရှင်းရွာတွေက စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီ တပ်သားတွေက ရေကြောင်းကနေ ပြန်ပို့ခဲ့တာလို့ ပလက်ဝမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိသူ တစ်ယောက်က RFA ကို ပြောပါတယ်။
"စစ်ဘေးရှောင်တွေကို မြန်မာစစ်တပ်က အတင်းအဓမ္မခိုင်းတာမျိုးရှိတယ်။ လူ့အခွင့်အရေးပိုင်းမှာတော့ သူတို့ လူ့အခွင့်အရေးက ဆိုးရွားတဲ့အခြေအနေရောက်နေတယ်လို့ သုံးသပ်ချင်ပါတယ်”
“အခုက အဘောင်သားရွာသားတွေက ပြန်သွားပြီ။ ရှုမဝ၊ ရီးမဝ၊ သုမဝ၊ တင်းရှင်းလည်း ပြန်သွားပြီ။ အခု ကျန်တာက ဒီမှာ ကိုးရွာပဲ ကျန်တော့တယ်။ မြို့ပေါ်မှာ ကျန်နေသေး တဲ့ စစ်ရှောင်စခန်းတွေကတော့ အ.ထ.ကရယ်၊ RC ရယ်၊ ဘောလုံးကွင်း၊ ဝိတုသလိုရယ်၊ စိုက်ပျိုးရေး စတဲ့ စစ်ရှောင်စခန်းတွေက ဖြစ်ပါတယ် ”
သူတို့ကို ကူညီထောက်ပံ့မှုမပေးဘဲ နေရပ်ပြန်ပို့လိုက်တာကြောင့် စားဝတ်နေရေးခက်ခဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“သူတို့ မြို့ပေါ်ကနေ ပြန်လာခဲ့တယ်လို့ ကြားတယ်။ ဒီဇင်ဘာလ လဆန်းပိုင်းမှာ မီတင် ခေါ်တယ်။ အဲမီတင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်ခိုင်းကြတယ်လို့ ကြားပါတယ်။ ပြန်ခိုင်းတယ် ထောက်ပံ့ကြေးတော့ မပေးဘူး။ မရဘူးလို့ ကြားတယ်။ အခုပြန်ခိုင်းတာကတော့ အဘောင်သားတို့ပါတယ်။ နောက်ပြီး အောက်ပိုင်းက ဆမီးဘက်မှာ ပြောင်းလာတဲ့ ဟာတွေလည်း ပါတယ်လို့ ကြားတယ် ”
တောင်ယာစိုက်ချိန် နောက်ကျနေတာကြောင့် စားဝတ်နေရေး အကူအညီတွေအပြင် ရွာတွေမှာ ကျန်ခဲ့တဲ့အိမ်တွေပါ ပျက်စီးနေတာကြောင့် ပြန်ပြီးပြုပြင်ဖို့ လိုနေတယ်လို့ ဆိုပါတယ်။
ပလက်ဝစစ်ဘေးဒုက္ခသည်တစ်ဦးကတော့ နယ်မြေလုံခြုံမှုရှိပြီး တာဝန်ယူမှုရှိမှ နေရပ်ပြန် နိုင်မယ်လို့ RFA ကို ပြောပါတယ်။
“ကျနော်တို့ ပလက်ဝမှာ ၁၂ လပိုင်းမကုန်ခင်က အစည်းအဝေးခေါ်တယ်။ စစ်ရှောင်တွေ နေရပ်ပြန်ရမှာဆိုတော့ ၃ လပိုင်းနဲ့ ၁၀ လပိုင်းလောက်ဆိုပြီး ပြောတယ်။ နယ်မြေ လုံခြုံမှု တာဝန်ယူမှု တာဝန်ခံမှုရှိရင် ကျနော်တို့လည်း ပြန်မယ်လို့ပြောတယ်။ အခု ကျနော်တို့ ပြန်ရမယ်ဆိုရင် ကျနော်တို့က အိုးမဲ့အိမ်မဲ့ဆိုတော့ အိမ်တွေလည်း လိုတယ်။ စားရေးသောက်ရေးလည်း လိုတာပေါ့။ ရောင်းမယ့်ချမယ့်ဟာတွေလည်း ကုန်ပြီ။ မွေးထားတဲ့ ကြက်၊ ဝက်တွေလည်း မရှိတော့ဘူးဆိုတော့လေ”
ရွာတွေမှာ တိုက်ပွဲလက်ကျန် မိုင်းတွေရှိနေပြီး လက်ရှိအချိန်ထိ မိုင်းမရှင်းလင်းရသေး တာကြောင့် စိုးရိမ်ပူပန်နေရတယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
ပလက်ဝမြို့ပေါ်နဲ့ ဆမီးမြို့မှာ ခိုလှုံနေတဲ့သူတွေကိုလည်း စစ်ကောင်စီတပ်ဘက်က နေရပ်ပြန်ခိုင်းဖို့ စီစဉ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။
ဆမီးမြို့ပေါ်ရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တစ်ယောက်ကလည်း နယ်မြေလုံခြုံပြီး နေဖို့ရော စားဖို့ရော ကူညီထောက်ပံ့မှ နေရပ်ပြန်အခြေချဖို့အဆင်ပြေနိုင်မယ်လို့ RFA ကိုပြောပါတယ်။
“အခုလက်ရှိအခက်အခဲကတော့ လျှပ်စစ်မီးအခက်အခဲဖြစ်တယ်။ ကျောင်းသား ကျောင်းသူတွေ စာဖတ်လို့ မရတော့ဘူး မီးတွေကမရဘူး။ စားနပ်ရိက္ခာတွေကတော့ ပုံမှန်တော့ရပါတယ်။ အခုနေရပ်ပြန်ရမလား ဒီမှာ ဆက်နေရမလား အတိကျ မသိသေး တဲ့အခါကျတော့ ခက်တယ်။ ပြန်မယ်ဆိုရင် နေရမယ့်အိမ်ကိုပြန်ဆောက်ဖို့ လိုအပ်နေ တယ်။ နေရေးထိုင်ရေးအတွက် အခက်အခဲ ဖြစ်နေတယ်”
ပလက်ဝမြို့နယ်က ဒေသခံတွေဟာ တိုက်ပွဲရှိတဲ့အချိန်မှာ ထွက်ပြေးရလိုက်၊ တိုက်ပွဲ ငြိမ်တဲ့အချိန် အိမ်ပြန်ရလိုက်နဲ့ မကြာခဏဖြစ်နေတာကြောင့် ခက်ခက်ခဲခဲ ရုန်းကန် နေရတယ်လို့ ဆိုပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အဖွဲ့ဝင် ဆလိုင်းတေဇကတော့ စစ်ဘေးဒုက္ခသည်တွေ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံနေရတယ်လို့ RFA ကို ပြောပါတယ်။
“AA အဓိက ခြေကုပ်ယူတဲ့ဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးဆိုးရွားရွားရှိတယ်။ ပြီးတော့ စစ်တပ်စခန်းနဲ့ နီးတဲ့ဒေသဆိုရင် သူတို့လတ်လပ်စွာသွားလာခွင့်တွေ စားနပ် ရိက္ခာစုဆောင်းမှုတွေ အကန့်အသတ်နဲ့သာ ပေးတယ်ဆိုတော့ သူတို့ အရမ်းဆိုးရွား တာပေါ့နော်။ တချို့ ကျနော်တို့ နောက်ဆုံးကြားသမျှကတော့ စစ်ဘေးရှောင်တွေကို မြန်မာစစ်တပ်က အတင်းအဓမ္မခိုင်းတာမျိုး ရှိတယ်။ လူ့အခွင့်အရေးပိုင်းမှာတော့ သူတို့ လူ့အခွင့်အရေးက ဆိုးရွားတဲ့အခြေအနေရောက်နေတယ်လို့ သုံးသပ်ချင်ပါတယ်”
လက်ရှိအချိန်အထိ ပလက်ဝမြို့မှာ စစ်ဘေးဒုက္ခသည် ၈၅၀၀ ကျော် ရှိနေသေးတယ်လို့ လည်း CHRO က ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ခိုင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော်ရှိပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် ၄၈,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးမှာတော့ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်အထိ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သူ တစ်သန်းခွဲ အထိရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။