ပဲခူးတိုင်းအနောက်ခြမ်းမှာ လူငယ်ရာနဲ့ချီ စစ်သားစုဆောင်းခံနေရ
2024.10.15

စစ်ကောင်စီဟာ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့နဲ့ စစ်မှုထမ်းအမှတ်စဥ် (၆) အတွက် လူငယ်တွေကို ဖမ်းခေါ်နေတာ ရာနဲ့ချီရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတလည်၊ သဲကုန်း၊ ရွှေတောင်နဲ့ ပေါင်းတည်မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ဖမ်းတာ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်း လူ သုံးရာခန့် ရှိနေပြီလို့ ပြောကြပါတယ်။
“နှစ်လအတွင်း အဖမ်းခံရတဲ့လူငယ် အယောက် ရှစ်ဆယ်ထက်မနည်းရှိပါတယ်”
သုံးဆယ်၊ သာယာဝတီ၊ လက်ပံတန်း၊ အုတ်ဖို၊ မင်းလှ၊ ကြို့ပင်ကောက်၊ ဇီးကုန်းစတဲ့ မြို့နယ်တွေမှာလည်း နှစ်လအတွင်း အဖမ်းခံရတဲ့လူငယ် အယောက် ရှစ်ဆယ်ထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ စက်တင်ဘာ ၂၈ ရက်နေ့က ဒေသန္တရ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး ပြည်သူ့စစ်ဖွဲ့ဖို့ ရပ်ကွက်/ကျေးရွာအုပ်စု တစ်အုပ်စုကို အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသား လေးဦးနှုန်း စုဆောင်းပေးရမယ်လို့ ညွှန်ကြားသလို ညွှန်ကြားထားတဲ့အတိုင်း မရရင် သင့်တော်တဲ့လူကို ဖမ်းခွင့်ပေးတယ်လို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူက RFA ကို ပြောပါတယ်။
“အဲဒီ ပြည်သူ့စစ် တာဝန်ထမ်းဆောင်မဲ့ လူ လေးဦးမရဘူးဆိုရင် သင့်တော်တဲ့လူကို ဖမ်းဆီးခွင့်ပါ တစ်ခါတည်း ပေးတယ်လို့ ပြောပါတယ်။ ထွေအုပ်ကနေပြီးတော့ အဲဒီနေ့က အဲဒီလို ဖမ်းဆီးလို့ရတယ်ပေါ့နော်။ သင့်တော်တဲ့သူကို ဖမ်းဆီးပေါ့။ လိုအပ်လို့ရှိရင် သူတို့ဆီကို လုံခြုံရေးအကူအညီ တောင်းခံလို့ ရတယ်ဆိုတဲ့ပုံစံမျိုးလည်း အမိန့်ပေး ညွှန်ကြားတယ်လို့ သိရပါတယ်”
စုဆောင်းခံရတဲ့ လေးဦးကို လစဥ် ထောက်ပံ့ကြေးပေးဖို့ ပြည်သူတွေဆီက ငွေတစ်သောင်းခွဲကနေ နှစ်သောင်းခွဲအထိ ကောက်တာလည်း ရှိတယ်လို့ ပြောပါတယ်။
တစ်ချိန်ထဲမှာ စစ်မှုထမ်းအမှတ်စဥ် (၆) အတွက် လူငယ်တွေကို ဖမ်းနေတယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့က ပြည်မြို့နယ် ဝက်ထီးကန်မြို့ ကျောသာရွာက လူငယ်နှစ်ဦးဟာ လယ်လုပ်ငန်းအတွက် စက်သုံးဆီ သွားဝယ်ရင်း မြို့အဝင် ဆီဆိုင်နားမှာ စစ်မှုထမ်းဖို့ အဖမ်းခံရသလို စက်တင်ဘာ ၃၀ ရက်နေ့ ညက ပြည်မြို့ ကုတင်ငါးရာဆံ့ ဆေးရုံကြီးမှာ လူနာစောင့် အမျိုးသားနှစ်ဦးကို ဆေးရုံဝင်းထဲက ဈေးဆိုင်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းသွားပါတယ်။
သူတို့ထဲက အသက်ကြီးတဲ့တစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး လူငယ်ကိုတော့ ခေါ်သွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
သုံးဆယ်မြို့မှာလည်း စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံးပြီး ဖမ်းနေတယ်လို့ သာယာဝတီခရိုင် ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလူအေးက ပြောပါတယ်။
“ကျွန်တော်တို့ သာယာဝတီမြို့နယ် သုံးဆယ်မြို့၊ မြို့ပေါ်ရပ်ကွက်ကလည်း လေးယောက်လောက် ပါသွားတယ်။ ပါသွားတဲ့သူတွေရဲ့ နာမည်တွေလည်း ကျွန်တော်တို့ သိထားတာတွေလည်း ရှိတယ်ပေါ့နော်။ သုံးဆယ်မြို့ပေါ်မှာ လုပ်သွားတဲ့ပုံစံကကျတော့ ကျွန်တော်တို့ အရေးပေါ်ကားပေါ့နော်။ အရေးပေါ်ကား ဆိုက်လာတယ်။ အရေးပေါ်ကား ဆိုက်လာတော့ လူတွေက ဝိုင်းကြည့်တယ်။ အဲဒီမှာ ဝင်ဆွဲသွားတယ်”
စက်တင်ဘာ ၂၈ နေ့ညက သုံးဆယ်မြို့ အရှေ့သပြေကုန်းရပ်ကွက်မှာ လူငယ် လေးဦးကို ဖမ်းသွားပြီး စက်တင်ဘာ ၃၀ ရက်နေ့က အနောက်လက်ပံခုန်ရွာက အသက် ၃၀ အရွယ် လူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတယ်လို့ ပြောပါတယ်။
“စစ်မှုထမ်းဥပဒေကြောင့် တချို့လူငယ်တွေ နိုင်ငံခြားကို ထွက်သွားနိုင်ပေမဲ့ ထွက်ဖို့အဆင်မပြေတဲ့လူငယ်တွေမှာ စိုးရိမ်စိတ်တွေနဲ့ နေရပါတယ်”
စက်တင်ဘာ ၂၆ ရက်နေ့ ညကလည်း ဧည့်စာရင်းစစ်ရင်း လူငယ်တစ်ဦးကို ဖမ်းသွားသလို သူ့အဖေကိုလည်း ရိုက်နှက်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ကောင်လေးရဲ့ အိမ်ခြေရင်းမှာပဲ ဆွဲသွားတယ်။ သူတို့ရွာထိပ်က NLD ရုံးအဟောင်း ရှိတယ်။ ဓမ္မသုခလမ်း ရွာထိပ်မှာ ခေါ်သွားပြီးတော့ မေးနေတဲ့အချိန်မှာ သူ့အဖေက ဘယ်ခေါ်သွားတာလဲ ဆိုပြီးမေးတဲ့အချိန်မှာ သူ့အဖေကို ထုလိုက်တာ ခေါင်းတွေ ဘာတွေ ကွဲကုန်တယ်”
စစ်မှုထမ်းဖို့ဖမ်းသွားတဲ့ လူငယ်တွေထဲက တချို့ကို ငွေ ၇၅ သိန်းကနေ သိန်းတစ်ရာအထိ တောင်းပြီး ပြန်လွှတ်ပေးတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဆက်နွှယ်သောသတင်းများ
ကမမောင်းမြို့မှာ စစ်ကောင်စီက တပ်သားသစ်စုဆောင်းနေ
တံတားဦးမှာ လူ ၁၄၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ
နိုင်ငံတစ်ဝန်း ပြည်သူ့လုံခြုံရေးစနစ်နဲ့ ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးပမ်းနေ
စက်တင်ဘာ ၂၈ ရက်နေ့ညက ပေါင်းတည်မြို့နယ် တောင်ဘို့လှအုပ်စု အုတ်တွင်းကုန်းရွာက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးရဲ့သား အသက် ၂၂ အရွယ် ကိုမင်းခန့်ကျော်ကို စစ်တပ်က ဖမ်းခေါ်သွားပါတယ်။
ဇီးကုန်းမြို့နယ် သစ်ဆင်ရွာက စစ်ပြေးမှုနဲ့ ထောင် ငါးနှစ်ကျပြီး လွတ်လာတဲ့ အသက် ၄၈ နှစ်အရွယ် ကိုမြင့်လွင်နဲ့ နောက်နှစ်ဦးကိုလည်း စက်တင်ဘာ ၂၃ ရက်နေ့မှာ ထောင်က ပြန်လွတ်လွတ်ချင်း စစ်မှုထမ်းဖို့ ဗူးဝမှာတင် ပြန်ဖမ်းသွားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ၂၈ ရက်နေ့က သူ့ဆီက ဖုန်းဝင်လာတယ်။ သူ့ကို လိုက်မရှာနဲ့တော့ပေါ့နော်။ ဘာမှလည်း စိတ်မပူနဲ့။ သူ ပဲခူး တပ်မ ၇၇ ကိုရောက်နေပြီလို့ ပြောတယ်။ သူတို့သုံးဦးကို ဖမ်းခေါ်သွားတယ် တပ်မ ၇၇ မှာ”
ပဲခူးတိုင်းထဲမှာ အခုလို စစ်မှုထမ်းဖို့ ဖမ်းနေတယ်ဆိုတာ မရှိဘူးလို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရပုဂ္ဂိုလ် တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့တာဝန်ယူတဲ့ တိုင်းဒေသကြီးအတွင်းမှာတော့ ဒီလိုမျိုးဖြစ်စဥ်တွေ မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် စောစောက ပြောသလိုပေါ့။ တရားမဝင် ပြည်ဖျက်မီဒီယာတွေက သတင်းတု သတင်းအမှားတွေနဲ့ ဒီအတွက်ကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းတယ်တို့ လူသစ်စုတယ်တို့ ပေါ်တာဆွဲတယ်တို့ ဝင်ရောက်ဖမ်းဆီးတယ်တို့ ဒါတွေက တယ်လီဂရမ်တို့ မီဒီယာတို့မှာ ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ဒါပေမဲ့ ဒါတွေဟာ သတင်းတု၊ သတင်းမှားတွေ၊ မမှန်မကန်လုပ်ကြံရေးသားပြီးတော့ နိုင်ငံတော် တည်ငြိမ်ရေး အစိုးရယန္တရား ပျက်ပြားစေဖို့ လှုံ့ဆော်ဝါဒဖြန့် မဟုတ်မမှန် တင်ပြတာတွေ ဖြစ်ပါတယ်”
နယ်မြေဒေသ တည်ငြိမ်ရေးအတွက် ပြည်သူ့စစ်အဖွဲ့တွေကို သင်တန်းပေးနေသလို စစ်မှုထမ်းအမှတ်စဥ်တွေကို ဆက်တိုက် ခေါ်ယူနေတာတော့ ရှိတယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အရင်ကထက် အခုအမှတ်စဥ် (၆) မှာ ပိုပြီး ဆိုးဆိုးရွားရွား လူသစ်စုဆောင်းနေတယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
“အမှတ်စဥ် (၆) မှာတော့ ပိုပြီးတော့ ဆိုးရွားတဲ့ အခြေအနေတွေ တွေ့ရတယ်။ ပဲခူးအနောက်ခြမ်းမှာဆိုလို့ ရှိရင် စုဆောင်းတဲ့အခြေအနေက စစ်ကောင်စီအနေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လက်တွေ့ကျင့်သုံးမှုအပိုင်း ပျက်ကွက်တာတွေကိုလည်း ကျွန်တော်တို့ တွေ့နေရတယ်”
စစ်မှုထမ်းဥပဒေကြောင့် တချို့လူငယ်တွေ နိုင်ငံခြားကို ထွက်သွားနိုင်ပေမဲ့ ထွက်ဖို့အဆင်မပြေတဲ့လူငယ်တွေမှာ စိုးရိမ်စိတ်တွေနဲ့ နေရတယ်လို့ ပြောပါတယ်။
စစ်မှုထမ်းအမှတ်စဥ်တစ်ခုကို လူ ငါးထောင်နှုန်းနဲ့ တစ်နှစ်ကို အင်အား ငါးသောင်းခေါ်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုနှစ် ဖေဖော်ဝါရီလထဲမှာ နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် ပြောထားပါတယ်။