နိုဝင်ဘာအတွင်း စစ်ကိုင်းအထက်ပိုင်းမှာ ၂၅ ဦးသေဆုံး၊ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံခဲ့ရ
2022.12.13

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ထီးချိုင့်၊ ကန့်ဘလူ၊ အင်းတော်၊ ကသာ စတဲ့မြို့နယ်တွေမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဒေသခံ ၂၅ ဦးသေဆုံးခဲ့ပြီး နေအိမ်တစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
သေဆုံးသွားတဲ့အထဲမှာ ကန့်ဘလူက ၂၂ ဦး၊ ထီးချိုင့်က နှစ်ဦး ကောလင်းက တစ်ဦးနဲ့ ကသာမြို့နယ်က တစ်ဦး ပါဝင်ပြီး ကန့်ဘလူက နေအိမ် ၉၀၀ ကျော်၊ ထီးချိုင့်က နေအိမ် ၃၀၀ ဝန်းကျင်နဲ့ ကောလင်းက နေအိမ် ၃၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
အခုစာရင်းတွေဟာ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေ၊ ဒေသခံတွေနဲ့ ပြည်တွင်း သတင်းဌာနတွေရဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး RFA က လက်လှမ်းမီသလောက် ပြုစုထားတာပါ။
"ဘေးနားပတ်ဝန်းကျင် ရွာတွေက တတ်နိုင်သလောက် ဝေငှပေးနေလို့ စားသောက်သုံးစွဲနေရတာပဲဗျ”
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့က ထီးချိုင့်မြို့နယ် လယ်သာရွာကို လေကြောင်းကနေ ပစ်တဲ့အပြင် စစ်ကြောင်းရွာထဲဝင်လာပြီး နေအိမ်တွေကိုပါ မီးရှို့သွားတယ်လို့ လယ်သာ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“မလောင်မချင်း လိုက်ရှို့နေတာဆိုတော့ ပါသွားတာပေါ့။ ကျန်တာ ၇၀ လောက်ပဲ ကျန်တော့တာ။ အိမ်အကောင်းတွေချည်းပဲ ရှို့သွားတာ၊ အုတ်တိုက်ကြီးတွေ မနှစ်တစ်နှစ်ကမှ ဆောက်ထားတဲ့ဟာတွေ။ မနှစ်ကမှ ပြီးထားတဲ့ တိုက်တွေကြီးပဲ။ တစ်ရွာလုံး ကွင်းထဲ၊ တောစပ်ထဲတွေထဲပဲ ပုန်းနေရတာ”
နိုဝင်ဘာလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာလည်း အလယ်တောအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ သေချာ မသိရဘူးလို့ ဆိုပါတယ်။
KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ နိုဝင်ဘာလအတွင်း ထီးချိုင့်မြို့နယ် ထဲမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပေမယ့် ကန့်ဘလူဘက်မှာတော့ တိုက်ပွဲမဖြစ်ဘဲ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ်တာနဲ့ မီးရှို့တာတွေလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမရှိဘဲ နေအိမ်တွေကိုမီးရှို့တဲ့အပြင် ဒေသခံတွေကိုပါ ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ကန့်ဘလူမြို့နယ် လျှော်ဖြူကုန်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့ တိုက်ပွဲတွေဘာတွေတော့ ဖြစ်တဲ့အနေအထားကတော့ ဒီနိုဝင်ဘာလထဲမှာ မရှိဘူး။ တိုက်ပွဲဆိုတဲ့ အနေအထားမျိုးတော့ မရှိဘဲနဲ့ အကြောင်းမဲ့ နေအိမ်မီးရှို့တာတို့ ပြီးတော့မှ မိုင်းထောင်ထားခဲ့တာတို့ နောက်ပြီးတော့ မတရားဖမ်းဆီးတာတို့ သတ်ဖြတ်တာတို့ အဲအနေအထားမျိုးတော့ရှိတယ်”
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်က ဇီးကနားရွာခံ အမျိုးသားတစ်ဦးနဲ့ လျှော်ဖြူကုန်းရွာက အမျိုးသား ၁၃ ဦးကို PDF တွေလို့စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပြီးနောက် သုံးရက်အကြာမှာ သတ်ပစ်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
ကန့်ဘလူမြို့နယ်၊ ကျီစုရွာကို နိုဝင်ဘာလ ၂၂ နေ့က စစ်ကြောင်းဝင်လာပြီး ရွာမှာကျန်ခဲ့တဲ့ စိတ်မနှံ့သူ နှစ်ဦးကို စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ပြီး မီးရှို့ခဲ့တယ်လို့ အမည်မဖော် လိုတဲ့ ကျီစုရွာခံတစ်ဦးက ပြောပါတယ်။
“ကိုကျော်မင်းဦးက စိတ်မကောင်းတဲ့သူ အရူးဗျ။ ကိုကျော်မင်းဦးကိုက မီးလောင်တဲ့ အထဲကို ပစ်သတ်ထားခဲ့တာ။ အရိုးကတော့ ရှိတာပေါ့။ အမျိုးသမီးတစ်ယောက်က ကြိုးနဲ့တုပ်ပြီး သတ်ထားတယ်။ ကြေးနန်းကြိုးနဲ့တုပ်ပြီး မီးထဲထားခဲ့တာ။ အရိုးပဲတွေ့တယ်။ အမျိုးသမီးကလည်း စိတ်မပြည့်ဘူး”
အဲဒီနေ့မှာပဲ ကျောက်တိုင်ရွာကိုပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် ပြီးနောက် ရွာမှာကျန်ခဲ့တဲ့ အသက် (၇၅) နှစ်အရွယ် အဘွားအို ဒေါ်ပြားနဲ့ ဒေါ်ထူးတို့ကိုပါ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကန့်ဘလူမြို့နယ် NLD တိုင်းလွှတ်တော်အမတ် ဦးနေဇင်လတ်ကတော့ နိုဝင်ဘာလအတွင်း ကန့်ဘလူ တစ်မြို့နယ်တည်းမှာပဲ သတ်ဖြတ်ခံရသူ ၂၀ ကျော်ရှိခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“အပြစ်မဲ့ပြည်သူ သေဆုံးတာတွေက များနေပြီ။ ၂၀ ကျော်နေပြီ ကန့်ဘလူမြို့နယ် ကလေ။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းပါပဲ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကိုးတောင်ဘို့ စစ်ကြောင်းကနေပြီးတော့မှ လျှော်ဖြူကုန်း ဇီးကနားဘက်ကို ဝင်တယ်။ ဝင်ပြီးတော့မှ အဲဒီဘက်ကနေပြီးတော့ အပြစ်မဲ့ပြည်သူ ၁၈ ယောက်ကိုဖမ်းပြီး လေးယောက်ကို ပြန်လွှတ်ပြီး ၁၄ ယောက်ကို သတ်ဖြတ်လိုက်တယ်။ လက်နက်ကြီးထိပြီးတော့မှ သေတာတွေလည်း ရှိပါတယ်ဗျ”
ပွင့်လင်းရာသီ ရောက်လာချိန်မှာ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်တာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
AAPP ရဲ့ ဒီဇင်ဘာလ ၈ ရက်အထိစာရင်းအရ စစ်ကိုင်းတိုင်းတစ်ခုလုံးမှာ နိုဝင်ဘာလ အတွင်း ဒေသခံ ၅၄ ဦး သတ်ဖြတ်ခံရပြီး စစ်တပ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန် အထိ ဒေသခံ ၈၇၉ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။
ကန့်ဘလူ၊ ကျောက်တိုင်ရွာခံတစ်ဦးကလည်း ရွာမီးရှို့ခံရတာကြောင့် နေစရာရော ချက်စားစရာ မရှိတော့သလို လက်ရှိလည်း တောတောင်ထဲ ထွက်ပြေးနေဆဲဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“သူတို့ကတော့ ဒီ ၂၂ ရက်နေ့မှာ လက်နက်ကြီးငယ် ပစ်ခတ်ဝင်ပြီးတော့ ရှစ်နာရီခွဲ လောက်ကစပြီး ကျောက်တိုင်ရွာကို မီးတင်ပါတယ်။ မီးတင်ပြီးတော့ နေ့နှစ်နာရီ လောက်စပြီး ကျီစုရွာကိုကူးပြီ ကျီစုရွာကတော့ ဒုတိယအကြိမ် ပြာချခံရတဲ့ရွာ ဖြစ်သွားတယ်။ သူတို့က အိုးအိမ်တွေမီးပါပြာကျ ချက်စားစရာ ဒန်အိုးဒန်ခွက်ပါ မကျန်တဲ့အခါကျတော့ တောလမ်းတွေမှာကို ခိုလှုံနေကြရတာပဲ။ ဘေးနားပတ်ဝန်းကျင် ရွာတွေက တတ်နိုင်သလောက် ဝေငှပေးနေလို့ စားသောက်သုံးစွဲနေရတာပဲဗျ”
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်မှုရဖို့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကောင်စီတပ်သားတွေက ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ဘယ်တော့မှမလုပ်ဘူးလို့ RFA က အခုနှစ် ဇွန်လအတွင်း မေးမြန်းချိန် ငြင်းဆိုထားပါတယ်။
စစ်ကောင်စီတပ်သားတွေ ဒေသခံကို သတ်ဖြတ်နေတာဟာ KIO ကို အဆက်အသွယ် မလုပ်ဖို့နဲ့ အထောက်အပံ့မပေးဖို့ ခြိမ်းခြောက်တဲ့သဘောဖြစ်တယ်လို့ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ကျနော်ထင်တာကတော့ သူတို့လည်း ပြည်သူလူထုကို ခြိမ်းခြောက်တဲ့သဘောပေါ့၊ ကျနော်တို့ KIO နဲ့ အဆက်အသွယ်မရှိဖို့၊ ထောက်ပံ့မပေးဖို့ ခြိမ်းခြောက်တဲ့အနေနဲ့ သူတို့တွေကိုလည်း ရန်သူသတ်မှတ်ပြီးမှ မီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ၊ ဗုံးကြဲတာတွေလုပ်တာလို့ ကျနော် အဲလို သုံးသပ်ပါတယ်”
စစ်ကောင်စီဟာ သူတို့ရဲ့ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လိုချင်လို့ အခုလို ထိုးစစ်ဆင်နေတာလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၁၂ ရက်အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှု၊ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် အရပ်သား ၂,၅၇၂ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။