စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီးသုံးစွဲမှု ပိုများလာ
2024.12.30

ပြည်တွင်းစစ်မှာ စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီးကို အလွန်အကျွံသုံးစွဲလာတာကြောင့် နေ့တိုင်း အရပ်သားတွေ ထိခိုက်၊ သေဆုံးနေရပါတယ်။
ဒါကတော့ ဒီဇင်ဘာလ ၂၇ ရက်ညနေမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပီကင်းရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ပြီးနောက် ကျန်ခဲ့တဲ့ လူ့တစ်ရပ်စာကျင်းကြီးလို့ ပီကင်းရွာသား ကိုပန်ဒါက ရှင်းပြနေတာပါ။
“ဒါက ပေါင် ၅၀၀ ဗုံးကျတဲ့နေရာပါ။ သူ့ရဲ့အရှေ့ဘက်မှာလည်း နေအိမ်ရှိသလို၊ ဒီ နောက်ဘက်မှာရော၊ မြောက်ဘက်မှာရော တောက်လျှောက် အိမ်တွေပျက်စီးကုန်တယ်”
ဒီတိုက်ခိုက်မှုအတွင်း ဒေသခံ အမျိုးသမီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ကိုပန်ဒါက ဆိုပါတယ်။
“လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူသာမရှိရင် စစ်တပ်က လုံး၀ ၉၀ ရာခိုင်နှုန်း ကျရှုံးသွားမှာ"
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ကျောက်လှေခါးရွာလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့ညပိုင်းမှာ လေကြောင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ကယ်ဆယ်ရေးလုပ်ပေးခဲ့တဲ့ ကနီ-ယင်းမာပင် ပြည်သူ့ရင်ခွင်အဖွဲ့ တာဝန်ခံ ဦးမြတ်ကိုက RFA ကို ပြောပါတယ်။
“လေယာဉ်တွေကလည်း ခဏခဏဖြတ်ဖြတ်သွားတာဆိုတော့ ဒီနေရာပဲ ထပ်တိုက်မယ်ထင်ပြီးတော့ ရုတ်တရက် မဝင်နိုင်တာတွေ၊ မဝင်ရဲတာတွေလည်း ရှိတယ်။ အဲလိုဖြစ်တဲ့အတွက် မနက်လင်းတဲ့အခါမှ အားလုံး ပြည့်ပြည့်စုံစုံ ရှင်းလင်းရေး ဝင်ရတာ။ ရှင်းလင်းရေးဝင်တော့ ဆေးရုံရောက်မှ သေဆုံးတဲ့သူတွေရှိတယ်။ ချက်ချင်းကတော့ နှစ်ယောက် သေဆုံးခဲ့တယ်။ မနက်လင်းတဲ့အခါကျတော့ ချက်ချင်းသေဆုံးသူရော၊ ဆေးရုံရောက်တဲ့အချိန် သေဆုံးသူရော သေဆုံးသူ ငါးယောက်ရှိတယ်။ ထိခိုက်ပြင်းထန်ဒဏ်ရာရတာက ဆယ်ယောက်ရှိတယ် ”
ဒေသခံတွေကတော့ တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ်တွေ ဗုံးကြဲခံခဲ့ရတာလို့ ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ စစ်ကောင်စီတပ်ဟာ ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။
ဆက်နွှယ်သော သတင်းများ
လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးလအတွင်း အရပ်သား ၁၆၀ ကျော် သေဆုံး
နိုဝင်ဘာလအတွင်း အရပ်သား သုံးရာနီးပါး သေဆုံးခဲ့ကြောင်း ဥာဏ်လင်းသစ်အဖွဲ့ထုတ်ပြန်
မြင်းခြံခရိုင်မှာ လေကြောင်းရန်ကြောင့် ဗုံးခိုကျင်းတွေ တူးနေ
ဒီတိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ်အတွင်း အရပ်သား သေဆုံးမှု ၁၇၆၉ ဦးရှိပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး၊ နှစ်ခုပေါင်း ၅၅၀၀ နီပါး (၅၄၈၉ ဦး) ရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သုံးနှစ်ကထက် ပိုပြီးများပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ သုံးနှစ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံး ၁၂၈၀ ဦးနဲ့ ဒဏ်ရာရသူ ၂၃၇၄ ဦး၊ စုစုပေါင်း (၃၆၅၄ ဦး) ရှိခဲ့တာပါ။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှု ၈၀ ရာခိုင်နှုန်းက လေကြောင်းနဲ့ လက်နက်ကြီးကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့အတွက် မြေပြင်ကနေတက်ဖို့ဆိုတာ ဘယ်နေရာမှ မလွယ်တော့ဘူး။ အဲဒါကြောင့် အခုလိုမျိုး လေကြောင်းတွေ၊ လက်နက်ကြီးတွေကို အခြေခံပြီးတော့ အဓိကထားပြီးတော့မှ အသုံးပြုတာဖြစ်တယ်။ ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင် သူတို့က အဲဒီလက်နက်ကြီးတွေကို အားပြုတယ်လို့ ကျွန်တော် မြင်ပါတယ်”
ဒီတိုက်ခိုက်မှုတွေကြားကပဲ KIA ဟာ တရုတ်- မြန်မာနယ်စပ် အပါအဝင် ကချင်ပြည်နယ်ရဲ့ ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း မြို့ပေါင်း ၉၄ မြို့ကို စစ်ကောင်စီ စွန့်လွှတ်ခဲ့ရပါတယ်။
လေတပ် CDM တပ်ကြပ်ကြီးဇေယျက စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီး အားသာချက်သာမရှိရင် ဒီထက်ပိုပြီး နယ်မြေဆုံးရှုံးရနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူသာမရှိရင် စစ်တပ်က လုံး၀ ၉၀ ရာခိုင်နှုန်း ကျရှုံးသွားမှာ။ ဘာကြောင့် အဲလိုပြောလဲဆိုရင် စစ်တပ်က စစ်သားတွေနဲ့ ကျွန်တော်တို့ဒီဘက်က စစ်သားတွေနဲ့ ကွာတဲ့ကွာခြားချက်က စိတ်ဓာတ်ခံယူချက်ပေါ့။ စစ်တပ်က အများဆုံးက အခွင့်အရေးကိုမြင်လို့ ဟိုဗိုလ်ချုပ်မှူးကြီးကအစ အောက်ကတပ်သားတွေရော အကုန်လုံးက သူ့အဆင့်နဲ့သူ အခွင့်အရေးကိုမြင်လို့ စစ်တပ်ထဲဝင်ခဲ့တဲ့ သူတွေချည်းပဲ။ စိတ်ဓာတ်ခံယူချက် မကောင်းဘူး။ ရယူမှုတစ်ခုနဲ့ စစ်တပ်ထဲရောက်လာတဲ့သူတွေ၊ ဘာခံယူချက် ဘာမျိုးချစ်စိတ်ဓာတ်မှ မရှိဘူး။ အပေါ်ယံတွေပဲ။ တကယ့်တကယ် အခုလိုဖြစ်တဲ့အချိန်မှာ ဘယ်သူမှ အသေခံပြီး မတိုက်ချင်ကြဘူး”
စစ်ကောင်စီဟာ ထိန်းချုပ်နယ်မြေတွေ ထပ်ပြီးမဆုံးရှုံးဖို့ ၂၀၂၅ မှာလည်း လေကြောင်းနဲ့ လက်နက်ကြီးတွေကို ပိုပြီးသုံးစွဲလာနိုင်တယ်လို့ တပ်ကြပ်ကြီး ဇေယျက ဆိုပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အတိုက်အခံတွေဘက်က ထိုးစစ်တွေဆက်လုပ်လာရင် စစ်ကောင်စီတပ်က ပိုပြီးပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မယ်လို့ ပြောပါတယ်။
ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ တိုက်ခိုက်မှုတွေ တိုးမြှင့်ရင် အရပ်သား ထိခိုက်သေဆုံးမှုတွေ ပိုပြီးဆိုးရွားလာမယ်လို့ RFA ကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဒီတိုက်ခိုက်မှုတွေကို လျော့သွားအောင် နည်းမျိုးစုံနဲ့ ကြိုးစားနေပေမဲ့ အခုအထိ အရာမထင်သေးဘူးလို့ RFA ကို ပြောပါတယ်။
“လက်နက်တင်ပို့ရောင်းချမှုကို ခိုးကြောင်ခိုးဝှက်ဖြစ်စေ၊ တကယ့်ကို ပြောင်ပြောင်တင်းတင်းဖြစ်စေ လုပ်ဆောင်တဲ့ နိုင်ငံတွေရှိနေတယ်။ အဲဒါကြောင့်မို့ နိုင်ငံတွေကြားထဲမှာ မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီအရေး ထောက်ခံတဲ့ နိုင်ငံတွေရှိသလို၊ သူတို့ရဲ့ အကျိုးအမြတ်အတွက်၊ သူတို့ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် စစ်တပ်ကို ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတဲ့ နိုင်ငံတွေရှိနေတဲ့ အချက်တွေကြောင့်မို့ အခုလိုမျိုး အရေးယူမှုအပိုင်းမှာ အားနည်းနေတယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ဒါတွေက အရေးယူမှု အားနည်းလေလေ၊ ကျွန်တော်တို့ ပြည်သူလူထုအတွက် ပိုမိုထိခိုက်နစ်နာလေလေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်ကြမှာပါ”
လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျသွားဖို့ စစ်ကောင်စီတပ်ဆီကို လေယာဉ်၊ လောင်စာဆီနဲ့ စစ်လက်နက် ထုတ်လုပ်မှုအတွက် ကုန်ကြမ်းတွေမရအောင် NUG ဘက်က ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနေတဲ့ ရုရှားနိုင်ငံထုတ် Mi - 17 ရဟတ်ယာဉ်ခြောက်စင်း၊ တရုတ် နိုင်ငံထုတ် FTC - 2000 G ဂျက်တိုက်လေယာဉ် ခြောက်စင်း၊ K – 8 W ဂျက်တိုက်လေယာဉ်နဲ့ Y - 8 ထောက်ပို့လေယာဉ် တစ်စင်းစီ ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်မှာ တပ်တော်ဝင်ခဲ့ပါတယ်။
Justice for Myanmar ရဲ့ ထုတ်ပြန်ချက်တွေအရ လေယာဉ်ဆီကိုလည်း တရုတ်နဲ့ ရုရှားအပြင် အာဆီယံနိုင်ငံ တချို့ဆီက ရရှိနေပါတယ်။ စစ်လက်နက်ထုတ်လုပ်ရေး ကုန်ကြမ်းတွေကိုတော့ တရုတ်၊ ရုရှား၊ အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၁၃ ခုကနေရနေတယ်လို့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) က ၂၀၂၃ ခုနှစ်မှာ ဇန်နဝါရီလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃၀၄၉ ဦး သေဆုံးပြီး ၆၀၉၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အရပ်သား ထိခိုက်သေဆုံးမှုတွေမှာ ကျူးလွန်တဲ့ စစ်တပ်အပြင် အကျိုးစီးပွားအတွက် စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ နိုင်ငံတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောပါတယ်။