ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးကြောင့် လေးဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
2023.08.18

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲက မြို့နယ်သုံးခုမှာ ဩဂုတ်လ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ လေးရက်တည်းမှာတင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းသား နှစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။
ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်ကို ဩဂုတ် ၁၃ ရက်၊ ၁၄ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးခဲ့တာလို့ KNU ဗဟိုက ဩဂုတ် ၁၇ ရက်မှာ သတင်းထုတ်ပြန်တာပါ။
“ဒါပစ်မယ်ဆိုတာကြီးကိုပဲ တွေးပြီးတော့ ရွာမှာလည်း မနေရဲလို့ ရှောင်နေရတာတွေ များလာပြီ"
ဩဂုတ်လ ၁၃ ရက်ညပိုင်းက ကျောက်ကြီးမြို့နယ်၊ ပဲသောက်ရွာထဲကို ပိန်းဇလုပ် အခြေစိုက် ခလရ (၂၆၄) က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ တာကြောင့် အသက် ၁၃ နှစ်အရွယ် စောအယ်ကလူထူးနဲ့ ၁၆ နှစ်အရွယ် စောဘိုလိုသီးတို့ သေဆုံးပြီး ၁၁ နှစ်အရွယ် စောခွာစိနဲ့ ၁၅ နှစ်အရွယ် နော်ဗြဲဗြဲတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ကျောက်ကြီး ဒေသခံတစ်ဦးကတော့ ပဲသောင်ရွာမှာရှိတဲ့ KNU ရဲ့စာသင်ကျောင်းထဲ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးခဲ့ရတာလို့ RFA ကို ပြောပါတယ်။
“KNU ရဲ့ ကျောင်းထဲကို လက်နက်ကြီးကျပြီးတော့ အဲဒီမှာ သေဆုံးသွားတာ ကျောင်းသားပဲ။ ၁၃ နှစ်အရွယ် ကျောင်းသား တစ်ဦးနဲ့ ၁၆ နှစ်အရွယ် ကျောင်းသား တစ်ဦးတဲ့။ ကျောက်ကြီးမြို့နယ်က KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့အတွက် KNU ကျောင်းတွေကြီးပဲလေ။ ပဲသောင်က ချောင်းဒီဘက်ကမ်း၊ သမင်အင်းကုန်းက ချောင်းရဲ့ဟိုဘက်ကမ်းမှာ ဟိုဘက် (ကျောက်တံခါး) ဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တော့ ကျသွားတာ”
ရွှေကျင်မြို့နယ်ထဲက ရွာတွေကိုလည်း ဩဂုတ်လ ၁၄ ရက် မနက်ကစပြီး လက်နက်ကြီး တွေနဲ့ ပစ်ခဲ့တာကြောင့် အင်းကပ်ပလိပ်ရွာထဲက စာသင်ကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲပြီး ကျောင်းဆရာမ တစ်ဦးနဲ့ ကျောင်းသား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဩဂုတ် ၁၆ ရက်မနက်ကလည်း မုန်းမြို့နယ်က ဇလုပ်ကြီးရွာထဲကို လက်နက်ကြီးကျည် သုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၀ အရွယ် ဒေသခံ ဦးမောင်ထွေးနဲ့ အသက် ၃၅ နှစ်အရွယ် ကိုသန့်ဇော်တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ နေ့ညအချိန်မရွေး လက်နက်ကြီးတွေနဲ့ ပစ်နေတာကြောင့် စိုးရိမ်မှုနဲ့ နေထိုင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေကျင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒါပစ်မယ်ဆိုတာကြီးကိုပဲ တွေးပြီးတော့ ရွာမှာလည်း မနေရဲလို့ ရှောင်နေရတာတွေ များလာပြီ။ များလာပြီးတော့ ဒီလက်နက်ကြီးဆိုတာကို ကာကွယ်ဖို့ဆိုတာကလည်း ကျင်းတူးဖို့ဘာဖို့နဲ့ တူးတော့တူးထားပေမယ့်လည်း အချိန်က မိုးတွင်းလည်း ဖြစ်တဲ့ အခါကျတော့ မြေကြီးက ရေများနေတယ်။ စစ်တောင်းမြစ်ရေကလည်း တက်လာတဲ့အခါ ကျတော့လေ ဒီလာပစ်မယ်ဆိုတာကြီးကိုပဲ စိုးရိမ်သောကတွေနဲ့ အဲလိုပဲ နေနေရတာ ပေါ့နော်။ နေ့နေ့ညည သူတို့က အချိန်မရွေးပဲ ထထပြီးပစ်တဲ့အခါကျတော့လေ”
စစ်ကောင်စီတပ်တွေဟာ ညောင်လေးပင်ခရိုင်ထဲက ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာအပြင် ကားတွေနဲ့ လှည့်လည်ရင်း ကားပေါ်က လက်နက်ကြီးနဲ့ ရွာထဲကို ပစ်တာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ် ပစ်ခတ်နေတာတွေဟာ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေဖြစ်တဲ့ ၁၀၅ မမ၊ ၁၂၂ မမ၊ မော်တာအမျိုးအစား ၈၁ မမနဲ့ ၆၀ မမ တွေလို့ ဖော်ပြထားပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရွှေကျင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှဝင်းကတော့ အဲဒီပစ်ခတ်မှုမှာ နေအိမ်တွေ မီးလောင်တယ်လို့ RFA ကို ပြောပါတယ်။
“ပြည်သူလူထုတွေက ရှောင်ပြေးနေရတာ၊ ဆိုးတာက ညောင်လေးပင်ဘက် ဂွမ်းဒလကြီးဘက်ကနေပြီးတော့ လက်နက်ကြီးတွေဆင်ပြီးမှ ရွှေကျင်မြို့မြောက်ခြမ်း တွေကို လှမ်းလှမ်းပြီးတော့ပစ်တာ ပြည်သူလူထုတွေထိတယ်။ အိမ်တွေ မီးလောင်တယ်။ အမျိုးသမီးတွေ ဆုံးပါးသွားရတယ်။ ဒါက စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီး ပေါ့နော်”
ညောင်လေးပင်ခရိုင်ရဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်က ခံစစ်ပြင်တဲ့အနေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတာလို့ ပြောပါတယ်။
“ကျွန်တော်တို့ ဒီစစ်တောင်းမြစ်ဝှမ်းတစ်လျှောက်မှာ ဒီနယ်နိမိတ်သည် ရန်သူ့ မြို့ကြီးတွေနဲ့ လမ်းပိုင်းတွေကို ကျွန်တော်တို့ဘက်က အဓိက ခြိမ်းခြောက်လာနိုင်တဲ့ အတွက်ကြောင့် သူတို့ဘက်က စိုးရိမ်တကြီး ခံစစ်ပြင်နေတယ်။ ပြီးတော့ လက်နက်ကြီး တွေ ရမ်းသန်းထုတယ်ပေါ့နော်။ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း ထုံးစံအတိုင်းပဲ ပြည်သူတွေ ကို ပစ်မှတ်ထားတယ်။ ပြီးတော့ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံဆေးခန်းတွေ ကို မကြာခဏ တိုက်ခိုက်တာမျိုးတွေ ပြုလုပ်လျှက်ရှိပါတယ်”
ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေအကြား တိုက်ပွဲအကြိမ်ရေ တစ်သောင်းကျော်ဖြစ်ခဲ့ပြီး ဒေသခံခြောက်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ်လ ၁၇ ရက်နေ့အထိ ရှစ်လကျော်အတွင်း စစ်ကောင်စီ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၁၇၂ ဦး သေဆုံး ခဲ့ပါတယ်။