တပ်ချုပ်ရဲ့ NCA မိန့်ခွန်း ဝေဖန်ခံနေရ
2019.10.29

မနေ့က နေပြည်တော်မှာကျင်းပတဲ့ တစ်နိုင်ငံလုံး အပတ်အခပ်ရပ်စဲရေးစာချုပ် NCA လေးနှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနား အဖွင့်မိန့်ခွန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၁၉၄၇ ခုနှစ် ပင်လုံ ညီလာခံဟာ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုတည်ဆောက်မယ့် နိုင်ငံရေးကို ဦးတည်ဆွေးနွေး တာဖြစ်ပြီး ၂၁ ရာစုပင်လုံညီလာခံကတော့ လက်နက်ကိုင်ပဋိက္ခတွေ ဦးဆုံး ဘယ်လိုရပ်တန့်မလဲဆိုတဲ့ ငြိမ်းချမ်းရေး ကို ဦးတည်ဆွေးနွေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
၄၇ ပင်လုံရော၊ ၂၁ ပင်လုံရော ပြည်ထောင်စုတစ်ရပ်ကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ ဖြေရှင်းတဲ့ ပြဿနာဟာ အဓိက ပြဿနာဖြစ်ကြောင်းနဲ့ ၂၁ ပင်လုံနဲ့ မတူတဲ့အချက်ဟာ တိုင်းရင်းသား လက်နက်ကိုင်ပြဿနာကို ဖြေရှင်းရေး က တွဲပါတဲ့ ပြဿနာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
"၂၁ ပင်လုံရော၊ ၄၇ ပင်လုံရော ပြည်ထောင်စုတစ်ရပ်ကို ဘယ်လို တည်ဆောက်မလဲဆိုတဲ့ ပြဿနာကို ဖြေရှင်းတဲ့ နိုင်ငံရေးပြဿနာ က အဓိက ပြဿနာဖြစ်ပါတယ်။ အဲဒီတော့ ၄၇ နဲ့ အခုလက်ရှိ ၂၁ ပင်လုံ မတူတဲ့အချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာ ကို ဖြေရှင်းရေးက တွဲပါတဲ့ပြဿနာဖြစ်တယ်လို့ အဲလိုပဲ ကျွန်တော် က မြင်ပါတယ်"
တိုင်းရင်းသားလူမျိုးစုတွေနဲ့ ယုံကြည်မှု၊ နားလည်မှု တည်ဆောက်ပြီး နိုင်ငံရေးသဘောတူညီချက်တွေရယူဖို့ ရည်ရွယ်တယ်ဆိုရင် အစိုး ရရော၊ တပ်မတော်ရော ၁၉၄၇ ပင်လုံစာချုပ်ပေါ်မှာ အခြေခံပြီး စဉ်းစားဖို့ လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
ဒါ့အပြင် အစိုးရကပဲဖြစ်ဖြစ်၊ တပ်မတော်ကပဲဖြစ်ဖြစ် ၁၉၄၇ မှာပါတဲ့ အချက်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ မျက်ကွယ်ပြုဖို့ ဦးတည်လာတယ် ဒါမှမဟုတ် ပင်လုံစာချုပ်ရဲ့ အခန်းကဏ္ဍတွေ လျှော့ချဖို့ စဉ်းစားလာတယ်အနေအထားမျိုး ရှုမြင်လာရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူ မပြုနိုင်ဘူးလို့ ဒေါက်တာရန်မျိုးသိမ်း က ပြောပါတယ်။
"အစိုးရကပဲဖြစ်ဖြစ်၊ တပ်မတော်ကပဲဖြစ်ဖြစ် ဒီပင်လုံစာချုပ်မှာပါတဲ့အချက်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ မျက်ကွယ်ပြုဖို့ ဦးတည်လာတယ် ဒါမှမဟုတ်ရင် ပင်လုံစာချုပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ စဉ်းစားလာတဲ့ အနေထားမျိုး ရှုမြင်လာတယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အထောက်အကူမပြုနိုင်ဘူးလို့ ကျွန်တော်က မြင်ပါတယ်"
တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်နဲ့ NCA စာချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်ကနေ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး ကနေ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ လမ်းခင်းပေးထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ထဲမှာ ထာဝရငြိမ်းချမ်းရေး ရယူဖို့အတွက် အမှန်တကယ်ဆန္ဒရှိဖို့၊ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ်မထုတ်ဖို့၊ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့၊ ဒို့ တာဝန်အရေးသုံးပါးနဲ့ ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက် လှမ်းနေမှုမှာ လိုက်ပါလုပ်ဆောင်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
KIO ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်က နိုင်ငံရေးဆွေးနွေးဖို့ဆိုတဲ့ အပေါ် ကြိုတင်ကန့်သတ်တဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုလို့မြင်ကြောင်း နဲ့ တပ်မတော်အနေနဲ့ သဘောထားကြီးစွာ အဲဒီ မူ ၆ ရပ်ကို ပြင်ဆင်ရင် စဉ်းစားရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်တဲ့နေရာမှာ ပို ပြီးတော့ အကျိုးရှိမှာဖြစ်ကြောင်း ပြောပါတယ်။
"တပ်မတော်ရဲ့ မူ ၆ ချက်က နိုင်ငံရေးဆွေးနွေးဖို့ဆိုတဲ့အပေါ်မှာ ကြိုတင်ပြီးမှာ ကန့်သတ်တဲ့ စည်းမျဉ်းစည်းကမ်းလို့ မြင်ပါတယ်။ ဒါကြောင့် လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ အခက်အခဲတွေ အနှောင့်အယှက်တွေ၊ အဟန့်အတားတွေဖြစ်စေ တဲ့ တပ်မတော်ရဲ့ မူ ၆ ချက်ဖြစ်တယ်။ တပ်မတော်ကလည်း သဘောထားကြီးစွာနဲ့ တပ်မတော်ရဲ့မူ ၆ ချက်ကတော့ ပြင်ဆင်ရင်၊ စဉ်းစားရင် ကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ ပိုပြီးမှအကျိုးရှိမယ်လို့ ကျွန်တော်အဲလို ရှုမြင်သုံးသပ်ပါတယ်။"
၄ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ၊ NCA စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုးဖွဲ့ရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
တပ်မတော်ရဲ့မူ ၆ ချက်က နိုင်ငံရေးဆွေးနွေးဖို့ဆိုတဲ့အပေါ်မှာ ကြိုတင်ကန့်သတ်တဲ့ စည်းမျဉ်း စည်းကမ်းလို့ မြင်ပါတယ်
NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကတော့ သူ့ခရီးစဉ်ကို တပ်မတော်က ဟန့်တားတဲ့အတွက် မတက်ရောက်နိုင်ဘူး ဆိုတာကြောင့် နေပြည်တော်ကို ရောက်မလာတဲ့အတွက် နောက်ဆက်တွဲကျင်းပဖို့ရှိတဲ့ JICM အစည်းအဝေးလည်း မဖြစ်ခဲ့ပါဘူး။
RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကတော့ JICM အစည်းအဝေးဟာ အင်မတန်အရေးကြီးတယ်လို့ မြင်ကြောင်း၊ သူတို့ကို နေပြည်တော် ရောက်မလာအောင် ဟန့်တားတယ်ဆိုတာ ဒီအစည်းအဝေး မဖြစ်စေလို တာကြောင့် မြင်ကြောင်း၊ တပ်မတော်အနေနဲ့ NCA ကို ချိုးဖောက်ရာရောက်ကြောင်းနဲ့ NCA သဘောတူညီချက် စာချုပ်ကို ဖျက်သိမ်းလိုတယ်ဆိုတဲ့ လက္ခာတစ်ခုပြနေတယ်လို့ မြင်ရကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံမှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
RCSS ကို RFA က ဒီကနေ့ ညနေပိုင်းအချိန်အထိ ဆက်သွယ်လို့ မရခဲ့တာကြောင့် သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ RCSS ဥက္ကဋ္ဌ မတက်ရောက်ခဲ့တာနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ တဖက်နဲ့တစ်ဖက် ယုံကြည်မှုကို တိုးတက်အောင် မတည်ဆောက်နိုင် တဲ့အပြင် ပိုပြီးတော့ ယိုယွင်းလာတာတွေ တွေ့နေရတာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ ၂၁ ရာစုပင်လုံရဲ့ လက်နက် ကိုင်ပဋိက္ခတွေ ဦးဆုံးဘယ်လိုရပ်တန့်မလဲဆိုတဲ့ ငြိမ်းချမ်းရေးကို ဦးတည်ဆွေးနွေးတယ်ဆိုတဲ့ ပြောဆိုချက်လွဲနေတယ်လို့ ပြောပါတယ်။
"RCSS ဘက်ကလည်း ထုတ်ပြန်ထားတွေ့ရတယ်။ ဗမာစစ်တပ် ဘက်ကနေပြီးတော့ ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် သူတို့ မတက်ရောက်နိုင်တာဖြစ်တယ်။ သူတို့ အဆင်ပြေနေတဲ့ အဖွဲ့ အစည်းတွေနဲ့တောင်မှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုကို တိုးတက်အောင် မတည်ဆောက်နိုင်တဲ့အပြင် ပိုပြီးတော့ ယိုယွင်းလာတာတွေ တွေ့နေရတယ်။ ပြောမယ်ဆိုရင် ကာချုပ်ပြောတာနဲ့ဆို အများကြီးလွဲနေတာတွေ တွေ့ရတာပေါ့နော်"
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ရောက်တဲ့အထိ နောက်ထပ် ညီလာခံတွေကျင်းပဖို့ အဆင်မပြေဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မူလလမ်းကြောင်းပေါ်က တိမ်းစောင်းပြီးနေတယ်လို့ ပြောမလား၊ ရပ်တန့်နေတယ်ပြော မလား ဘယ်လိုပဲပြောပြော လောလောဆယ်မှာ ချောချောမွေ့မွေ့သွားနိုင်ဖို့ အများကြီး လုံးပမ်းအားထုတ်ရဦး မှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
" ၂၀၂၀ ရွေးကောက်ပွဲကာလ ရောက်တဲ့အထိကို နောက်ထပ်ညီလာခံတစ်ခု ကျင်းပဖို့တောင်မှ အထစ်ထစ် အငေါ့ငေါ့ဖြစ်နေတဲ့ အနေထားမျိုးလို့ပဲ ပြောရပါလိမ့်မယ်။ အဲဒီတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ မူလ လမ်းကြောင်းပေါ်ကနေ တိမ်းစောင်းနေတယ်လို့ ပြောရမလား၊ ရပ်တန့်နေတယ်လို့ပဲပြောမလား လောလောဆယ် မှာတော့ ချောချောမွေ့မွေ့သွားနိုင်ဖို့ အများကြီးလုံးပမ်းရဦးမှာ ဖြစ်ပါတယ်"
ကရင်အမျိုးသားအစည်းအရုံး KNU၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC ၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF စတဲ့ လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီမှာတော့ မွန်ပြည်သစ်ပါတီ NMSP နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးလာကြတာ ဖြစ်ပါတယ်။