အွန်လိုင်းကတစ်ဆင့် ငွေလိမ်တဲ့လုပ်ငန်းတွေ အရေးယူပေးဖို့ မလေးရှားလူ့အခွင့်အရေးအဖွဲ့အချို့တောင်းဆို
2022.10.19
မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်နဲ့ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေမှာ တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ထားတဲ့ အထူးစီးပွားရေးဇုန်တွေမှာ ချမ်းသာကြွယ်ဝတဲ့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေဟာ ကာစီနိုလောင်းကစားရုံတွေ တည်ဆောက်ပြီး တရားမဝင်တဲ့ လုပ်ငန်းမျိုးစုံကို လုပ်ကိုင်စီးပွားရှာနေကြတယ်လို့ အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် South China Morning Post သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံအနှံ့ စစ်ရေးပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိတော့တာကို အခွင့်ကောင်းယူပြီး အိမ်နီးချင်းနိုင်ငံတွေက ဒုစရိုက်လုပ်ငန်းတွေဟာ မြန်မာနိုင်ငံနယ်စပ်ဒေသတွေဆီကို ပြောင်းရွှေ့လာနေကြတဲ့အကြောင်းလည်း ဆောင်းပါးမှာ ပါရှိပါတယ်။
အထူးသဖြင့်မြန်မာနိုင်ငံက ကာစီနိုလောင်းကစားရုံအချို့မှာ ဖြားယောင်းခေါ်ဆောင်လာပြီး အင်တာနက်ကငွေလိမ်တဲ့လုပ်ငန်းတွေကို အတင်းအကြပ်လုပ်ခိုင်းခံနေရတဲ့ မလေးရှားနိုင်ငံသားတွေ ရှိနေတဲ့အကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီအပေါ် သြဇာရှိတဲ့ တရုတ်နိုင်ငံအနေနဲ့ ဒီလိုလုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နှင်းပေးဖို့ မြန်မာနိုင်ငံကို ဖိအားပေးဆောင်ရွက်သင့်တယ်လို့ ကွာလာလမ်ပူ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အချို့က တိုက်တွန်းနေကြပါတယ်။
ဒီလို အင်တာနက်ကနေ ငွေလိမ်ယူတဲ့လုပ်ငန်းတွေဟာ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်က တရုတ်လုပ်ငန်းရှင်တွေ တည်ဆောက်ထားတဲ့ အထူးစီးပွားရေးဇုန်တွေမှာ အခြေစိုက်ပြီး၊ အချိန်ပြည့်အင်တာနက် သုံးသူတွေ အမြောက်အမြားနဲ့ လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။
ဟောင်ကောင်တစ်ခုတည်းမှာတင် ဒီလိုအင်တာနက်ကနေ လိမ်လည်ခံလိုက်ရတဲ့ ငွေပမာဏ အမေရိကန် ဒေါ်လာ သန်းဆယ်ဂဏန်း ထိရှိတယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ထားပါတယ်။
ဒီလို အင်တာနက်ပေါ်က ငွေလိမ်တဲ့လုပ်ငန်းအများစုဟာ အင်တာနက်ပေါ်က အချစ်ဇာတ်လမ်းဖန်တီးပြီး ငွေလိမ်ယူကြသလို စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖြားယောင်းပြီး လိမ်လည်တာတွေ၊ အချို့ကလည်း ရဲအရာရှိဟန်ဆောင်ပြီး ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်ပြီး လိမ်လည်နေကြတယ်လို့ ဟောင်ကောင် ရဲတပ်ဖွဲ့က ပြောပါတယ်။
South China Morning Post သတင်းစာက စုံစမ်းရေးသားထားတဲ့ ဖြစ်ရပ်တစ်ခုမှာ Goi Zhen Feng လို့ခေါ်တဲ့ အသက် ၂၃ နှစ်အရွယ် မလေးရှားနိုင်ငံသားလူငယ်တစ်ဦးဟာ အွန်လိုင်းကတွေ့တဲ့ ချစ်သူမိန်းကလေးနဲ့ အပြင်မှာတွေ့ဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို လိုက်သွားပြီးတဲ့နောက် ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ အထူးစီးပွားရေးဇုန်တစ်ခုထဲက ကာစီနိုလောင်းကစားရုံတစ်ခုဆီကို အတင်းအကြပ်ခေါ်သွားတာခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီမလေးရှားလူငယ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနဲ့တည်ဆောက်ထားတဲ့ KK Park လို့ ခေါ်တဲ့ ကာစီနိုလောင်းကစားရုံထဲမှာ အတင်းအကြပ်အဖမ်းခံထားရပြီး အွန်လိုင်းကနေ ငွေလိမ်တဲ့ အလုပ်တွေ လုပ်ပေးခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့လကတော့ အဲဒီလူငယ်ဟာ ဆေးရုံရောက်လာပြီး မလေးရှားနိုင်ငံက မိဘတွေကို သူ့ကိုလာခေါ်ဖို့ ဖုန်းနဲ့ဆက်သွယ်ခဲ့တဲ့အကြောင်း၊ မိဘတွေ ရောက်သွားချိန်မှာတော့ အဲဒီလူငယ်ဟာ အဖမ်းခံထားရစဉ်အတွင်းမှာ နှိပ်စက်ညှဉ်းပန်းခံရလို့ ရလာတယ်လို့ ယူဆရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
လာအိုနိုင်ငံမှာဆိုရင်လည်း Zhao Wei ကျန်ဝေ လို့ခေါ်တဲ့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တစ်ဦးဟာ ဥရောပစတိုင်ခမ်းနားကြီးကျယ်တဲ့ အဆောက်အဦးတွေနဲ့ ကာစီနိုလောင်းကစားရုံတွေရှိတဲ့ ရွှေတြိဂံလို့ခေါ်တဲ့ အထူးစီးပွားရေးဇုန်ကို လုပ်ကိုင်နေပါတယ်။
အဲဒီမစ္စတာ ကျန်ဝေ ဆိုသူဟာ လူကုန်ကူးမှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးကျူးလွန်ထားတဲ့အတွက် အမေရိကန်အစိုးရဘဏ္ဍာရေးဌာနရဲ့ ပိတ်ဆို့အရေးယူတဲ့စာရင်းထဲမှာ ထည့်သွင်းခံထားရသူဖြစ်ပါတယ်။
သူပိုင်တဲ့ အဲဒီအထူးစီးပွားရေးဇုန်ဟာ ဒေသတွင်းက မက်သာဖက်တမင်း စိတ်ကြွရူးသွပ်ဆေး ကူးသန်းရောင်းဝယ်မှုတွေ ဖြတ်သန်းတဲ့ နေရာဖြစ်တယ်လို့ ဒေသတွင်းနိုင်ငံတွေက တာဝန်ရှိသူတွေက ယုံကြည်ကြပါတယ်။
အဲဒီအထူးစီးပွားရေးဇုန်ထဲမှာ ကာစီနိုလောင်းကစားရုံတွေနဲ့အတူ ကုန်လှောင်ရုံတွေ တည်ဆောက်ထားပြီး ဒီကုန်လှောင်ရုံတွေကို လူအမြောက်အမြားနေထိုင်လို့ရတဲ့ အဆောင်တွေအဖြစ် အသွင်းပြောင်းထားတဲ့အကြောင်းနဲ့ အဲဒီအဆောင်တွေဟာ နိုင်ငံပေါင်းစုံကနေရောက်လာပြီး၊ အင်တာနက်ကနေ ငွေလိမ်ပေးရတဲ့ အလုပ်လုပ်ပေးသူတွေ ထားတဲ့နေရာဖြစ်တယ်လို့ အဲဒီမှာ အလုပ်လုပ်ခဲ့ဖူးသူ နှစ်ဦးက ပြောပါတယ်။
‘စိုင်း’ လို့ နာမည်ဝှက်ပေးထားတဲ့သူရဲ့ ပြောပြချက်အရ အဲဒီကာစီနိုအလုပ်ရုံအတွင်းမှာ နိုင်ငံပေါင်းစုံက ခေါ်လာသူတွေကို သက်ဆိုင်ရာ နိုင်ငံအလိုက်အစုလိုက်ထားပြီး၊ အင်တာနက်ပေါ်က ငွေလိမ်တဲ့အလုပ်ကို တစ်ရက်ကို နာရီပေါင်းများစွာ လုပ်ပေးရတဲ့အကြောင်းပြောပါတယ်။ စိုင်းက သူ့အနေနဲ့တစ်လကို အမေရိကန် ဒေါ်လာ ၄၀၀ လောက်နဲ့ လိမ်လို့ ရသလောက် အပိုဆုကြေးလည်း ထပ်ရလို့ လုပ်မိတာလို့ ပြောပါတယ်။
သူ့ကိုယ်သူ ‘ဆမ်ဖုန်’ လို့ ခေါ်တဲ့ နောက်တစ်ဦးကလည်း သူတို့ဟာ အွန်လိုင်းဂိမ်းကစားတဲ့ ဝက်ဘ်ဆိုဒ်တွေနဲ့ Wechat စကားပြောခန်းကနေ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ တရုတ်ပြည်မက အမျိုးသားတွေကို အရှေ့တောင်အာရှနိုင်ငံတွေက မိန်းကလေးတွေ ဟန်ဆောင်ပြီး စကားပြောကြရတဲ့အကြောင်း၊ အခြေအနေကောင်းတဲ့သူတွေနဲ့ ချိတ်ဆက်မိရင် သူတို့ကို အုပ်ချုပ်သူတွေကအကောင့်ကို လက်လွှဲယူပြီး တရုတ်လို ဆက်ပြောသွားတဲ့အကြောင်း၊ အဲဒီနောက် အွန်လိုင်းကနေ ငွေလွှဲပေးဖို့ ပြောရတဲ့အကြောင်း၊ သူ့ကိုတော့ အချီကြီး လိမ်နိုင်ရင် လစာတိုးပေးမယ်လို့ မက်လုံးပေးထားပေမယ့် တကယ်မပေးတဲ့အကြောင်း ပြောပါတယ်။

ဒီလိုအင်တာနက်ကနေ ငွေလိမ်တဲ့လုပ်ငန်းတွေကို လုပ်ခိုင်းတဲ့ သူဌေးတွေဟာ တရုတ်လူမျိုးတွေ ဖြစ်ပြီး အလိမ်ခံနေရသူတွေကလည်း တရုတ်လူမျိုးတွေ ဖြစ်တဲ့အကြောင်း၊ မကောင်းမှန်းသိပေမယ့် အခြားကောင်းတဲ့ အလုပ်မရှိတဲ့အတွက် ဆက်လုပ်နေရတယ်လို့ သူက ပြောပါတယ်။
အဲဒီလို အွန်လိုင်းကနေ ငွေလိမ်လည်တဲ့လုပ်ငန်းတွေဟာ ရွှေတြိဂံအထူးစီးပွားရေးဇုန်ကနေ မဲခေါင်မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် ၊ မုန်းလား နဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေထဲက မြို့ရွာတွေမှာလည်း အခြေစိုက်ထားကြပြီး ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က မြို့ရွာတွေမှာ လစာကောင်းကောင်းနဲ့အလုပ်ရမယ် ဆိုတဲ့ အလုပ်ခေါ်စာတွေနဲ့ အလုပ်လုပ်ချင်သူတွေကို မျှားခေါ်တတ်ကြတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံသားတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ လစာကောင်းတဲ့ အလုပ်အကိုင်တွေရမယ်ဆိုတဲ့ မက်လုံးတွေကို မယုံကြည်ကြဖို့ ရန်ကုန်မြို့၊ ထိုင်းသံရုံးက ပြီးခဲ့တဲ့ အပတ်ကတင် ထုတ်ပြန်ထားပါတယ်။
အဲဒီလုပ်ငန်းတွေဟာ အလုပ်လာလုပ်တဲ့သူတွေရဲ့ပတ်စပို့တွေကို သိမ်းယူထားပြီး ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးနဲ့ အလိမ်အညာ လုပ်ငန်းတွေအတင်းလုပ်ခိုင်းတာမျိုး ကြုံရနိုင်ကြောင်း၊ မလုပ်နိုင်တဲ့အခါ အခြားဂိုဏ်းအဖွဲ့တစ်ခုကို ထပ်ရောင်းစားလိမ့်မယ်လို့ သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခုဆိုရင် ကမ္ဘောဒီးယားအစိုးရဟာ တရုတ်အစိုးရရဲ့သံတမန်ရေးဖိအားကြောင့် ကမ္ဘောဒီးယားမှာအခြေစိုက်ပြီး အွန်လိုင်းကနေ ငွေလိမ်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးအရေးယူလာနေပါတယ်။
ဒါပေမဲ့ လုပ်ငန်းကရတဲ့ ငွေကြေးအကျိုးအမြတ်က အလွန်ကြီးမားတဲ့အတွက် ဒီလိုငွေလိမ်တဲ့ဂိုဏ်းဂဏတွေဟာ ပပျောက်မသွားဘဲတရားဥပဒေစိုးမိုးမှုကင်းမဲ့နေတဲ့ မြန်မာနိုင်ငံဘက်ကို ရွှေ့ပြောင်းပြီးလုပ်ကိုင်နေကြတယ်လို့ South China Morning Post ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးလုပ်ထားတဲ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အဓိက မဟာမိတ်အဖြစ်ဆက်ရှိနေတဲ့အတွက် တရုတ်အစိုးရအနေနဲ့ ဒီလိုအင်တာနက်ကနေ ငွေလိမ်တဲ့လုပ်ငန်းတွေကို နှိမ်နှင်းဖို့ ဖိအားပေးသင့်တယ်လို့ မလေးရှား နိုင်ငံတကာလူသားချင်းစာနာမှုကူညီရေးအဖွဲ့က ကွာလာလမ်ပူမြို့က တရုတ်သံရုံးကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားပါတယ်။