မကွေးတိုင်းမှာ နှစ်ပတ်အတွင်း လက်လုပ်ရေနံတွင်း ၁၅၀ ကျော် မီးရှို့ဖျက်ဆီးခံရ

2022.07.15
မကွေးတိုင်းမှာ နှစ်ပတ်အတွင်း လက်လုပ်ရေနံတွင်း ၁၅၀ ကျော် မီးရှို့ဖျက်ဆီးခံရ မကွေးတိုင်း၊ မြိုင်နယ်အနောက်ပိုင်း ကျောက်ခွက်ရွာအနီးမှ ရေနံတွင်းများ မီးလောင်နေသည်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: We Love Myaing

စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ၁၃ ရက်နေ့မှာ မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာက ရေနံတွင်း ၁၀၂ တွင်း၊ ဇူလိုင် ၈ ရက်က ရေနံတွင်း ၃၇ တွင်း စုစုပေါင်းရေနံတွင်း ၁၃၉ တွင်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပေါက်မြို့နယ် သရက်ကန်ကျေးရွာက ရေနံတွင်း ၁၅ တွင်းကို ဇူလိုင် ၃ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်ကတည်းက စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် နယ်စပ်က တစ်နိုင်တစ်ပိုင် ရေနံတွင်းတွေရှိတဲ့ ကျေးရွာတွေ ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှိမ်နင်းရေး အကြောင်းပြပြီး ဝင်ရောက်စီးနင်းခဲ့ ပါတယ်။

စစ်ကောင်စီတပ်တွေက ရေနံလုပ်ကွက်တွေထဲ ဝင်ရောက်စီးနင်းရင်း စိတ်မထင်ရင် မထင်သလို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ပေါက်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

"အခု ရေနံတွင်းတွေ မီးရှို့တယ်၊ သူတို့ရှို့ချင်လို့ ရှို့တာပဲလေ။ ပိုက်ဆံပေးလည်း ရှို့တာပဲ။ ဒီကောင်တွေ ပိုက်ဆံတောင်းနေတာပဲလေ။ တစ်တွင်းဘယ်လောက်၊ ဘယ်လောက် ဆိုပြီးတော့။ ပြန်သွားတယ် နောက်တစ်တပ် လာတယ်၊ နောက်တစ်တပ်က ထပ်တောင်း တယ်။ နောက်တစ်တပ်က အထက်အရာရှိက တောင်းသွားတယ်၊ အောက်လက်ငယ်သား က မီးရှို့ချင် ရှို့သွားတာပဲ"

အခုလို မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် ရေနံတွင်းတွေပေါ် အမှီသဟဲပြုပြီး အသက် မွေးဝမ်းကျောင်း ပြုတဲ့ ဒေသခံတွေ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ပေါက်မြို့နယ်က နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

"ရေနံတွင်းတွေရော၊ ရေနံကန်တွေရောလေ။ အဲဒီနားမှာ လက်ယက်တွင်းလေးတွေက ကျင်းပေါင်း ရာနဲ့ချီ ရှိတာဗျ။ အဲဒါတွေကို အကုန်လုံးရှို့တာ။ နယ်ခံတွေရောပါသလို ဘေးကနေ လာပြီးလုပ်တဲ့ လုပ်ငန်းရှင်တွေရော ပါတယ်ပေါ့နော်။ ဒီကျင်းတွေ မီးရှို့လိုက် တဲ့ နောက်ပိုင်းမှာတော့ သူတို့ လက်လုပ်လက်စားသမားတွေက အလုပ်လက်မဲ့ ဖြစ်သွား တာပေါ့ဗျာ။ ဒုက္ခရောက်တာပေါ့။ နယ်ခံတွေရော ဒုက္ခရောက်တာပေါ့ စားဝတ်နေရေးပါ ကျပ်တည်းသွားတာပေါ့"

စစ်ကောင်စီတပ်တွေက ပေါက်မြို့နယ် ဆုံကုန်းရွာနဲ့ နယ်သတ်ရွာတွေအနီးက ပတ္တမြား တောင်ပေါ်မှာ တပ်စွဲပြီး အနီးတစ်ဝိုက်ကျေးရွာတွေကို ဝင်ရောက်စီးနင်းမှုတွေနဲ့ ရေနံတွင်း တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

"ဒီကျင်းတွေ မီးရှို့လိုက်တဲ့နောက်ပိုင်းမှာတော့ သူတို့ လက်လုပ်လက်စားသမားတွေက အလုပ်လက်မဲ့ ဖြစ်သွားတာပေါ့ဗျာ။ ဒုက္ခရောက်တာပေါ့"

ဇူလိုင် ၁၃ ရက်နေ့ကလည်း မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာက ရေနံတွင်း ၁၀၂ တွင်းကို မီးရှို့ခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင် ဇူလိုင် ၈ ရက်ကလည်း ကျောက်ခွက်ကျေးရွာ က ရေနံတွင်း ၃၇ တွင်းကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေနံတွင်းတွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေ နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုသေးပါဘူး။

စစ်ကောင်စီအာဘော် ရေးသားထုတ်ဝေတဲ့ သတင်းမီဒီယာတွေကတော့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေကို ငွေကြေးထောက်ပံ့လို့ ရေနံတွင်းတွေ အခုလို မီးရှို့ဖျက်ဆီးခံရတာလို့ ရေးသားဖော်ပြကြပါတယ်။

oil-well-myaing.jpg
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းက မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း မြိုင်မြို့နယ်အတွင်းမှ တစ်နိုင်တစ်ပိုင် ရေနံတွင်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - နွေဦးတော်လှန်ရေး-မြိုင်)

မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး - Myaing Villages Revolution Front (MVRF) ရဲ့ ခေါင်းဆောင် ဦးအောင်ဇေယျကလည်း ရေနံကျင်းတွေကို စစ်ကောင်စီတပ်တွေ မီးရှို့နေတာဟာ အဲဒီဒေသတွေကို ထိန်းချုပ်ထားတဲ့ PDF တွေကို ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့ ကြိုးစားတာလို့ သုံးသပ်ပါတယ်။

"ကျနော်တို့ ပြည်သူတွေ အများစုက ဒီတော်လှန်ရေးမှာ တစ်နည်းနည်းနဲ့ ပါဝင်ပြီးတော့ အားပေးထောက်ခံနေကြတာ ဖြစ်တဲ့အတွက်ကြောင့် ဒီရေနံတွင်းတွေကို မီးရှို့တယ် ဆိုတာ ကျနော်တို့ပြည်သူတွေကို မထောက်ပံ့နိုင်အောင်၊ အားမပေးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒါမီးရှို့တယ်လို့ ကျနော်တို့က မြင်တာပေါ့နော်၊ အဲလိုပဲ ကျနော်တို့ က မြင်ပါတယ်။ ဒီ ကြက်ဆူအိုင်ဆိုတဲ့ ရွာလည်း တော်တော်လေး ခံရတယ်။ ကျောက်ခွက်ရေနံမှော်တွေလည်း အရင်တစ်ခါက ရှို့တယ်။ အခုလည်း ထပ်ရှို့တယ်ပေါ့ နော်"

အခုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာ ရေနံတွင်း ၅၀၀ နဲ့ အထက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တွေအတွင်း ရေနံတွင်းရှိတဲ့ ကျေးရွာ တွေအနီး ဒေသခံကာကွယ်ရေးတပ်တွေကို ထိုးစစ်ဆင်နှိမ်နင်းရေးတွေ လုပ်နေတာကြောင့် မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။