စစ်ကောင်စီကို လုံခြုံရေးကောင်စီနဲ့ ICC ကနေ အရေးယူဖို့ အတိုက်အခံတွေ တောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာရဲ့ တောင်းဆိုချက် တွေကို စစ်ကောင်စီဘက်က လက်တွေ့မလိုက်လျောရင် လုံခြုံရေးကောင်စီကနေ ဖိအား ပေး အရေးယူတာတွေဆက်လုပ်ဖို့ နိုင်ငံရေးအကဲခတ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံကို ဩဂုတ်လ ၁၇ ရက်ကနေ ၁၈ ရက်နေ့အထိ နှစ်ရက်ကြာ လာရောက်ခဲ့တဲ့ မစ္စ နိုလင်းဟေဇာ ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံပြီး ပြည်သူလုထု ကျေးရွာတွေကို ဗုံးမကြဲဖို့၊ မီးမရှို့ဖို့၊ သေဒဏ်ထပ်မစီရင်ဖို့၊ ကလေးသူငယ် တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာပြန်ထားဖို့ စတဲ့ အရေးကြီးအချက်တွေကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
မစ္စ နိုလင်းဟေဇာ အနေနဲ့ စစ်ကောင်စီကို တိုက်တွန်းနေရုံနဲ့ မပြီးဘဲ မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတာ မျိုးကို ထည့်သွင်းပြောဆိုသင့်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ထပ်ပြီး မကွပ်မျက်ဖို့၊ ရွာတွေ၊ လူနေအိမ်တွေကို မီးရှို့တာ မလုပ်ဖို့၊ ဗုံးကြဲတာတွေ မလုပ်ဖို့ စသဖြင့် တောင်းဆိုတာပေါ့၊ ဒါထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ တောင်းဆို တာတွေ မလုပ်ဘူးဆိုရင်တော့ ဘယ်လို အရေးယူခံရနိုင်တယ်၊ ဘယ်လိုအရေးယူဖို့ အတွက် ပြင်ဆင်ထားတယ်ဆိုတာမျိုး ထည့်သွင်းပြောကြားဖို့ သင့်တာပေါ့။ အဲ့ဒါမှ သူတို့ကြားမှာ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံမှု၊ ဆွေးနွေးမှုဖြစ်မယ်"
နိုလင်းဟေဇာရဲ့ ခရီးစဉ်အပြီးမှာလည်း စစ်ကောင်စီဘက်က လူနေအိမ်တွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက် ခိုက်တာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ဆက်လုပ်နေတယ်လို့ ဦးကျော်ဇော်က ထောက်ပြပါ တယ်။
ဒီအချက်တွေကြောင့် စစ်ကောင်စီကို ထိရောက်တဲ့ လက်တွေ့ အပြစ်ပေးအရေးယူမှုတွေ ချက်ချင်းလုပ်ဖို့ အချိန်ရောက်နေပြီလို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်း ၈၆၄ ဖွဲ့ကလည်း လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မစ္စ နိုလင်းဟေဇာရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ပြန်ရုပ်သိမ်းပြီး၊ လုံခြုံရေးကောင်စီကနေ မြန်မာ့ အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို လွှဲပေးတာ၊ အထူးခုံရုံးဖွဲ့ စစ်ဆေးတာမျိုးတွေ လုပ်ပေးဖို့ ဩဂုတ် လ ၂၂ ရက် မနေ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။
နိုင်ငံရေးသုံးသပ်သူတစ်ဦးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ကတော့ ကုလအထူးသံရဲ့ နောက်တစ်ကြိမ် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတာ မျိုးကို စစ်ကောင်စီဘက်က လုပ်ကောင်းလုပ်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
“သူ ပြောသင့်ပြောထိုက်တာတွေတော့ ပြောသွားတယ်။ တချို့ဟာတွေကိုတော့ လိုက်လျောမယ် ထင်တယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ဖို့ ကိစ္စမျိုးဆိုရင် လုံးဝတွေ့ခွင့်မရ ပိတ်ထားတာမျိုး မဟုတ်ဘူး။ ကျနော် ခန့်မှန်းတာက တော့ နောက်တစ်ခေါက် ကုလအထူးကိုယ်စားလှယ်လာရင် ပေးတွေ့လိမ့်မယ်လို့ ထင်တယ်”
ဒါပေမဲ့ Burma Campaign UK အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒီမိုကရေစီအင်အားစု တွေကတော့ ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ ဘာအကျိုးမှ မရှိသလို၊ နိုင်ငံတကာရာဇဝတ်မှု ချိုးဖောက်နေတဲ့ စစ်ကောင်စီကို တရားဝင်မှုပေးသလို ဖြစ်ခဲ့တယ်လို့ ဝေဖန်ပါတယ်။
“ကုလဘက်ကတော့ တိုးတက်မှုတစ်ခုခု သူ မျှော်လင့်ကောင်း မျှော်လင့်ပါလိမ့်မယ်"
နိုလင်းဟေဇာ ဘက်ကတော့ သူ့ရဲ့ ဆွေးနွေးမှုတွေဟာ စစ်ကောင်စီကို တရားဝင်မှုပေးတာ မဟုတ်ကြောင်း ခရီးစဉ်အပြီး ထုတ်ပြန်ချက်မှာ ရှင်းလင်းထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ နေအိမ်မီးရှို့တာတွေ မလုပ်ဖို့ စတဲ့ သူ့ရဲ့ တောင်းဆိုချက်တွေကို ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က တုံ့ပြန်ပြောဆိုချက်တွေ မပါတဲ့အတွက် အထူး ကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ဟာ တစ်ဖက်သတ်ဆန်တယ်ဆိုပြီး ဩဂုတ်လ ၁၉ ရက်နေ့ မှာ စစ်ကောင်စီဘက်က ကြေညာချက်ထုတ်ပြီး တုံ့ပြန်ဝေဖန်ခဲ့ ပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအင်စတီကျု အမှုဆောင်ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦး ကတော့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်တွေ က စစ်ကောင်စီဘက်က လက်ခံနိုင်စရာမရှိတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ထောက်ပြ ဝေဖန်ပါတယ်။
“ကုလဘက်ကတော့ တိုးတက်မှုတစ်ခုခု သူ မျှော်လင့်ကောင်း မျှော်လင့်ပါလိမ့်မယ်။ ဆွေးနွေးမှုတစ်ခုတော့ ပြီးသွားတယ်။ သို့သော်လည်း UN ဘက်က သိပ်အပြုသဘော ဆောင်တဲ့ပုံ မရှိသလို UN ဘက်က ပြောနေတဲ့ပုံစံကလည်း နစကဘက်က သိပ်လက်ခံ နိုင်စရာမရှိတဲ့ ပုံစံမျိုးရှိတယ်လို့တော့ သုံးသပ်ရတယ်။ သူတို့ ဆက်ပြီးဆွေးနွေးမှု လာဦးမလားဆိုတာ ဆက်စောင့်ကြည့်ရဦးမယ့် အနေအထားပါ”
စစ်ကောင်စီဘက်က ဆက်ခေါင်းမာနေဦးမယ်ဆိုရင် ကုလသမဂ္ဂအနေနဲ့ ပိုပြီးထိရောက်တဲ့ ဖိအားပေး အရေးယူမှု တွေ လုပ်သင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ပြောပါတယ်။
“လုံခြုံရေးကောင်စီကနေပြီးတော့ ဒီထက်ပိုပြီးတော့ အရေးယူတဲ့ဟာမျိုး၊ အထူး သဖြင့်တော့ ငြိမ်းချမ်းရေးနဲ့ လူသားအကျိုးအတွက် အခြေပြုတဲ့လုပ်ရပ်တွေ လုပ်ဆောင်ဖို့အတွက် ပျက်ကွက်နေတာကို အပြစ်ပေးအရေးယူတာတွေ ပိုလုပ်သင့် တယ်။ ပြီးသွားရင် မြန်မာပြည်သူတွေ တောင်းဆိုနေတဲ့ R2P လိုမျိုးဟာတွေကို အစီအစဉ်ဖော်ဖို့ လိုတာပေါ့”
မစ္စ နိုလင်းဟေဇာ ဟာ အမေရိကန်နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေ တိုက်တွန်းနေ သလိုမျိုး NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံပြီး စစ်ကောင်စီကို ဖိအားပေးတာမျိုး၊ မလိုက် နာရင် ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ လုံခြုံရေးကောင်စီကနေ လက်တွေ့အရေးယူနိုင်အောင် တင်ပြတာမျိုးတွေ လုပ်ဆောင်သင့်တယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဖြည့်စွက် ပြောဆိုသွားပါတယ်။